အိမ်ခြေရာမဲ့များအား ဘဝရပ်တည်နိုင်ရေးအတွက် ကူညီတဲ့အဖွဲ့အစည်းများ

အလုပ်ပြုတ်၊ နေစရာနေရာမရှိ၊ မိသားစုကိုပါဆုံးရှုံးခဲ့တဲ့ လမ်းပေါ်နေလမ်းပေါ်စားလူတန်းစားကို အိမ်ခြေရာမဲ့ လို့ခေါ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ မတိုင်ခင်က မြို့ပေါ်မှာ ပုံမှန်အတိုင်း ဟိုဟိုဒီဒီတွေ့ခဲ့ရပါတယ်။ ပန်းခြံနဲ့ မြစ်ကမ်းဘေးမှာ စက္ကူကတ်ထူနဲ့ အကာအရံလုပ်ပြီး ဆင်းဆင်းရဲရဲ စားသောက်နေထိုင်ကြသူတွေဖြစ်ပါတယ်။ ၎င်းပုံစံကို ဒီဘက် ၂၀၀၀ ခုနှစ်ကိုရောက်လာတဲ့အခါ သိပ်ပြီးမတွေ့ရတော့ပါဘူး။

ရှင်းလင်းရေးကို ပထမဆုံးလှုပ်ရှားခဲ့တာက အစိုးရဖြစ်ပါတယ်။
မြို့တော်စည်ပင်သာယာရေးနှင့် လုံခြုံရေးအတွက်ဆိုပြီး ပန်းခြံနဲ့မြစ်ကမ်းဘေးမှာ နေထိုင်မှုကိုတားမြစ်ပိတ်ပင်လိုက်ပါတယ်။
ဒီလိုတားမြစ်လိုက်တာဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ၊ အိမ်ခြေရာမဲ့ဘဝတွေကို ပိုပြီးဒုက္ခထဲတွန်းပို့စေခဲ့ပါတယ်။

သူတို့တွေဟာ စတိုးဆိုင်တွေနဲ့စားသောက်ဆိုင်တွေက စားကြွင်းစားကျန်တွေကို ယူစားခဲ့ကြပေမဲ့၊ ဒါဟာလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးပြဿနာကြောင့် စားခွင့်မပြုတော့ဘဲ အစားအစာတွေကိုရေနဲ့ပက်ပြီးမှ စွန့်ပစ်တာမျိုးတွေလုပ်လာကြပါတယ်။

ဒီတစ်ခေါက်တော့ သူတို့ကိုတိုက်ခိုက်ခဲ့တာက ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပါပဲ။
ဂျပန်မှာတော့ ၂၄ နာရီပတ်လုံးဖွင့်တဲ့ စားသောက်ဆိုင်တွေတော်တော်များများရှိတာကြောင့်၊ ကော်ဖီတစ်ခွက်နဲ့တင် တစ်ညလုံးဆိုင်ထဲမှာ နွေးနွေးထွေးထွေးနေနိုင်ခဲ့ပေမဲ့၊ ကိုရိုနာကာလမှာ ဆိုင်တွေကိုစောပိတ်ရတာကြောင့် နေစရာနေရာပျောက်ဆုံးလာကြတယ်။

နောက်ပြီး အိမ်ခြေရာမဲ့အဖွဲ့လိုက်နေထိုင်သူတွေဟာ ၂၄ နာရီလုံးဖွင့်တဲ့ Manga cafe စတာတွေမှာ ညဘက်ကိုဖြတ်သန်းကြပေမဲ့၊ ဒီဆိုင်တွေလည်း စောစောပိတ်ရတာပါပဲ။
ဒါကြောင့် တမဟုတ်ချည်း အိမ်ခြေရာမဲ့တွေများလာပါတော့တယ်။

နောက်ပြီးကိုရိုနာကြောင့် စီးပွားရေးထိခိုက်ပြီးထွက်ပေါက်မရှိတဲ့ဒေါသကို အိမ်ခြေရာမဲ့တွေအပေါ် အပြစ်တင်ပေါက်ကွဲတဲ့ မှုခင်းတွေလည်း တွေ့လာရပါတယ်။ ၂၀၂၀၊ ၂၀၂၁ ခုနှစ်ကတော့ အိမ်ခြေရာမဲ့တွေအတွက် တကယ့်ကိုငရဲတစ်မျှပါပဲ။

အိမ်ခြေရာမဲ့လို့ဆိုပေမဲ့ လူသားချင်ကတော့ အတူတူပါပဲ။
“ အသက်ရှင်ဖို့အတွက် လူ့အခွင့်အရေးရှိသလို နောက်တစ်ကြိမ် သာမန်လူနေမှုအဆင့်အတန်းသို့ ပြန်လည်ရောက်ရှိဖို့ အခွင့်အရေးရှိသင့်တယ်။”

အဲ့ဒီလိုစဉ်းစားတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေဟာ သူတို့တွေအတွက်လှုပ်ရှားမှုကို ပြုလုပ်လာကြတယ်။

ဥပမာ တိုကျိုဆိုရင် “ Sanya” ဆိုတဲ့နေရာရှိတယ်။ Asakusa ရဲ့အနီးမှာတဲ့ ကျူးကျော်ရပ်ကွက်ပေါ့
အိမ်ခြေရာမဲ့နဲ့ အိမ်ခြေရာမဲ့အဖွဲ့တွေ စုပြီးနေကြတဲ့နေရာဖြစ်ပြီး၊ အရင်ကတည်းက နာမည်ကြီးပါတယ်။
နေ့စားအလုပ်သမားတွေစုနေပြီး၊ သူတို့အတွက် ဈေးသက်သာတဲ့နေစရာအိမ်တွေရှိပါတယ်။ ဒါပေမဲ့လည်း၊ အဲ့ဒီနေရာကနေ စက်ဘီးနဲ့ မိနစ် ၂၀ လောက်ဝေးတဲ့နေရာမှာနေကြတဲ့ ကျွန်တော်တို့တွေဟာ၊ ကလေးဘဝက “ အဲ့ဒီနေရာကို လုံးဝမသွားရဘူး” ဆိုပြီး မိဘတွေဆီက တားမြစ်ခံရလေ့ရှိပါတယ်။

အဲ့ဒီလို “ Sanya” အရပ်ကို အခြေခံလှုပ်ရှားမှုအဖြစ် ကူညီပေးတဲ့အဖွဲ့အစည်းတွေများစွာရှိပါတယ်။ သူတို့တွေဟာ အားလုံးကို ပူပူနွေးနွေးထမင်းတွေချက်ပြုတ်ပြီး အခမဲ့ဖြင့် ပုံမှန်ပေးဝေကြပါတယ်။


နောက်ပြီး အဝတ်အစားနဲ့နေ့စဉ်သုံးပစ္စည်းတွေကိုလည်း ပေးဝေရင်းနဲ့ ညဘက်မြို့ထဲမှာဒုက္ခရောက်နေတဲ့ အိမ်ခြေရာမဲ့တွေရှိမရှိ လှည့်ပတ်ကြည့်ရှုခြင်းကိုလည်း ၁ လမှာ ၂ ကြိမ် လုပ်ဆောင်ကြပါတယ်။

အခမဲ့ဖြင့် လူနာကြည့်ပေးတဲ့ စေတနာ့ဝန်ထမ်းဆရာဝန်တွေတောင် ရှိပါတယ်။
ဒီအပြင် လူမှုဖူလုံရေးရရှိဖို့အတွက်အကြံဉာဏ်ပေးခြင်းနဲ့ အလုပ်အကိုင်ပြန်လည်ရရှိရေးကို ပံ့ပိုးပေးသူများလည်း ရှိပါတယ်။

ဒီလိုစေတနာ့ဝန်ထမ်းအဖွဲ့တွေ တိုကျိုမှာ အများကြီးရှိသလို၊ မဂ္ဂဇင်းရောင်းရတဲ့နေရာမှာ အလုပ်ပေးကြည့်တာမျိုးပါ ရှိပါတယ်။

Big Issue ဆိုတဲ့မဂ္ဂဇင်းမျိုး၊ မြင်ဖူးသူတွေရှိလား?

ဒီမဂ္ဂဇင်း ၁ အုပ်ကို ယန်း ၄၅၀ ရှိပေမဲ့၊ ဒါကိုအိမ်ခြေရာမဲ့တွေက လမ်းပေါ်မှာလိုက်ရောင်းတယ်။
၁ အုပ်ရောင်းရတဲ့ငွေထဲက ယန်း ၂၃၀ ဟာ၊ အိမ်ခြေရာမဲ့ရဲ့ ကော်မရှင်ခအဖြစ် ပြန်ပေးတာမျိုးဖြစ်ပါတယ်။

ထိုအချိန်က အထွေထွေမန်နေဂျာဟာ၊ ဂျပန်မှာတော့ ၁၀၀ ကျရှုံးမယ် ဆိုပြီးဝေဖန်ခံခဲ့ပါတယ်။
လူငယ်တွေဟာ စာအုပ်ကိုမဖတ်ကြတော့တာမျိုး၊ အိမ်ခြေရာမဲ့တွေဆီက ပိုလို့တောင်မဝယ်ချင်တာမျိုး၊
နောက်ပြီး လမ်းပေါ်မှာမဂ္ဂဇင်းဝယ်တဲ့အလေ့အထိလည်းမရှိ၊ အခမဲ့စာရွက်တွေလည်းအများကြီးရှိလို့ ဝယ်ရမယ့်ပစ္စည်းဆိုရင် ရောင်းထွက်မှာတောင်မဟုတ်ဘူး။

အဲ့ဒီလိုတွေဝေဖန်ခံခဲ့ရတဲ့ ဒီမဂ္ဂဇင်းဟာ၊ လက်ရှိမှာ လူပေါင်း ၁၀၆ ဦးကရောင်းချနေပြီး၊ လူပေါင်း ၂၀၅ ဦးဟာ မဂ္ဂဇင်းအရောင်းဝန်ထမ်းဘဝကနေ ဘွဲ့ရရှိပြီး အလုပ်အကိုင်အသစ်ကိုတောင် တက်လှမ်းနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
နောက်ပြီး ၁၇ နှစ်လုံး မဂ္ဂဇင်းအုပ်ရေပေါင်း ၈.၉၂ သန်း ကိုရောင်းရပြီး၊ ရရှိတဲ့ဝင်ငွေ ၁,၃၇၀,၂၀၀,၀၀၀ ယန်းကို အိမ်ခြေရာမဲ့တွေဆီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမြဲတမ်းတစ်နေရာတည်းမှာ မဂ္ဂဇင်းတွေရောင်းနေတဲ့ အိမ်ခြေရာမဲ့ ဦးလေးကြီး။
“ အသစ်ထွက်ပြီလားဗျ?”

ဆိုပြီးလာမေးတဲ့ ပုံမှန်ဝယ်ယူသူ။
ဒီနေရာမှာ နှစ်ယောက်သား စကားစမြည်ပြောကြရင်း၊ လူတွေအဖက်မလုပ်ကြတဲ့ အိမ်ခြေရာမဲ့တစ်ယောက်ရဲ့ဘဝမှာ ပေါင်းသင်းဆက်ဆံမှုဆိုတဲ့အရာကဝင်ရောက်လာကာ၊ ထိုအရာကပဲ တက်ကြွမှုနဲ့ယုံကြည်မှုကို မွေးဖွားပေးခဲ့ပါတယ်။

လူသားမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတော့ကျရှုံးပြီး အကျဉ်းအကြပ်ထဲကျရောက်နိုင်ပါတယ်။
အဲ့ဒီနေရာမှာ စိတ်ဓါတ်ကျသွားရင် ဘာကိုမှအစကနေပြန်စလို့ရမှာမဟုတ်ပါဘူး။
ရှေ့ကိုဆက်လျှောက်ဖို့ ခွန်အားလိုတယ်။

စေတနာ့ဝန်ထမ်းများနဲ့အတူ မဂ္ဂဇင်းရောင်းချခြင်းကို အားပေးနေတဲ့လူတွေနဲ့ ပေါင်းသင်ဆက်ဆံမိတ်ဖွဲ့ခြင်းဖြင့် နောက်တစ်ကြိမ် ဘဝကိုပြန်စချင်တဲ့တွန်းအားတွေဖြစ်လာပြီး တက်ကြွပြုံးပျော်နေတဲ့မျက်နှာနဲ့ ဘဝသစ်ကိုစနိုင်ဖို့မျှော်လင့်မိတယ်။

သတင်းဆိုးတွေ အများကြီးရှိတဲ့ဂျပန်မှာ၊ ဒီလိုလူသားချင်းစာနာတဲ့ အကြောင်းအရာလေးတွေလည်း လူမသိသူမသိ ရှိနေပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: