ဒီပုဂ္ဂိုလ်သာမရှိခဲ့ရင် ဂျပန်ရဲ့လုံခြုံရေးက ယိုယွင်းနေခဲ့မလား? လုံခြုံရေးကောင်းမွန်ခြင်း ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်လာခဲ့တဲ့အကြောင်းရင်း

ဂျပန်ဟာလုံခြုံရေးကောင်းတဲ့အတွက် စိတ်ချရတယ်။ ဒီလိုစကားကို မကြာခဏကြားရပါတယ်။
ဒါပေမဲ့ မကောင်းတဲ့လူတွေလည်းရှိနေတာကြောင့်၊ သတိလက်လွတ်နေလို့တော့မရပေမဲ့၊ ဘာပဲဖြစ်ဖြစ်တော့ လုံခြုံတဲ့တိုင်းပြည်လို့ထင်ပါတယ်။
ဒါဆို ဘာကြောင့်ဂျပန်နိုင်ငံဟာ လုံခြုံရေးကောင်းနေရသလဲဆိုတာ သိပါသလား?

ဂျပန်ရဲတွေက အရမ်းတော်နေကြလို့လား?
နိုင်ငံသားတွေရဲ့ အကျင့်စရိုက်ကောင်းလို့၊ဒါမှမဟုတ် DNA ကထူးခြားနေတာကြောင့်လား?

နိုးနိုး အဲ့ဒီလိုထူးခြားချက်တွေ တကယ်တော့ရှိမနေပါဘူး။
ဒါဖြင့် ရှေးယခင်ဂျပန်ရဲ့ လုံခြုံရေးအခြေအနေက ဘာကြောင့်ယနေ့အချိန်ထိ ကောင်းလာရလဲဆိုတာကို ကြည့်ကြရအောင် …

Nara ခေတ်
မျက်မှောက်ခေတ်ရဲ့ Nara စီရင်စုမှာ မြို့တွေမတည်ရသေးတဲ့ခေတ်ပေါ့..
အဲ့ဒီအချိန်လောက်က ဂျပန်တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်သေးတဲ့ အချိန်ကာကဖြစ်ပါတယ်။
ယနေ့ခေတ်ရဲ့Tohoku ဒေသမှာတော့ 蝦夷(えみし-အဲမိရှိ)လို့ခေါ်တဲ့ ဒေသခံတွေကြောင့် ပြည်တွင်းစစ်တွေ များစွာဖြစ်ပွားခဲ့တယ်။ ဒါကို နှိမ်နင်းဖို့အတွက် 坂上田村麻呂(ဆကာနိုအုအဲနော့ ထမုရမရို)လို့ခေါ်တဲ့ပုဂ္ဂိုလ်ဟာ ထိုဒေသကိုသွားခဲ့တယ်။
ဒီတိုက်ပွဲဟာ နှစ်ပေါင်း ၃၈ တောင်ကြာမြင့်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ 蝦夷အဲမိရှိ တွေပျက်ဆီးသွားပြီး၊ အင်ပါယာတရားရုံးက စီမံပေးတဲ့ပုံစံအတိုင်း ဖြစ်လာတော့တယ်။
အဲ့ဒီအထဲမှာ အတင်းအကြပ်နေရာရွေ့ပြောင်းခြင်းခံရတဲ့ 蝦夷အဲမိရှိ ရဲ့ဘဝရပ်တည်မှုဟာဒုက္ခရောက်ပြီး၊ လုယက်ခြင်း ဓါးပြတိုက်ခြင်းတွေကို စပြီးကျူးလွန်လာတယ်။ ဒုစရိုက်အဖွဲ့အစည်းဖြစ်သွားတဲ့ 蝦夷အဲမိရှိ တွေကို 俘囚(ဖူရှုး)လို့ပြောင်းလဲခေါ်ပြီး၊ ဒီ俘囚ဖူရှုး ရဲ့ ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်ကာကွယ်ရေးအင်အားစုတွေကို ဒေသအသီးသီးမှာ ဖွဲ့စည်းလိုက်ပြီး၊ နောက်ဆုံးမှာသူတို့ဟာ ဆာမူရိုင်းတွေဖြစ်သွားကြတော့တယ်။

鎌倉時代 Kamakura ကာလ
ခေတ်တွေပြောင်းလဲလာပြီး၊ ဆာမူရိုင်းကဂျပန်ကို အုပ်စိုးတဲ့ခေတ်ကိုရောက်လာတယ်။
ဆာမူရိုင်းတွေဟာ ထူးခြားတဲ့အစွမ်းကိုပိုင်ဆိုင်ဖို့အတွက်၊ သူတို့တွေကို ချုပ်နှောင်ထားမယ့် ဥပဒေကိုထုတ်လာခဲ့ပေမဲ့၊ အဲ့ဒီဥပဒေဟာ တင်းကြပ်မှုမရှိခဲ့ဘူး။
လူသတ်မှုလို ရာဇဝတ်မှုကြီးတွေရှိနေလည်း နစ်နာသူဘက်က တိုင်းကြားမှုမရှိရင် ပြစ်ဒဏ်ချမှတ်ခြင်းမျိုး မလုပ်ခဲ့ဘူး။
အကုန်အသတ်လိုက်ရင်တော့ တိုင်မယ့်လူမရှိတော့လို့ တရားရုံးကိုလည်း ရောက်စရာမလိုတော့ပါဘူး။
အဲ့ဒါအတွက် မိမိကိုယ်တိုင်ကပဲ တရားခံကိုရှာပြီး လက်စားချေပါ ဆိုတဲ့ဥပဒေဟာ အဲ့ဒီအချိန်ကထွက်လာခဲ့ပါတယ်။

戦国時代 Sengoku ကာလ
စစ်ပွဲအဖြစ်ဆုံးကာလက ဟောဒီ Sengoku ကာလပါပဲ။
ဘယ်သူက ဂျပန်ကိုအုပ်စိုးနိုင်မလဲဆိုပြီး ထိုစစ်ပွဲမှာဒေသအသီးအသီးရှိဆာမူရိုင်းတွေဟာ လက်ရုံးရည်ယှဉ်ကြတဲ့ခေတ်ဖြစ်တာကြောင့်၊ အထူးသဖြင့် စစ်ပွဲဆိုတာ မကြာခဏပါပဲ။
စစ်ပွဲမှာအနိုင်ရရှိတဲ့ဘက်က အောက်ပိုင်းအဆင့်ဆာမူရိုင်းတွေဟာ အနိုင်ရရှိခဲ့တဲ့ဘုံနယ်မြေက သာမန်ပြည်သူတွေဆီ ငွေနဲ့အစားအသောက်တွေကို လုယက်ကြတဲ့ခေတ်ဖြစ်ပါတယ်။
ဒီအပြင် ကျွန်ဈေးကွက်ကြီးကိုဖွင့်လှစ်လိုက်ပြီး၊ ကျွန်အရောင်းအဝယ်ဖြစ်လာခဲ့တယ်။
အလွန်ဆိုးရွားတဲ့ခေတ်ဖြစ်ပါတယ်။

ဒီလောက်အထိ ဖတ်လာခဲ့ပြီးပြီဆိုရင်တော့ သိလိုက်ရတဲ့အတိုင်းပါပဲ၊ ဂျပန်ဟာလည်း အစောပိုင်းခေတ်ကာလကတည်းက လုံခြုံရေးကောင်းခဲ့တာမျိုး လုံးဝမဟုတ်ပါဘူး။
ဂျပန်လူမျိုးတွေရဲ့ နိုင်ငံသားအကျင့်စရိုက်ကြောင့် ဒါမှမဟုတ် DNA ကကွဲပြားတာကြောင့် နိုင်ငံလုံခြုံရေးကောင်းတာမဟုတ်ဘူးဆိုတာကို စာဖတ်သူတို့ သိသွားပြီလို့ထင်ပါတယ်။

ဒီလိုနှိမ့်ကျတဲ့အဆင့်အတန်းကနေ ပြောင်းလဲခဲ့ခြင်းကတော့၊ Sengoku ခေတ်ကာလအဆုံးမှာ ပါဝင်လှုပ်ရှားလာတဲ့ 織田信長(အိုဒ နိုဘုနဂ)ဆိုတဲ့ စစ်သူကြီးကြောင့်ပဲဖြစ်ပါတယ်။


ဂျပန်နိုင် တစ်လုံးတစ်စည်းတည်းဖြစ်ဖို့ကို အိပ်မက်ထားသူဖြစ်ပြီး၊ လက်အောက်ငယ်သားရဲ့ သစ္စာဖောက်မှုကြောင့် အသတ်ခံလိုက်ရသူဖြစ်ပေမဲ့၊ သူဟာ လက်အောက်ငယ်သားတွေပေါ် အမိန့်ပေးတဲ့ ဥပဒေဟာ ဂျပန်ရဲ့လုံခြုံရေးကို လုံးဝပြောင်းလဲပေးလိုက်တဲ့ မူလအစပဲဖြစ်ပါတယ်။
တကယ်တော့ ဒီဥပဒေဟာ၊ 織田信長(အိုဒ နိုဘုနဂ)ရဲ့အဘိုးလက်ထက်ကတည်းက ထုတ်ပြန်ထားတဲ့စည်းကမ်းကို အခြေခံထားပါတယ်။

信長နိုဘုနဂရဲ့ အဘိုးဖြစ်သူ 信定(နိုဘုဆဒ)ဟာ၊ ကမ္ဘာ့ထိပ်တန်းကုန်သွယ်ရေးဆိပ်ကမ်းကို စီမံခန့်ခွဲရတဲ့အလုပ် လုပ်ကိုင်သူဖြစ်ပါတယ်။
ကုန်သွယ်ရေးဆိပ်ကမ်းအနီးမှာတော့ ချမ်းသာတဲ့ကုန်သည်ကြီးတွေနေထိုင်ကြပြီး၊ သူတို့တွေရဲ့ ငွေကြေးထောက်ပံ့မှုကြောင့် 信定 နိုဘုဆဒ ဟာပိုပြီးအာဏာရှိလာပါတယ်။
အဲ့ဒီအစား 信定နိုဘုဆဒ ဟာ ကုန်သည်တွေရဲ့ ဘဝနဲ့အကျိုးစီးပွားကို ပြန်စောင့်ရှောက်ပေးတယ်။
နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိတဲ့ ဒီပတ်သက်မှုဟာ ပိုကြီးထွားလာပြီး၊ နယ်မြေကိုလည်း ချဲ့ထွင်လာကြတယ်။
နောက်ပြီး ဒီတစ်ခေါက်ဇာတ်လိုက်ဖြစ်တဲ့ 信長နိုဘုနဂ ဟာလည်း ဒီအတွေးအခေါ်ကို ဆက်လက်စောင့်ထိန်းခဲ့တယ်။

အခုထိ နယ်မြေလုတဲ့တိုက်ပွဲမှာ လုယက်မှုနဲ့အကြမ်းဖက်မှုဆိုတာ အမြဲလိုလိုဖြစ်ကြပေမဲ့၊ 信長နိုဘုနဂ ဟာလက်အောက်ငယ်သားတွေဆီ ဒီလုပ်ရပ်ကိုလုံးဝတားမြစ် အမိန့်ထုတ်ပါတယ်။
ထိုအချိန်က အနိမ့်ဆုံးငွေကြေးဖြစ်တဲ့ အကြွေစေ့တစ်ပြားကိုတောင် ခိုးမယ်ဆိုရင် သေဒဏ်ချမှတ်မယ်။
ပစ္စည်းတွေလိုအပ်ရင် သေချာပေါက်ငွေပေးချေပါ ဆိုပြီးအမိန့်ထုတ်ပါတယ်။

ကုန်သည်တွေနဲ့ သာမန်ပြည်သူတွေကိုစောင့်ရှောက်ရမယ့် စစ်တပ်ဥပဒေကို 信長နိုဘုနဂ ကိုယ်တိုင်ကလည်း လိုက်နာပြီး၊ အဲ့ဒီအချိန် သူ့ရဲ့စစ်တပ်မှ အဆင့်နိမ့်ဆာမူရိုင်းတစ်ဦးဟာ Kyoto ရှိအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးစားတဲ့အချိန် အဲ့ဒီဆာမူရိုင်းရဲ့ခေါင်းကို ဖြတ်ပစ်လိုက်တယ်လို့ ပြောကြပါတယ်။
ဒီလုပ်ရပ်က တစ်ဆင့်စကားတစ်ဆင့်နားကိုရောက်ပြီး၊ 信長နိုဘုနဂ ရဲ့ညွှန်ကြားချက်ကို လူတွေလေးစားနာခံကြရင်းနဲ့၊ ဂျပန်ပြည် စည်းစည်းလုံးလုံးဖြစ်ဖို့ကို ရောက်လာတယ်။
信長နိုဘုနဂ ပေါင်းစည်းခဲ့တဲ့မြို့မှာတော့ ကုန်သည်တွေဟာ လမ်းဘေးမှာနေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်စက်နိုင်တဲ့အထိ လုံခြုံခဲ့တယ်လို့ပြောပါတယ်။

ဒီစည်းကမ်းဟာ ပြည်သူတွေရဲ့ထောက်ခံမှုကိုရဖို့အတွက် လိုအပ်တဲ့အရာပဲဆိုပြီး 信長နိုဘုနဂ နောက်ပိုင်းတက်လာတဲ့ အုပ်ချုပ်သူတွေကလည်း နားလည်လာပြီး၊ လက်ဆင့်ကမ်းလုပ်ဆောင်ရင်းနဲ့ ဂျပန်ဟာ လုံခြုံရေးကောင်းတဲ့အဖြစ်ကို ရောက်လာတော့တယ်။

နောက်ပြီး ဆာမူရိုင်းကလွဲပြီး လက်နက်မကိုင်ဖို့ကို ထိန်းချုပ်ခြင်းဖြင့် လုံခြုံရေးကိုပိုမိုကောင်းမွန်လာစေပါတယ်။
ဆာမူရိုင်းခေတ် ကုန်ဆုံးသွားပြီးတဲ့နောက်မှာလည်း၊ ရဲတပ်ဖွဲ့နဲ့စစ်တပ်ကလွဲလို့ လက်နက်နဲ့ဓါးကို ကိုင်ဆောင်ခြင်းတားမြစ်ပါတယ်။

လက်နက်ဆိုတာ လုယက်ခြင်း၊ အကြမ်းဖက်ခြင်းကနေ မိမိကိုယ်ကိုကာကွယ်ဖို့ ကိုင်ဆောင်ရတဲ့အရာဖြစ်ပါတယ်။
ဒါကို ကိုင်ဆောင်ခွင့်ပြုလိုက်ရင် ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်းကျူးလွန်လာမယ်။
ဒါဖြင့် ကာကွယ်စောင့်ရှောက်ဖို့က ကျုပ်တို့တာဝန်ထား၊ ပြည်သူတွေကတော့ လက်နက်မကိုင်ရဘူး ဆိုပြီးဖြစ်လာတော့တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်မှာ ဓါးနဲ့သေနတ်ကိုင်ဆောင်မှုတားမြစ်တဲ့အမိန့်ဟာ ပိုပြီးတင်းကြပ်လာတယ်။
တစ်နိုင်ငံလုံးကနေ လက်နက်ပေါင်း ၃ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ပြောပါတယ်။

ဂျပန်လူမျိုးမို့လို့ လုံခြုံရေးကောင်းတယ်တို့ ဘာတို့ဆိုတာ လုံးဝမဟုတ်ပါဘူး…
ဒါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ်က လိုက်ပြီးလုပ်ဆောင်နိုင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ပါ…
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မယ် ဆိုတဲ့ရည်ရွယ်ချက်ကနေ ဆင်းသက်လာတယ်…
ဒီလမ်းစဉ်ဟာ နိုင်ငံများစွာရဲ့ လုံခြုံရေးပိုမိုကောင်းမွန်လာစေမယ့် လမ်းစလေးတစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: