မုန်တိုင်းကြောင့် သေကွဲကွဲခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်

2019 ခုနှစ် 10 လပိုင်း မှာ မုန်တိုင်းအမှတ် 19 လို့ခေါ်တဲ့ မုန်တိုင်းအကြီးစားတစ်ခုက ဂျပန်နိုင်ငံကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်ဆိုတာကို အားလုံးသိပြီးကြမှာပါ။ ဂျပန်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ အသားကျနေပြီဆိုပေမယ့် အင်အားပြင်းလွန်းတာကြောင့် လူသေဆုံးတဲ့အထိ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီမုန်တိုင်းကြောင့် ဖူခုရှိမခရိုင် အိဝခိမြို့မှာ ဆဲခိနဲ အိုဆမု ဆိုတဲ့ အသက် 86 နှစ်အရွယ် အဘိုးအိုတစ်ဦး အပါအဝင် လူ 7 ယောက်သေဆုံးခဲ့ပါတယ်။

အဘိုးအိုတို့ ဇနီးမောင်နှံဟာ နဆုအိဂဝ ဆိုတဲ့မြစ်ကနေ 300 m လောက်ဝေးတဲ့ ဒေသမှာ လုံးချင်းတစ်ထပ်အိမ်လေးနဲ့ နှစ်ဦးတည်းနေထိုင်ကြတာဖြစ်ပါတယ်။ 12 ရက်နေ့ည အိပ်ခန်းထဲမှာ မွေ့ရာလေးခင်းပြီး အိပ်နေတုန်း ညသန်းခေါင်အချိန်မှာ ဇနီးဖြစ်သူ ယုရိကို ဟာမွေ့ရာစိုစွတ်နေတာကို သတိထားမိလိုက်ပါတယ်။

 

ဒုက္ခပါပဲ ရေတွေဝင်လာပြီ။!

 

ဒါကြောင့် သူမဟာ အဖိုးတန်ပစ္စည်းတွေကို တတ်နိုင်သလောက် အခန်းရဲ့နေရာမြင့်မြင့်တွေဆီ ရွှေ့ပြောင်းနေချိန်မှာပဲ အခန်းထဲကိုရေတွေ တော်တော်ဝင်နေပါပြီ။

 

ငါ့ခန္ဓာကိုယ် အေးစက်နေပြီ မြန်မြန်လာခေါ်ပါတော့

 

သူမရဲ့ ခင်ပွန်းဖြစ်သူ ဆဲခိနဲ အိုဆမု ဟာလွန်ခဲ့တဲ့ 5 နှစ်မတိုင်မီလောက်ထဲက ရောဂါတစ်ခုကြောင့် ခါးမှာဒဏ်ဖြစ်ပြီး တစ်ခုခုကို ဆွဲယူအားပြုပြီးမှ အထိုင်အထလုပ်ရတဲ့ အခြေအနေပါ။

အလုပ်များနေတဲ့ အဘွားအိုဟာ ခင်ပွန်းဖြစ်သူရဲ့ အကူအညီတောင်းသံကြားလို့ နည်းနည်းမြင့်တဲ့ နေရာတစ်ခုကိုရှာပြီး ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်ပါတယ်။ အဘိုးအို ဆဲခိနဲ အိုဆမု လည်းမြန်မြန်အားယူပြီး ထလိုက်ပေမယ့် ရေစိမ်ထားသလိုဖြစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အားမရှိတော့ပါဘူး။

 

ကြိုးစားပြီး မြန်မြန်ထပါ!

 

လို့ အဘွားအိုက ပြောပေမယ့် တကယ်တမ်းတော့ သူကိုယ်တိုင်လည်း ရေထဲကနေ သူ့ခင်ပွန်းကို ဆွဲထူနိုင်တဲ့ အင်အားမရှိရှာပါဘူး။

ဘယ်လိုမှ မတတ်သာတဲ့အဆုံးမှာ…

 

နှစ်ပေါင်းများစွာ ငါ့ကိုချစ်ခင်ကြင်နာစွာစောင့်ရှောက်ပေးပြီးပြီမို့ သေပျော်ပါပြီ!

 

လို့ ပြောပြီး အဘိုးအိုဟာ ရေထဲကို ကိုယ်တိုင်ပဲ နှစ်ချလိုက်ပါတော့တယ်။

ရေတွေဟာ ဒီထက်ပိုမြင့်တက်လာပြီး အဘွားအိုရဲ့ လည်ပင်းကျော်ကျော်လောက်မှာ ရပ်တန့်သွားခဲ့ပါပြီ။ ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ ပြန်ကျသွားပြီး ကယ်ဆယ်ရေးတွေက သူမကို လာရောက်ကယ်တင်ခဲ့ပါတယ်။

https://images.thestar.com/ZfVRByeOjl88X6SaTVFW6d4EnnE

အဘိုးအိုဟာ အစိုးရရှေ့နေတစ်ဦးဖြစ်ပြီး ပိတ်ရက်တွေဆိုရင် ငါးမျှားထွက်တာ၊ တောင်ပေါ်မှာ ဟင်းရွက်သွားခူးတာတွေကို နှစ်သက်ပြီး အေးချမ်းစွာနဲ့ ဘဝကိုဖြတ်သန်းနေသူဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း 59 နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး သမီးလေးတစ်ယောက်လည်းရှိပါတယ်။ မုန်တိုင်းမတိုင်ခင်လေးတင် သမီးဖြစ်သူဆီ ဖုန်းဆက်ပြီး မုန်တိုင်းကြောင့် ရေတက်လာရင် ကားကိုရေမမြုပ်အောင် မြင့်တဲ့နေရာကို ရွှေ့ထားဖို့ သတိပေးခဲ့တဲ့၊ မိသားစုကို သတိတရစိုးရိမ်ပူပန်ပေးခဲ့တဲ့ ဖခင်ဖြစ်သူဟာ အခုတော့မုန်တိုင်းထဲမှာ အသက်ကိုစတေးလိုက်ရပါပြီ။

အဘွားအိုဟာ ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးအသံနဲ့ ဆုပ်ကိုင်ထားတဲ့ အထိအတွေ့ကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးလို့ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေပါတယ်။

အဲဒီအချိန်တုန်းက ဘေးအိမ်မှာနေတဲ့ ခိုမဆု ဆန်ဟာလည်း သူ့အိမ်ရဲ့ 2 ထပ်အထိတက်ပြီး ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရပါတယ်။ အကူအညီတောင်းနေရှာတဲ့ အဘိုးအိုရဲ့ အသံကို ကြားမယ်လို့ထင်ပေမယ့် အိမ်ထဲမှာ အရမ်းကို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့် လာပြီးမကူညီနိုင်ခဲ့ပါဘူး။ ဒီအတွက် သူကိုယ်တိုင်ကလည်း အဘိုးအိုရဲ့ အသံကို အခုချိန်ထိ နားထဲမှာကြားယောင်နေဆဲပါ လို့ စိတ်မကောင်းဖွယ်ရာ ပြောကြားခဲ့ပါတယ်။

ဒီလိုဝမ်းနည်းဖွယ်ရာ ကွဲကွာမှုမျိုး နောက်ထပ်မဖြစ်စေဖို့ ပြင်းထန်ဆိုးရွားလှတဲ့ မုန်တိုင်းတွေထပ်မလာပါစေနဲ့ လို့ဆုတောင်းပါတယ်။ ဂျပန်နိုင်ငံရဲ့ မုန်တိုင်းရာသီဟာ မကြာခင်မှာပြီးဆုံးတော့မှာဖြစ်ပေမယ့် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်လို့မပြီးသေးတဲ့ ဒေသတွေအများကြီးရှိတဲ့အတွက် တကယ့်ကို စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။

JAPO ပရိတ်သတ်ကြီးရေ လူသားချင်းစာနာတဲ့အနေနဲ့ရော မြန်မာနိုင်ငံအပေါ်ကူညီထောက်ပံ့မှုတွေ အများကြီးပေးနေတဲ့ မိတ်ဆွေ ဂျပန်နိုင်ငံကို ဘေးအန္တရာယ်တွေ ကင်းဝေးဖို့ ဆုတောင်းပေးလိုက်ရအောင်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: