မိဘကဆင်းရဲ၊ အတန်းပညာကလည်းမရှိပေမဲ့ ကမ္ဘာမှာနာမည်ကြီးတဲ့ Panasonic ကုမ္ပဏီကိုတည်ထောင်ခဲ့သူ နှင့် သူ၏မှတ်သားဖွယ်ရာစကားများ

ဂျပန်အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ Panasonic ဆိုရင် အားလုံးသိကြတယ်နော်။
ဒီကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ သူ့ရဲ့ငယ်ဘဝမှာ ဆင်းရဲလွန်းလို့ မူလတန်း ၄ နှစ်အထိပဲ ကျောင်းတက်ခဲ့ဖူးသူဖြစ်ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကတော့ မောင်နှမ ၈ ယောက်ထဲမှာအငယ်ဆုံးဖြစ်ပြီး၊ အဖေဟာ လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ အသက် ၉ နှစ်မှာတော့ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေကူညီဖို့ စက်ဘီးအရောင်းဆိုင်တစ်ခုမှာ အလုပ်သင်အဖြစ် အလုပ်ရရှိခဲ့ပါတယ်။

သို့သော် သူဟာ အလုပ်နဲ့ပတ်သက်ပြီး စွန့်စားလိုစိတ်ကြီးသူတစ်ဦးဖြစ်ပါတယ်။ စက်ဘီးအရောင်းဆိုင်ကနေ အလုပ်ထွက်ပြီးတဲ့နောက်မှာတော့ Osaka Light ဆိုတဲ့ လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုမှာ အလုပ်ရရှိခဲ့ပါတယ်။ ကြိုးစားသူပီပီ မြန်မြန်ဆန်ဆန်ရာထူးတက်သွားပြီး တစ်ဖြည်းဖြည်းနဲ့ ကြည့်ကြပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ Osaka Light မှာအလုပ်လုပ်နေစဉ် ထိုအချိန်ကရခဲ့တဲ့အရာများထက်သာတဲ့ light socket တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ သို့သော်သူဌေးဟာ သူ့ရဲ့ဖန်တီးမှုကို စိတ်မဝင်စားခဲ့ပါဘူး။

ကိုယ်ပိုင်အရင်းအနှီးမရှိ၊ စီးပွားရေးအတွေ့အကြုံလည်းမရှိပေမဲ့ ရည်ရွယ်ချက်ပြင်းပြတဲ့သူဟာ ကိုယ်တိုင်ထုတ်လုပ်ဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကူညီပေးတဲ့ သူ့ရဲ့အမျိုးသမီးနဲ့ စိတ်တူသဘောတူလက်ထောက် ၃ ယောက်နဲ့တူ 4㎡ သာသာလောက်ပဲရှိတဲ့ နေရာလေးကနေ လုပ်ငန်းကိုစတင်ခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ရဲ့နာမည်ကတော့ 松下幸之助 Konosuke Matsushita ပဲဖြစ်ပါတယ်။

ဘဝမျိုးစုံကိုဖြတ်သန်းခဲ့တဲ့ Konosuke မှာ ဒီလိုအကြောင်းအရာတွေရှိခဲ့ပါတယ်။
စီးပွားပျက်ကပ်ကြီးထဲမှာ stock ကိုများများသိုလှောင်ထားပြီး၊ ဝန်ထမ်းတွေပြန်ဖွဲ့စည်းဖို့လိုအပ်လာတဲ့အချိန်မှာ သူရဲ့ဆုံးဖြတ်ချက်က မူမမှန်တဲ့အရာဖြစ်ခဲ့ပါတယ်။

စက်ရုံကို နေ့တစ်ဝက်သာလည်ပတ်ဖို့ ထုတ်လုပ်မှုပမာဏကို တစ်ဝက်လျော့လိုက်တယ်။
သို့သော် အလုပ်သမားတွေကိုတော့ တစ်ယောက်လေးတောင် အလုပ်မဖြုတ်သလို၊ လစာတောင်မလျှော့ခဲ့ပါဘူး။
သူ့ရဲ့စိတ်အားထက်သန်မှုကိုမြင်တွေ့ရတဲ့ ဝန်ထမ်းတွေဟာလည်း တက်ကြွလာပြီး၊ ၂ လအတွင်းမှာ stock တွေအကုန်ရောင်းချနိုင်ပြီး၊ အလုပ်စွမ်းဆောင်ရည်က ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေကိုတန်ဖိုးထားတဲ့ဒီပုဂ္ဂိုလ်ပြောသွားခဲ့တဲ့ မှတ်သားဖွယ်ရာစကားဟာ၊ လက်ရှိကိုရိုနာရဲ့ဆုတ်ယုတ်မှုခံစားနေရတဲ့ ကျွန်တော်တို့တွေရဲ့နှလုံးသားကိုတောင် ပဲ့တင်ထပ်သွားစေတဲ့အတွက် အားလုံးကိုမျှဝေပေးလိုက်ပါတယ်။

**တစ်ခြားသူနဲ့ နှိုင်းယှဉ်ပြီး မိမိကိုယ်ကိုနိမ့်ကျတယ်လို့ခံစားရတာဟာ ရှက်စရာမဟုတ်ပါဘူး။
ဒါပေမဲ့၊ မနှစ်ကမိမိနဲ့ ဒီနှစ်ရဲ့မိမိကို နှိုင်းယှဉ်ပြီး၊ ဒီနှစ်ကပိုပြီး ဆိုးနေတယ်ဆိုရင်တော့ ဒါဟာ လုံးဝရှက်စရာဖြစ်ပါတယ်။**

**ဘယ်လောက်ပဲ နောင်တရနေပါစေ အတိတ်ဟာပြောင်းသွားမှာမဟုတ်ဘူး။
ဘယ်လောက်ပဲ စိတ်ပူပါစေ အနာဂတ်ကိုလည်း မပြောင်းလဲနိုင်ဘူး။
လက်ရှိ ပစ္စုပ္ပန်မှာသာ အကောင်းဆုံးလုပ်နိုင်မယ်။**

**စိတ်ကူးယဉ်ဖို့အတွက် အသက်ကြီးသည် ငယ်သည်မရှိပါဘူး။
ဆန္ဒသာရှိမယ်ဆိုရင် လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် လမ်းပွင့်လာမှာသေချာပါတယ်။**

**လူတွေဟာ ဒီလောကမှာ အသက်ရှင်နေသမျှ စံနမူနာတစ်ခုတော့ရှိချင်ကြတယ်။
မျှော်လင့်ချက်တစ်စုံတစ်ရာပိုင်ဆိုင်ချင်ကြတယ်။
ထိုမျှော်လင့်ချက်ကလည်း ဖြစ်နိုင်ရင် ကြီးရမယ်၊ မြင့်မားရမယ်။**

**စိတ်ကူးတစ်ခုကို ဖန်တီးတယ်လို့ပြောရင်တောင် ပါးစပ်နဲ့ ဖန်တီးနေလို့မဖြစ်ဘူး။
ဒါဟာလည်း စိတ်အားထက်သန်ရမယ်။
အိပ်သည်ဖြစ်စေ နိုးသည်ဖြစ်စေ တစ်စုံတစ်ခုမှာသင့်အားနှစ်မြှုပ်စေလောက်မယ့် စိတ်အားထက်သန်မှုကနေ ကြိုမမျှော်လင့်ထားတဲ့ ဉာဏ်ပညာကောင်းတွေကို ရရှိလိမ့်မယ်။**

**စီးပွားရေးဟာ အထင်ကြီးစရာတစ်ခုပါ။**

**လူတွေကို မီးထိုးပေးဖို့အရေးကြီးတယ်။
မီးထိုးဖို့ ထင်းလိုအပ်တယ်။
ထင်းဆိုတာ ပြဿနာပဲ။ ပြဿနာဟာ လူတွေကို ရင့်ကျက်စေတယ်။**

** “ ကျွန်တော်ဒါကိုတာဝန်ယူပါတယ်” လို့ပြောနိုင်မှ မင်းဟာ တာဝန်ကျေသူပါ။**

**လက်အောက်ငယ်သားတွေ အလုပ်အများကြီးလုပ်နိုင်ဖို့ လက်အောက်ငယ်သားတွေရဲ့ ကြိုးစားချင်စိတ်ကို မနှောင့်ယှက်ပါနဲ့။**

**ဘာပဲဖြစ်ဖြစ် စဉ်းစားကြည့်ပါ။
အကြံဉာဏ်ထုတ်ကြည့်ပါ။
ပြီးရင် ကြိုးစားကြည့်ပါ။
အမှားလုပ်မိရင် ပြန်ပြင်လို့ရပါတယ်။**

**ဆဲဆိုကြိမ်းမောင်းပေးမယ့်လူရှိခြင်းကလည်း ကြီးမားတဲ့ပျော်ရွှင်မှုတစ်ခုပါပဲ။**

**ကိုယ်ဟာ ကိုယ်ပဲ။
လူပေါင်း သန်းရာနဲ့ချီရှိရင်တောင် ကိုယ်ဟာ ကိုယ်ပါပဲ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသလို၊ ဂုဏ်လည်းယူပါ။**

**တစ်ဝက်ကို စီနီယာထံကနေသင်ယူပါ။
ကျန်တစ်ဝက်ကိုတော့ လက်အောက်ငယ်သားဆီကနေ သင်ယူပါ။**

**လက်အောက်ငယ်သားရဲ့အမှားကို ပြန်ပြင်ရုံနဲ့မရဘူး။
အမှားကိုသူကိုယ်တိုင် သတိပြုမိတဲ့အချိန်မှာ နှစ်သိမ့်မှုလည်းလိုအပ်တယ်။**

**ခွန်အားဟာ တာဝန်သိစိတ်ကနေ လာတယ်။**

**စိတ်အေးအေးထားတတ်ခြင်းထက် အရေးကြီးတာမရှိ။**

**မှားမှာကိုကြောက်တာထက်၊ အလေးအနက်မရှိခြင်းကို ကြောက်စေချင်တယ်။**

**ဝယ်ဖို့ အတင်းမတိုက်တွန်းနဲ့။
ဖောက်သည် အကြိုက်တွေကို မရောင်းနဲ့။
ဖောက်သည်အတွက် အကျိုးပြုမယ့်အရာကိုသာ ရောင်းပါ။**

**လဲကျရင် ပြန်ထပါ။**

**ပြိုင်ဆိုင်မှုကိုလည်း လိုအပ်တယ်။ ပဋိပက္ခတွေလည်း ရှိနိုင်တယ်။
ဒါပေမယ့် ရန်သူကိုချစ်တဲ့ ကြွယ်ဝတဲ့နှလုံးသားကိုတော့ ပိုင်ဆိုင်စေချင်တယ်။**

**လူတစ်ယောက်ရဲ့ အားသာချက်ကို ပိုပြီးမြင်တတ်သူဟာ ပျော်ရွှင်ရသူပဲ။**

**လောကကြီးအတွက်၊ လူတွေအတွက် နောက်ဆုံးမှာမိမိအတွက် အကျိုးရှိမယ့်အရာတွေကိုလုပ်ရင် သေချာပေါက်အောင်မြင်လိမ့်မယ်။**

ဒါတွေကတော့ Panasonic ကုမ္ပဏီကိုတည်ထောင်ခဲ့သူရဲ့ မှတ်သားဖွယ်ရာစကားတွေပဲဖြစ်ပါတယ်။
နောက်ထပ်ရှိပါသေးတယ်။ သူ့ရဲ့စကားတွေမှာ လူတွေကိုမေတ္တာထားတဲ့ အရိပ်အယောင်တွေ မြင်ရပါတယ်။

ဂျပန်မှာတော့ ရေတွက်လို့မကုန်နိုင်အောင် စီးပွားရေးသမားများစွာရှိပေမဲ့၊ အဲ့ဒီလိုစီးပွားရေးသမားတွေထဲကနေ “ စီးပွားရေးဘုရင်” လို့ တင်စားရတဲ့ Konosuke ရဲ့ အပြောင်းအလဲမရှိတဲ့အတွေးအခေါ်တွေဟာ တကယ်ကိုအံ့ဩစရာကောင်းပါတယ်။

လိုနေတာဟာ ပညာရေးနောက်ခံရော မိဘရဲ့အမွေစည်းစိမ်တွေပါမဟုတ်ဘဲ၊ မိမိရဲ့စိတ်သာလျှင်ဖြစ်ပါတယ်။
သေချာပေါက် Konosuke ရဲ့မှတ်သားဖွယ်စကားတွေကို မိမိရဲ့လုပ်ငန်းခွင်မှာ ပြန်အသုံးချကြည့်ပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: