တွန်ဂါမီးတောင်ပေါက်ကွဲမှုဟာ ကီလိုမီတာ ၈၀၀၀ အဝေးမှာရှိသော်လည်း ဂျပန်တွင်ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါကမ်းလွန်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
၈၀၀ ကီလိုမီတာအကွာမှာရှိတဲ့ Fiji နိုင်ငံမှာတော့၊ ပြင်းထန်တဲ့ မိုးခြိမ်းသံလောက်ရှိတဲ့ အသံကိုကြားလိုက်ရပြီး၊ အခြေအနေကိုအပြည့်အဝ နားမလည်နိုင်သေးပေမဲ့၊ ကမ္ဘာကြီးအပေါ် သက်ရောက်မှုကြီးကြီးမားမားဖြစ်စေမယ့် ပေါက်ကွဲမှုကြီးဖြစ်လိမ့်မယ်ဆိုတာတော့ ခန့်မှန်းမိခဲ့ကြပါတယ်။

ဒီအပြင် ကီလိုမီတာ ၈၀၀၀ အကွာမှာရှိတဲ့ ဂျပန်အထိကို ဆူနာမီဟာရောက်လာပါတယ်။
ဆူနာမီအကြီးစားမဖြစ်သွားဘဲ သတိပေးချက်တွေလည်း ပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့၊ ပျက်စီးထိခိုက်မှုရှိခဲ့တာကို စာဖတ်သူတို့သိကြပါသလား?

Miyagi စီရင်စု၊ Kochi စီရင်စုနဲ့ Tokushima စီရင်စု ၃ ခုမှာ ငါးဖမ်းလှေပေါင်း ၃၀ ဟာ၊ တိမ်းမှောက်ခြင်းနဲ့ ယိုစိမ့်ခြင်းစတဲ့ ပျက်စီးမှုတွေဖြစ်သွားခဲ့ပါတယ်။
ဒီအပြင် Iwate စီရင်စုနဲ့ Miyagi စီရင်စုမှာတော့ ကမာ၊ ဂုံးနဲ့ ရေညှိတို့ကို မွေးမြူထားတဲ့ မွေးမြူရေးလုပ်ငန်းဟာ အတော်လေးအထိနာသွားခဲ့ပါတယ်။

ဆူနာမီဟာ ၃၀ စင်တီမီတာ အမြင့်လောက်သာရှိခဲ့ပေမဲ့၊ နေရာဒေသနဲ့လိုက်ပြီး ရေသတ္တဝါမွေးမြူရေးစက်ရုံ ထက်ဝက်ကျော်လောက် ထိခိုက်နစ်နာသွားခဲ့ပါတယ်။
ဒီဒေသက ၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီးမှာလည်း တော်တော်ထိခိုက်သွားခဲ့ပြီး၊ နောက်ဆုံးပြန်နလန်ထူနိုင်လာတဲ့အချိန်မှာပဲ ကိုရိုနာကပ်ရောဂါကြောင့် စားသောက်ဆိုင်တွေကို ကန့်သတ်များထုတ်လိုက်ရာကနေ ရေထွက်ကုန်ပစ္စည်းအပေါ်လည်း ထိခိုက်မှုရှိခဲ့ပြန်ပါတယ်။ ဒါတင်မကသေးဘဲ ယခုထပ်မံပြီး တွန်ဂါးရဲ့ဆူနာမီတိုက်ခိုက်မှုကို ခံလိုက်ရတယ်။

ဒီရာသီကတော့ ကမာကောင်တင်ပို့မှု တော်တော်လေးပြီးစီးသလောက်ရှိပေမဲ့၊ လာမယ့်နှစ်ဆောင်းဦးအတွက် တင်ပို့ရမယ့်ကမာကောင်တွေကို ယခုကတည်းက ကရုတစိုက်မွေးမြူရမယ့်အချိန်ဖြစ်ပါတယ်။ မူလအခြေအနေပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲမခန့်မှန်းနိုင်ပေမဲ့၊ အပြည့်အဝပြန်လည်ပတ်နိုင်ဖို့အထိ ကြာအုံးမယ်လို့ပြောကြတဲ့ ရေလုပ်ငန်းရဲ့အခက်အခဲဟာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိအုံးမယ့်ပုံပါပဲ။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: