သွားစရာနေရာမရှိတဲ့ မြန်မာဒုက္ခသည်လျှောက်လွှာတင်သူ။ ဂျပန်ဟာသူတို့ကို ကယ်တင်နိုင်ပါ့မလား?

ဂျပန်ရဲ့လက်ရှိစီးပွားရေးဟာ အလုပ်သင်သင်တန်းသားပေါင်းများစွာရဲ့ ထောက်ပံ့မှုနဲ့လည်ပတ်နေပါတယ်။
ဒီတစ်ခေါက်ပြောပြမယ့် ဇာတ်လိုက်တွေကလည်း ဒီလိုအလုပ်သင်သင်တန်းသားအဖြစ်နဲ့ ဂျပန်ကိုရောက်လာတဲ့ မြန်မာနိုင်ငံသား လူငယ်လေး ၂ ယောက်ဖြစ်ပါတယ်။

https://www.tokyo-np.co.jp/article/151200

ဒီလူငယ် ၂ ယောက်ဟာ အလုပ်ခွင်ကနေ ထွက်ပြေးပြီး၊ ဒုက္ခသည်လျှောက်လွှာကိုတင်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် ၈ လပိုင်းမှာ ဂျပန်ကိုရောက်လာခဲ့တဲ့သူတို့ ၂ ယောက်ဟာ Aichi စီရင်စုအတွင်းရှိ နေ့လည်စာထမင်းဗူးထုတ်လုပ်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာမပါဝင်ခဲ့တဲ့ ထမင်းဗူးဆေးကြောခြင်းကိုပါလုပ်ရပြီး၊ ဆေးကြောတဲ့စက်ရဲ့အပူနဲ့ ထမင်းသိုးဟင်းသိုးတွေရဲ့ ပုပ်ပွတဲ့အနံ့တွေကြားမှာ ပင်ပန်းဆင်းရဲစွာလုပ်ခဲ့ကြရပါတယ်။
မနက် ၄ နာရီကနေ ၈ နာရီကြာ၊ နားချိန်မရှိ…
အခန်းကျဉ်းလေးမှာ ၃ ယောက်ကို ၁ ခန်းနေခဲ့ရတယ်။
အိမ်သာကလည်းရေဆေးလို့မပြောင်ဘဲ အနံ့အသက်ကဆိုးရွားလွန်းတယ်။
ဆိုးရွားလွန်းတဲ့အလုပ်ခွင်ကြောင့် ယခင် ၅၅ ကီလိုဂရမ်ရှိခဲ့တဲ့ ကိုယ်အလေးချိန်ဟာ ၁၀ ကီလိုဂရမ်တောင် ကျသွားခဲ့ပါတယ်။

ချောင်းလည်းအဆက်မပြတ်ဆိုးလာတာကြောင့် အလုပ်သမားအဖွဲ့အစည်းဆီသွားပြီး အလုပ်ပြောင်းပေးဖို့ကိုတောင်းဆိုခဲ့ပေမဲ့ တစ်စုံတစ်ရာတုံ့ပြန်ပေးမှုမရှိခဲ့ပါဘူး။ ဒါနဲ့ပဲမဖြစ်နိုင်မှုကိုခံစားရပြီး စီမံခန့်ခွဲမှုအဖွဲ့အစည်းထံ ကုမ္ပဏီပြောင်းပေးဖို့ကိုတောင်းဆိုပေမဲ့၊ ပြောင်းဖို့ကိုအသိမှတ်ပြုခြင်းမခံရတဲ့အပြင် ပိုဆိုးတာက “ မလုပ်ချင်ရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်” ဆိုပြီး အပြောခံလိုက်ရပါတယ်။

သူတို့ဟာ မြန်မာငွေသိန်း ၆၀ နီးပါးအကြွေးတင်ကာ ဂျပန်လာကြသူတွေဖြစ်သလို၊ ဒီအပြင် အာဏာသိမ်းမှုကြောင့် တိုင်းပြည်ပြန်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။
သူတို့ဟာအပတ်တိုင်းလိုလို Nagoya မြို့မှာကျင်းပတဲ့ စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ကြပြီး၊ သူတို့ရဲ့ဓါတ်ပုံတွေကလည်း အင်တာနက်ပေါ်ရောက်နေပြီးသားဖြစ်တဲ့အတွက်၊ အကယ်၍တိုင်းပြည်ပြန်ခဲ့ရင် အသက်အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

တိုင်းပြည်မပြန်တော့ဘဲ၊ နောက်ပြီးလက်ရှိအလုပ်ခွင်ကလွဲပြီးအလုပ်လုပ်ချင်တယ်။
ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ချင်ကြသူတွေဖြစ်တာတောင်မှာပဲ…

အဲ့ဒီလိုသူတို့တွေဟာ ဒုက္ခသည်လျှောက်လွှာကိုတင်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာက ဒုက္ခသည်လျှောက်လွာကို အသိအမှတ်ပြုမှုနှုန်းက ၁၀၀ မှာ ၁ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။
ဒါပေမဲ့ သူတို့ရဲ့အခြေအနေက ဘဝနဲ့ဆိုင်နေတယ်။
သူတို့တွေဟာ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ကုမ္ပဏီပြောင်းချင်တာမဟုတ်ဘဲ၊ ကုမ္ပဏီဘက်က စာချုပ်ချိုးဖောက်ပြီး မတရားခိုင်းစေမှုကြောင့်သာ ဒုက္ခရောက်ကြခြင်းဖြစ်ပါတယ်။

ယခုနှစ် ၃ လပိုင်းလောက်အထိ ဂျပန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်လျှောက်လွာတင်သူ ၂၉၄၄ ဦးရှိပါတယ်။
၅ လပိုင်းကနေ ၁၀ လပိုင်းအထိ အသစ်တင်သူမှာ ၂၃၅ ဦးရှိပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပါ ထည့်ပြီးစဉ်းစားကြည့်ရင် နေထိုင်ခွင့်ကိုခွင့်ပြုပေးမလား၊ ခွင့်မပြုဘူးလားဆိုတဲ့ပြဿနာမဟုတ်ဘဲ၊ သူတို့တွေကို လျစ်လျူရှုပစ်မှာလား၊ ကယ်တင်ပေးမလားဆိုတဲ့ ပြဿနာဖြစ်ပါတယ်။
ဂျပန်စီးပွားရေးဟာ သူတို့တွေရဲ့ခွန်အားမပါရင် ကောင်းကောင်းလည်ပတ်နိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီလိုသူတို့တွေအတွက် လုံခြုံစိတ်ချရမယ့် အလုပ်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးရမယ်။ ဒီအပြင် သူတို့တွေရဲ့အသက်ကို စောင့်ရှောက်ပေးရပါမယ်။

ဂျပန်အစိုးရရဲ့ သစ္စာရှိတဲ့တုံ့ပြန်မှုကို ရိုးသားစွာနဲ့မျှော်လင့်မိပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: