ဂျပန်စီးပွားရေး နလန်ပြန်ထူဖို့ စနက်တံဖြစ်လာနိုင်မလား? ဆုံးရှုံးခဲ့တဲ့ လုပ်ငန်းကို ပြန်ခေါ်ဆောင်လာတဲ့ ပုဂ္ဂိုလ်များ

နှစ်ပေါင်း ၃၀ ကျော်တိုင် စီးပွားရေးကပ်ဆိုက်လာတဲ့ဂျပန်။

ကျွန်တော်ငယ်ဘဝမှာ “ စီးပွားရေးကောင်းတယ်” ဆိုတာတောင်မကြားဖူးဘဲ အရွယ်ရောက် လူလတ်ပိုင်းကိုရောက်လာခဲ့ပါတယ်။ ဒီလိုကာလကို အကြာကြီးဖြတ်သန်းခဲ့ရပေမဲ့၊ ယခုအချိန်မှာတော့ ဆုံးရှုံးခဲ့တဲ့လုပ်ငန်းကို ပြန်ဦးမော့လာစေပြီး၊ ဂျပန့်စီးပွားရေးကို နလန်ပြန်ထူလာစေတဲ့ပုဂ္ဂိုလ်တွေ ထွက်ရှိလို့လာပါတယ်။
ယန်းဈေးတစ်ဟုန်ထိုးကျနေတဲ့ဂျပန်မှာ လက်ရှိဘာတွေဖြစ်နေသလဲ?

ပြန်ဦးမော့လာမယ့် semiconductor လုပ်ငန်း

ကွန်ပျူတာတစ်လုံးမှာ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ semiconductor တစ်ပိုင်းလျှပ်ကူးပစ္စည်း …
၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဂျပန်ဟာ ကမ္ဘာ့ထိပ်ဆုံးရှယ်ယာကို ပိုင်ဆိုင်ထားပြီး၊ ဂျပန့်စီးပွားရေးရဲ့ အဓိကစက်မှုလုပ်ငန်းတစ်ခုအဖြစ် အရှိန်အဟုန်ကောင်းစွာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်ခဲ့ပါတယ်။

ထိုအချိန်က ကမ္ဘာ့ရှယ်ယာရဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့အတွက်၊ ဘယ်လောက်အားကောင်းတဲ့ လုပ်ငန်းဖြစ်လိမ့်မလဲဆိုတာကို သိနိုင်ပါတယ်။ ၎င်းနောက် အမေရိကန်ပြည်ထောင်စုနဲ့ semiconductor တစ်ပိုင်းလျှပ်ကူးပစ္စည်း သဘောတူညီချက်ကို ချုပ်ဆိုခဲ့ပြီး၊ ဂျပန်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းဟာ ကျဆင်းလာပါတော့တယ်။ သို့သော် semiconductor ကိုဖန်တီးတဲ့စက်ကိရိယာနဲ့ ကုန်ကြမ်းထုတ်လုပ်မှုပိုင်းမှာတော့ ဂျပန်ကအတော်လေးဖန်တီးနိုင်စွမ်းရှိပြီး၊ လက်ရှိ အဓိကကျတဲ့ semiconductor လုပ်ငန်းဟာ ထိုင်ဝမ်နဲ့ ကိုရီးယားကိုပြောင်းရွေ့သွားပေမဲ့ ဂျပန်ထုတ်ပစ္စည်းဆိုရင် အတော်လေးအရေးထားခံရပါတယ်။

ခေတ်တွေပြောင်းသွားပြီး လက်ရှိအချိန်မှာတော့ ကွန်ပျူတာတစ်ခုတည်းသာမက၊ ကားနှင့်အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လက်ကိုင်ဖုန်း စတဲ့ဒီလိုထုတ်ကုန်တွေမှာ semiconductor ကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ ဒီအပြင် လက်ရှိဟာ ၃၄ နှစ်အတွင်း ယန်းဈေးကွက်တန်ဖိုးအနိမ့်ဆုံး အချိန်ကာလဖြစ်ပါတယ်။ ဒါကိုအခွင့်အရေးတစ်ခုအနေနဲ့ ဂျပန်ဟာ semiconductor လုပ်ငန်းကို ပြန်လည်ဦးမော့လာစေဖို့ ကြိုးပမ်းနေပါတယ်။

ဂျပန်ရဲ့ semiconductor ကုမ္ပဏီကြီးဖြစ်တဲ့ Renesas Electronics Corporation ဟာ ၉ နှစ်တာအတွင်းပထမဆုံးအကြိမ်အဖြစ် ဂျပန်ပြည်တွင်းမှာ စက်ရုံကိုဖွင့်လှစ်လိုက်ပြီး၊ အခြားသောကုမ္ပဏီတွေဟာလည်းပဲ လိုက်ပြီးလုပ်ဆောင်လာကြပါတယ်။

ကိုရိုနာကပ်ဘေးကြောင့်ဖြစ်ပေါ်ခဲ့တဲ့ semiconductor ထောက်ပံ့မှုပြတ်တောက်ခြင်းဟာ ကမ္ဘာ့စီးပွားရေးကို နောက်ဆုတ်သွားစေခဲ့ပေမဲ့၊ ဂျပန်ပြည်တွင်းထုတ်လုပ်မှုကို ဆက်ပြီးလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဂျပန်ရဲ့အခြားသော လုပ်ငန်းတွေအပေါ်လည်း အကျိုးကျေးဇူးတွေ ရှိလာနိုင်မှာဖြစ်သလို၊ ယန်းဈေးကျတဲ့အခြေအနေကနေ ထုတ်ကုန်များများတင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

 

ဂျပန်ထုတ် ဝေဟင်ပျံသန်းယာဥ်များကို ကမ္ဘာသို့

ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးသွားတဲ့ဂျပန်မှာတော့ လေယာဥ်ပျံထုတ်လုပ်မှုလုပ်ငန်းဟာ ဖျက်သိမ်းခံလိုက်ပြီး၊ တက္ကသိုလ်ရဲ့သင်ခန်းစာမှာတောင် Aerodynamic လေခွင်းအားဘာသာရပ်ကို သင်ကြားမှုရပ်ဆိုင်းခံလိုက်ရတာကြောင့် ဂျပန်လေယာဥ်ထုတ်လုပ်မှုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကိုပြောင်းလဲရမယ့်အချိန် ရောက်ရှိလာပါပြီ။

Mitsubishi အုပ်စုက ဖန်တီးထုတ်လုပ်ခဲ့တဲ့ အလတ်စားခရီးသည်တင် ဂျက်လေယာဥ်ဖြစ်သော MRJ(နောက်ပိုင်း Space Jet သို့ပြောင်းလဲ)ဟာ စိတ်မကောင်းစွာနဲ့ပဲ ၂၀၂၃ ခုနှစ် ၂ လပိုင်းမှာ ထုတ်လုပ်မှုရပ်ဆိုင်းသွားပါတယ်။ ယန်း ၁၈၀ ဘီလီယံ ကုန်ကျတဲ့ ‌ပရောဂျက်ကြီးတစ်ခုဖြစ်သော်လည်း အမေရိကန်ရဲ့ အသိအမှတ်ပြုခြင်းကိုမခံရတဲ့အတွက် အရပ်ဘက်လေယာဥ်အဖြစ် ကောင်းကင်မှာပျံသန်းခွင့် ဆုံးရှုံးခဲ့ပါတယ်။

အစိတ်အပိုင်းပေါင်း ၉၅၀၀၀၀(၉သိန်း၅သောင်း)ရှိပြီး ကားတစ်စီးထက် အဆ ၃၀ ပိုတဲ့အတွက် ထုတ်လုပ်ခွင့်သာရမယ်ဆိုရင် Mitsubishi အုပ်စုအတွက်သာမက ဂျပန်ရဲ့အခြားသော လုပ်ငန်းတော်တော်များများကိုပါ ကယ်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ပဲအဆုံးသတ်ရတော့မှာလားလို့ တွေးမိပေမဲ့၊ ဒီနှစ်ထဲမှာ ဂျပန်ရဲ့စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါအစီအစဥ်ကို ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းပြီး၊ စုစုပေါင်း ယန်း ထရီလီယံ အကုန်အကျခံကာ နောက်တစ်ကြိမ်စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။

ဒီအပြင် ဂျပန်ရဲ့ဝေဟင်ကိုကာကွယ်ပေးတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအဓိကကျတဲ့ တိုက်လေယာဥ်ကို နောက်ဆုံးမှာတော့ ဂျပန်ကဦးဆောင်နိုင်လာတော့မယ့်အခြေအနေကို မြင်တွေ့ရပါတယ်။

 

ကိုယ်ပိုင်ကာကွယ်ရေးတပ်မှာတော့ အမေရိကန်ထုတ်တိုက်လေယာဥ်က လွှမ်းမိုးထားပေမယ့် ကိုယ်ပိုင်ထုတ်လုပ်မှုကို မျှော်မှန်းထားတဲ့ F-2 တိုက်လေယာဥ်အတွက်ကိုတော့ အမေရိကန်ကနေညွှန်ကြားမှု ရောက်လာပြီး၊ အတူတကွ ပူးပေါင်းပြီး ထုတ်လုပ်ရမယ့်အခြေအနေကို ရောက်ရှိလာပါတယ်။ ဒါကိုသုံးသပ်ပြောရရင် F-3 ဆိုတဲ့ ဒုတိယအဓိကတိုက်လေယာဥ်ကို ဗြိတိန်၊အီတလီတို့နဲ့ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်လျှက်ရှိပါတယ်။ ဒီအစီအစဥ်ကို ၂၀၃၅ ခုနှစ်မှာ ဖန်တီးထုတ်လုပ်မှုပြီးမြောက်ဖို့ မျှော်မှန်းထားပါတယ်။

ဒါအပြင် ဒီတိုက်လေယာဥ်ဟာလည်း တင်ပို့ကုန်တစ်ခုဖြစ်လာဖို့ကို အစိုးရဟာပြင်ဆင်နေပါတယ်။

 

စစ်လက်နက်ပစ္စည်းတင်ပို့ခြင်းဟာ ကောင်းသလား၊ ဆိုးသလားဆိုတဲ့ အငြင်းပွားမှုတွေထွက်နေသော်လည်း၊ ၎င်းတိုက်လေယာဥ်မှာ ကမ္ဘာ့အဆင့်မြင့် လေယာဥ်နည်းပညာကို ထည့်သွင်းအသုံးပြုထားပါတယ်။ ထိုနည်းပညာကို ဂျပန်ပြည်တွင်းမှာ စုဆောင်းနိုင်လာမယ်ဆိုရင်၊ ခရီးသည်တင် အရပ်ဘက်လေယာဥ်တွေမှာလည်း အသုံးချလာနိုင်မှာဖြစ်ပါတယ်။

Made in JAPAN နဲ့လေယာဥ်ပျံဟာ ပုံစံအမျိုးမျိုးနဲ့ ကမ္ဘာကြီးရဲ့ဝေဟင်ယံမှာ ပျံသန်းနေမယ့်ခေတ်ကို ရောက်ရှိလာနိုင်ပါတယ်။

ဂျပန်ဟာ နယ်ပယ်အမျိုးမျိုးမှာ စီးပွားရေးနလန်ပြန်ထူမယ့် အငြောင့်ကလေးတွေကို မြင်လာရပါတယ်။
နှစ်ပေါင်း ၃၀ စီးပွားရေးဆိုက်ကပ်ခြင်းကနေ ပြန်လည်ရုန်းထွက်လာနိုင်လိမ့်မလား….

 

ABE KENGO

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: