ဂျပန်နံပါတ်တစ် လက်အိတ်လုပ်ငန်းကိုတည်ထောင်ခဲ့တဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းတစ်ပုဒ်
အားလုံးပဲ Kagawa စီရင်စုကိုသိပါသလား?
“ အူဒွန်စီရင်စု” ဆိုပြီး သီးခြားနာမည်ပေးရလောက်အောင် အူဒွန်ခေါက်ဆွဲထွက်ရှိရာဒေသဖြစ်ပြီး၊ အရသာရှိတဲ့အူဒွန်ဆိုင်များစွာလည်း ရှိလို့နေပါတယ်။ ကျွန်မလည်း ဒီကြားထဲသွားလည်ပတ်ကြည့်ခဲ့ပေမဲ့ တကယ်ကို အူဒွန်ဆိုင်တွေချည်းပါပဲ။
တခါတလေ ရာမန်စားချင်လို့ ဟိုတယ်ဝန်ထမ်းကိုမေးကြည့်တဲ့အခါ Kagawa စီရင်စုကိုရောက်လာပြီးမှတော့ အူဒွန်ပဲစားပါ ဆိုပြီးပြောခံလိုက်ရတယ်။
အဲ့ဒီလိုအူဒွန်နာမည်ကြီးတဲ့စီရင်စုဟာ တကယ်တော့ လက်အိတ်ရဲ့နာမည်ကြီးထွက်ရှိရာဒေသဖြစ်ကြောင်းကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီအပြင်ဒီရာဇဝင်ဟာ ဘုန်းကြီးတစ်ပါးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကနေ အစပြုခဲ့တယ်လို့ဆိုပါတယ်။
Kagawa စီရင်စုအရှေ့ပိုင်းမှာတည်ရှိတဲ့ “ ဟိဂရှိ ခဂဝမြို့” ဟာ လက်အိတ်ထုတ်လုပ်ရာမြို့အဖြစ် အအေးဒဏ်ကိုကာကွယ်တဲ့ ဖက်ရှင်၊ အားကစား စတဲ့နယ်ပယ်အမျိုးမျိုးမှာသုံးသော လက်အိတ်တွေကို ထုတ်လုပ်လျှက်ရှိပါတယ်။ ၎င်းလက်အိတ်တွေကိုထုတ်လုပ်တဲ့ ကျွမ်းကျင်သူတွေဟာ ကြေးကြီးသလို၊ ထိုကျွမ်းကျင်သူတွေထုတ်လုပ်တဲ့ လက်အိတ်ကလည်း အရည်အသွေးဟာ ဂျပန်နံပါတ်တစ်ကိုပြေးနေပါတယ်။
တကယ်တော့ ဒီဒေသမှာ လက်အိတ်ထုတ်လုပ်မှု အဓိကဖြစ်လာတဲ့အကြောင်းအရင်းကတော့၊ ဘုန်းကြီးတစ်ပါးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းကနေအစပြုခဲ့ပါတယ်။
ဒီဇာလမ်းလေးအစပြုခဲ့တဲ့ အချိန်ကာလမှာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်
ဆာမူရိုင်းခေတ်ကာလအဆုံးပိုင်း၊ ယနေ့ခေတ်ကို စတင်ရုပ်လုံးပေါ်လာစေတဲ့ Meiji ခေတ်ဦးပိုင်းဖြစ်ပါတယ်။
ယနေ့ခေတ်ရဲ့ “ ဟိဂရှိ ခဂဝမြို့” ရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ 白鳥村 “ ရှိရတိုရိမုရာ” အကြောင်းပဲဖြစ်ပါတယ်။
千光寺 “ ဆန်းခိုးဂျိ” ဆိုတဲ့ ဘုရားကျောင်းဟာ ဟောဒီရွာမှာရှိပြီး၊ အဲ့ဒီနေရာမှာ 両子舜礼 “ ဖုတဂို ရွှန်ယဲအိ” ဆိုတဲ့ ရှင်တိုဘုန်းကြီးတစ်ပါး ရှိခဲ့ပါတယ်။ နောက်တစ်ဦးကတော့ ဒီဇာတ်လမ်းလေးရဲ့ အဓိကဖြစ်တဲ့ အဲ့ဒီအချိန် အသက် ၁၉ နှစ်အရွယ် 三好タケノ “ မိရောရှိ တခဲနို” ဆိုတဲ့ မိန်းကလေးပဲဖြစ်ပါတယ်။
အချစ်ကို စည်းမျဉ်းတွေနဲ့ကန့်သတ်ထားတဲ့ ဆာမူရိုင်းခေတ်ကုန်ဆုံးသွားပေမဲ့၊ လွတ်လပ်စွာချစ်ခွင့်မရှိသေးတဲ့ အချိန်ကာလဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်က “ ရွှန်ယဲအိ” ဟာ အသက် ၃၄ နှစ်ဖြစ်တဲ့အတွက် “ တခဲနို” နဲ့အသက် ၁၅ နှစ်မျှကွာပါတယ်။ ရွာသားတွေဟာ အကြီးအကျယ်ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ အချစ်အတွက် အရာရာကိုကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ နှစ်ဦးသားဟာ လက်တွဲပြီးကမ္ဘာသစ်ကိုရှာဖို့ အိုဆာကာသို့ ထွက်ပြေးသွားကြပါတယ်။
သို့သော် အသိမိတ်ဆွေတောင်မရှိတဲ့အိုဆာကာမှာ နေရေးထိုင်ရေး လုံးဝအဆင်မပြေဘဲ၊ “ ရွှန်ယဲအိ” ဟာဘုန်းကြီးအဖြစ် 托鉢 “ တခုဟဆု” မှာ အလှူခံထွက်ရုံသာ တတ်နိုင်ခဲ့ပါတယ်။
“ တခဲနို” ကတော့ အလုပ်မျိုးစုံကို အိမ်သို့ယူလာပြီး အိမ်မှာလုပ်ခြင်းဖြင့် အနည်းငယ်ဝင်ငွေရခဲ့ပါတယ်။ “ တခဲနို” ရဲ့အလုပ်ကနေ 手靴(てぐつ)လို့ခေါ်တဲ့ လက်ချောင်းလေးတွေမပါတဲ့ လက်အိတ်ကို “ ရွှန်ယဲအိ” ဟာမျက်စိကျသွားခဲ့တယ်။ ဒါဆိုရောင်းရလိမ့်မယ်လို့စဉ်းစားမိပြီး၊ ဇာတိဖြစ်တဲ့ Kagawa ကနေ “ တခဲနို” ရဲ့ ဝမ်းကွဲညီအစ်မတွေအပါအဝင် လူငယ်အချို့ကိုခေါ်ပြီး ပရော်ဖက်ရှင်နယ် ထုတ်လုပ်ရောင်းချမှုကို စတင်လိုက်ပါတယ်။
နောက်ဆုံးမှာ လုပ်ငန်းအတည်တကျလည်ပတ်နိုင်ပြီး၊ ပျော်စရာနေ့ရက်တွေ မကြာခင်ရောက်လာတော့မယ့်အချိန်မှာ၊ “ ရွှန်ယဲအိ” ဟာ ရောဂါနဲ့ဆုံးပါးသွားပါတော့တယ်။ အိုဆာကာကို ပြောင်းလာပြီး ၅ နှစ်ပဲရှိပါသေးတယ်။
သူ မရှိတော့တဲ့နောက် “ တခဲနို” ရဲ့ ဝမ်းကွဲညီအစ်မတွေဟာ Kagawa စီရင်စုကိုပြန်သွားကြပြီး၊ ဇာတိမြို့မှာ လက်အိတ်ချုပ်လုပ်ခြင်းကို စတင်လိုက်ပါတယ်။ ဒါဟာ Kagawa ရဲ့ လက်အိတ်ချုပ်လုပ်ခြင်းရဲ့ ကနဦးအစပဲဖြစ်ပါတယ်။
“ ဟိဂရှိ ခဂဝမြို့” ဟာ ယခင်က ဆားနှင့်သကြား ထုတ်လုပ်ဖြန့်ချိရေးကို လုပ်ကိုင်ခဲ့ကြပေမဲ့၊ နိုင်ငံခြားကနေ ဈေးပေါတဲ့ထုတ်ကုန်တွေဝင်လာတာကြောင့် တစ်မြို့လုံးကလုပ်ငန်းတွေ ကျဆင်းသွားခဲ့ပါတယ်။ အဲ့ဒီလိုနေရာမှာ လက်အိတ်ထုတ်လုပ်ရောင်းချမှုလုပ်ငန်း ပေါ်ပေါက်လာပါတယ်။ ဂျာမနီထုတ်လက်အိတ်တွေကို လေ့လာကြည့်ပြီး၊ ၎င်းတို့နဲ့ လက်ရည်အမှီလိုက်နိုင်အောင် သီးသန့်အပ်ချုပ်စက်ကိုတောင် ဖန်တီးပြီး၊ ထုတ်လုပ်ရေးလုပ်ငန်းကို တစ်ဟုန်ထိုးတိုးချဲ့လိုက်ပါတယ်။ တကယ်ကို “ ဟိဂရှိ ခဂဝမြို့” ရဲ့ ကယ်တင်ရှင်ပါပဲ။
ဒီလိုနဲ့ ပထမကမ္ဘာစစ်ကြီး ဖြစ်လာခဲ့တယ်။
ဥရောပမှာတော့ ဂျာမနီဟာ အကြီးဆုံးလက်အိတ်ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပေမဲ့၊ ဂျာမနီနဲ့အင်္ဂလန်တို့ဟာ စစ်ဖြစ်နေလို့ ဂျာမနီကနေ လက်အိတ်ဝယ်လို့မရတော့တဲ့ အင်္ဂလန်ဟာ ဂျပန်ကိုရွေးချယ်လိုက်ပါတယ်။ အဲ့ဒီအထဲမှာမှ ထိုဈေးကွက်ကိုရရှိခဲ့တာကတော့ “ ဟိဂရှိ ခဂဝမြို့” ပဲဖြစ်ပါတယ်။
အင်္ဂလန်ကနေ မှာယူမှုအမြောက်အများရရှိတဲ့အတွက် စက်ရုံကိုအလျင်အမြန်တိုးချဲ့လာပါတယ်။
“ ဟိဂရှိ ခဂဝမြို့” မှာ လူတွေစည်ကားလာပြီး၊ လှုပ်ရှားသက်ဝင်တဲ့ မြို့အဖြစ်ကို တိုးတက်လာခဲ့ပါတယ်။
https://intojapanwaraku.com/culture/185287/
ဂျပန်တစ်နိုင်ငံလုံးရဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကိုရရှိသွားတဲ့အထိ လက်အိတ်နိုင်ငံတော်ကြီးအဖြစ် အောင်မြင်လာခဲ့ပါတယ်။
“ ရွှန်ယဲအိ” နဲ့ “ တခဲနို” တို့သာမထွက်ပြေးခဲ့ဘူးဆိုရင် “ ဟိဂရှိ ခဂဝမြို့” ရဲ့ နာမည်ကျော်လက်အိတ်လုပ်ငန်းဟာလည်း မွေးဖွားလာခဲ့မှာမဟုတ်ပါဘူး။ သူတို့နှစ်ဦး အစပြုခဲ့တဲ့လုပ်ငန်းဟာ၊ သူတို့တွေကို မောင်းထုတ်ခဲ့တဲ့မြို့အား ပြန်လည်ကယ်တင်နိုင်ခဲ့ခြင်းက တကယ်ကို လေးစားဖွယ်ရလဒ်တစ်ခု ဖြစ်ပါတယ်။
အားလုံးထက် ဒုက္ခဆင်းရဲရောက်ခဲ့ပေမဲ့၊ အောင်မြင်တဲ့အချိန်မှာ နှစ်ဦးသားပျော်ရွှင်စွာ အိုမင်းခွင့်တောင်မရလိုက်ရှာပါဘူး။
ယနေ့ခေတ်တိုင် လက်အိတ်မြို့တော်အဖြစ် ထင်ရှားတဲ့ “ ဟိဂရှိ ခဂဝမြို့” မှာတော့ ကျွမ်းကျင်တဲ့အတတ်ပညာရှင်တွေဟာ လက်အိတ်တွေကို ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။
ဂျပန်မှာလက်သည်းရှည်ထားသူတွေ များလာတာကြောင့်၊ လက်သည်းအတွက်တစ်နေရာစာလိုချင်တဲ့ မှာယူမှုများအတွက်လည်း စိတ်တိုင်းကျလုပ်ပေးတယ်လို့ သိရပါတယ်။
“ ရွှန်ယဲအိ” နဲ့ “ တခဲနို” တို့ရဲ့ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို မြင်ယောင်ရင်၊ “ ဟိဂရှိ ခဂဝမြို့” ရဲ့ လက်အိတ်တွေ ကမ္ဘာအနှံ့ပြန့်နှံ့ရောက်ရှိစေဖို့ ဆန္ဒပြုမိပါတယ်။