ဆာမူရိုင်းတွေဆီကို ဓားမကိုင်တော့တဲ့အကြောင်းအရင်း!မကြာသေးမှီအချိန်ကအထိ အသက်ဝင်နေခဲ့တဲ့ ဥပဒေဆိုတာကရော
ဂျပန်နိုင်ငံရဲ့ ဒဏ္ဍာရီ၊ သမိုင်းအကြောင်းလို့ဆိုလိုက်ရင် များသောအားဖြင့် ဆာမူရိုင်းတွေအကြောင်းကို တွေးတောမိကြမယ်ထင်ပါတယ်။
အဲ့ဒီဆာမူရိုင်းတွေအကြောင်းကို တွေးကြည့်အခါမှာလည်း ဘေးမှာသေချာပေါက်ရှိမယ့်အရာက ဓားဖြစ်ပါတယ်။ ဂျပန်ဓားပါ။
ဆာမူရိုင်းတစ်ယောက်ရဲ့ ဝိဉာဉ်လို့ ခေါ်ဆိုနိုင်ပြီး ကိုယ့်အသက်လိုမျိုး တန်ဖိုးထားရတာကလည်း အဲ့ဒီဓားပဲ ဖြစ်ပါတယ်။
ဆာမူရိုင်းခေတ်နောက်ပိုင်းဟာ ငြိမ်းချမ်းတဲ့ခေတ်လို့ ဆိုရမှာဖြစ်ပြီး ဓားနဲ့တိုက်ခိုက်တယ်ဆိုတာ လုံးဝကို မရှိသလောက်ပါပဲ။
ဒါပေမယ့်လည်း ဆာမူရိုင်းတွေက ဓားကို ကိုယ်နဲ့မကွာ သယ်ဆောင်သွားကြတာဟာ ဆာမူရိုင်းတစ်ယောက်ရဲ့ ဂုဏ်ယူစရာလို့ ဆိုပါတယ်။
ဆာမူရိုင်းဖြစ်လျက်နဲ့ ဓားမကိုင်ထားဘူးဆိုင်ရင် “အဲ့လူက ဆင်းရဲတာမို့လို့ ဓားကို ရောင်းလိုက်တာနေမှာပေါ့” ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ခဲ့ဖူးပါတယ်။
အဲ့ဒီလောက်ကို ဆာမူရိုင်းနဲ့ ဓားနဲ့ဟာ တစ်တွဲတည်း တည်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အတော်လေးကို လေးပါတယ်
အနောက်တိုင်းဓားတွေထက် သိသိသာသာပါးပေမယ့် အလေးချိန်က 1.5kg ရှိပြီး အရှည်နဲ့အတိုကို တွဲပြီးသယ်မယ်ဆိုရင် 2kg တောင်ကျော်ပါတယ်။
2kg ရှိတဲ့ ရေဘူးကို ခါးမှာချိတ်ပြီး လမ်းလျှောက်ရင်တောင် အတော်လေးကို အနှောင့်အယှက်ဖြစ်ရပါတယ်။
နောက်ပိုင်းတိုက်ပွဲတွေမရှိတော့တာမို့လို့ ပေါ့ပေါ့ပါးပါးဓားအတုကိုပဲ သယ်သွားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း ဒီလိုဓားကိုကိုယ်နဲ့မကွာဆောင်ထားတဲ့ ဆာမူရိုင်းတွေဆီကနေ ဓားကို ယူရတာဟာ အလွန်ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။
ခေတ်တွေလည်း ပြောင်းလာပြီး ရဲရော၊ စစ်တပ်ပါ ရှိလာတဲ့အတွက် တစ်ဦးတည်းဒီလိုအန္တရာယ်ရှိတဲ့အရာကို သယ်ပြီးလျှောက်သွားဖို့က အရမ်းအန္တရာယ်များတာကြောင့် အစိုးရဟာ ဆာမူရိုင်းတွေဆီကနေ ဓားကိုမကိုင်တော့ဖို့ 1869 ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် ဆာမူရိုင်းတွေရဲ့ တုန့်ပြန်မှုကို ကြိုတင်စဉ်းစားထားတဲ့အတွက် အဆင့်ဆင့် လုပ်ဆောင်ခဲ့ပါတယ်။
ပထမဆုံးထုတ်ခဲ့တဲ့အမိန်က ဓားမရှိရေးအမိန့်ပါ။
ဆံပင်ပုံစံကို နှစ်သက်သလို ထားခွင့်ရှိပြီး၊ ဓားကိုတော့ သာမန်သွားလာတဲ့အခါ သယ်သွားစရာမလိုဘူးဆိုတဲ့ ပျော့ပြောင်းတဲ့ဥပဒေဖြစ်ပါတယ်။
ဒီလိုနဲ့ ဆာမူရိုင်းတွေရဲ့ ဆံပင်ပုံစံဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။
အစိုးရထိပ်ပိုင်းလူကြီးဖြစ်သူ အိဝခုရ တိုမိုမိဟာလည်း ပုံစံကို ပြောင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒါကို ငြင်းဆိုလိုတဲ့ ဆာမူရိုင်းတွေဟာ ခါတိုင်းလိုပဲ ဓားကို ဆက်လက်ကိုင်ဆောင်ဆဲဖြစ်ပါတယ်။
နာမည်ကျော် အနီမေးဖြစ်တဲ့ Rurouni Kenshin ရဲ့ အဓိကဇာတ်ကောင်ဟာလည်း ဓားမကိုင်လည်းရတဲ့အမိန့် ငြင်းဆိုပြီး ဆက်လက်ကိုင်ဆောင်သူဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ ဓားမကိုင်ဆောင်စေတဲ့ဥပဒေကို ပြဌာန်းနိုင်ခဲ့ပါတယ်။
ခါးတွင်ဓားချိတ်ခြင်းကို တားမြစ်ခြင်း
ဓားကို ကိုယ်နဲ့မကွာထားတာကို တားမြစ်တဲ့ဥပဒေ ထုတ်ပြန်လိုက်တာနဲ့ ဆာမူရိုင်းတွေဟာ ဆန့်ကျင်ကြမှာဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရက စိတ်ဝင်စားစရာတစ်ခုကို စဉ်းစားနိုင်ခဲ့ပါတယ်။
ခါးမှာ ဓားချိတ်ထားတာကိုပဲ တားမြစ်တာဖြစ်တဲ့အတွက် အိမ်မှာတော့ ထားထားလို့ရပါတယ်။
လက်မှာကိုင်ပြီး လမ်းလျှောက်တာတို့လည်း လုပ်လို့ရပါတယ်လို့ ဆိုတဲ့အတွက် ဆာမူရိုင်းတွေဟာလည်း စိတ်ချသွားကြပါတယ်။
အဲ့ဒါက အလွန်ကောင်းတဲ့ဗျူဟာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ခုနက ပြောခဲ့တဲ့အတိုင်း ဓားက အတော်လေးကို လေးပြီး ရှည်ပါတယ်။
လက်မှာ သယ်ပြီး လျှောက်ဖို့ဆို အလုပ်ရှုပ်ပါတယ်။ လက်တစ်ဖက်က ဓားနဲ့ မအားတဲ့အခါ ပစ္စည်းသယ်ဖို့လည်း ခက်သွားပါတယ်။
ဆာမူရိုင်းတွေလည်း တစ်ဖြည်းဖြည်းနဲ့ အလုပ်ရှုပ်တယ်လို့ တွေးလာပြီး အဆုံးသတ်မှာ သယ်ပြီး လမ်းမလျှောက်တော့ပါဘူး။
အဲ့ဒီခေတ်က အစိုးရကို ဉာဏ်ကြီးရှင်လို့ ဆိုရမလားမသိပါဘူး။
ဒီလိုနဲ့ နှစ်လတွေ ကြာပြီးတဲ့နောက် ဓားကို သယ်လျှောက်တဲ့လူဟာ မရှိတော့ဘဲ ရဲနဲ့ စစ်တပ်ဟာလည်း ခေတ်မှီသေနတ်တွေ ကိုင်ဆောင်မှုဟာ သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်လာပါတယ်။
ဆာမူရိုင်းသင်္ကေတအဖြစ် ဓားကိုဆက်လက်ကိုင်ဆောင်တဲ့စစ်သားတွေလည်း ရှိပေမယ့် ဓားနဲ့တိုက်ခိုက်တဲ့ခေတ်မဟုတ်တဲ့အပြင် အလုပ်ရှုပ်ရုံသာဖြစ်တဲ့အတွက် ပုံရိပ်တစ်ခုအဖြစ်နဲ့ပဲ တည်ရှိနေပါတော့တယ်။
နေ့စဉ်မြို့ထဲမှာလည်း ဓားကိုသယ်ပြီး သွားတဲ့သူလည်း မမြင်ရလောက်ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ဓားရော အဲ့ဒီဥပဒေမှာ မေ့ပျောက်လုနီးနီးဖြစ်လာပြီး 1946 ခုနှစ်အထိ ဒီဥပဒေကို မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြပါတယ်။
ဂျပန်ဟာ စစ်ရှုံးပြီး ကျူးကျော်စစ်တပ်ဟာ ဂျပန်လူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို တားဆီးဖို့အတွက် သာမန်ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့် တားမြစ်ထားပေမယ့် တကယ်တော့ အဲ့ဒီမတိုင်မှီအချိန်အထိ ဓားကို တရားဝင် ကိုင်ဆောင်ပြီး လမ်းလျှောက်ခွင့်ရှိခဲ့ပါတယ်။
ပြီးတော့ 1954 ခုနှစ်မှာ ဓားမသယ်ဆောင်ရအမိန့်ကို သီးသန့်စီမံခြင်းမပြုပေမယ့် မကြာသေးမှီအချိန်ကအထိ ဒီဥပဒေဟာ အသက်ဝင်နေဆဲဖြစ်ပါတယ်။
ရုတ်တရတ် မလုပ်ရဘူးလို့ ပြောလိုက်ရင် ကြီးမားတဲ့ဆန့်ကျင်မှုကြီး ဖြစ်ပေါ်လာမှာပါ။
ဒါကြောင့် စည်းမျဉ်းသေးသေးလေးကနေ စချမှတ်ပြီး လက်လျော့စေလိုက်ပါ။
မိမိကိုယ်ကို ကာကွယ်ရေးလို့ဆိုတဲ့ ကိုယ်ပိုင်လက်နက်တွေကို စွန့်လွှတ်စေခြင်းက နိုင်ငံတိုင်းရဲ့သမိုင်းမှာ ခက်ခဲခဲ့ရပေမယ့် ဖြေရှင်းနည်းတွေကတော့ တော်တော်လေးကောင်းမွန်တယ်လို့ပဲ ဆိုပါရစေ။
Kengo Abe