အငြိမ်းစားငွေ ယန်းသန်း ၄၀ ကျော်ရရှိပြီး စောအစောအနားယူခဲ့သော်လည်း၊ နောက်တအကြီးအကျယ်ရခဲ့တဲ့ပုဂ္ဂိုလ်

ဂျပန်ဟာယခင်ကတည်းက တစ်သက်တာအလုပ်လုပ်ကိုင်သွားတဲ့ လုပ်သက်စနစ်ဆိုတဲ့အရာမျိုးရှိပါတယ်။
ကျောင်းပြီးသွားရင် မနားတော့ဘဲလုပ်ငန်းခွင်ထဲ တန်းဝင်ကြပြီး၊ တစ်နေရာတည်းမှာပဲ အသက် ၆၀ အထိအလုပ်လုပ်သွားကြရင်း ၆၀ ပြည့်မှပင်စင်ယူလိုက်ကြပါတယ်။ လမ်းတစ်ဝက်မှာ အလုပ်ပြောင်းလိုက်တာမျိုးကိုလည်း သဘောမကျတဲ့နိုင်ငံဖြစ်ပါတယ်။

ဒီလိုမျိုးတွေမရှိရအောင် ထောက်ပံ့ပေးနေတာကတော့ အငြိမ်းစားငွေနဲ့ပင်စင်ငွေ၊ ဒီအပြင် ဆက်လက်တိုးတက်သွားတဲ့စီးပွားရေးဖြစ်ပါတယ်။
အငြိမ်းစားယူလိုက်ရင် ပင်စင်ငွေနဲ့ လောက်ငှအောင်နေနိုင်တယ်။ ဒီအပြင် စုပေးထားတဲ့အငြိမ်းစားငွေကို တစ်လုံးတည်းရရှိတာကြောင့် နေချင်ခဲ့တဲ့ပင်လယ်အနီးအနားမှာ ဇနီးမောင်နှံစုံတွဲအတူ အိမ်ပြောင်းပြီးနေသွားချင်တယ်။ အဲ့ဒီလိုအိပ်မက်မျိုး လူတိုင်းမှာရှိပေမဲ့၊ ခေတ်ကာလကလည်း အလျင်အမြန်ပဲပြောင်းလဲလာပါတယ်။

ဂျပန်ဟာ စီးပွားရေးအင်အားကောင်းခဲ့စဉ်အချိန်က ကုမ္ပဏီတွေဟာ လုပ်ငန်းတိုးတက်ဖို့အတွက် အထူးသဖြင့် ဝန်ထမ်းအရေအတွက်ကိုတိုးပွားပြီး လုပ်ငန်းကိုချဲ့ထွင်ခဲ့ကြပါတယ်။
သို့သော် နှစ်အတော်ကြာစီးပွားရေးကျဆင်းလာတဲ့အခါမှာတော့ ဒီအချိန်ကာလမှာ အလုပ်ခန့်လိုက်တဲ့ဝန်ထမ်းဟာ လူပိုဖြစ်လာပါတော့တယ်။
ဂျပန်မှာတော့ လုပ်သက်စနစ်ဆိုတဲ့အရာက လုပ်သက်များလေစီနီယာကျလေ ဆိုပြီးသတ်မှတ်ထားတာကြောင့် လုပ်သက်များလေ အလိုအလျောက်လစာတိုးလေ ဆိုတဲ့ပုံစံမျိုးသွားကြတဲ့ ကုမ္ပဏီတွေများပါတယ်။
စီးပွားရေးကောင်းစဉ်က bubble economy အချိန်မှာ အလုပ်ခန့်ခဲ့တဲ့လူတွေဟာ ယခုအချိန်မှာအတော်အသင့်လုပ်သက်ရနေပြီး လစာလည်းမြင့်နေပါပြီ။
ဒီလူတွေကို အလုပ်မထွက်ခိုင်းသရွေ့ လူသစ်တွေကိုအလုပ်ခန့်ဖို့အတွက် ဘက်ဂျတ်မကျန်ပါဘူး။

အဲ့ဒီလိုကုမ္ပဏီရဲ့အခက်အခဲကြောင့် စောစောအငြိမ်းစားယူခြင်းဆိုတဲ့ကိစ္စ ဂျပန်မှာကျယ်ပြန့်လာပါတော့တယ်။
အသက် ၆၀ နှစ်၊ ၆၅ နှစ် စသဖြင့် အငြိမ်းစားယူရမယ့်အချိန်ကို ဂျပန်ကုမ္ပဏီအများစုက သတ်မှတ်ထားပေမဲ့၊ အဲ့ဒီအချိန်မရောက်ခင် အလုပ်ထွက်ခိုင်းပြီး လူသစ်ကိုအလုပ်ခန့်ခြင်းဖြင့် အလုပ်သမားစာရိတ်ကိုလျော့ချတာမျိုးကို ရည်ရွယ်ပါတယ်။

ယခုပြောပြမယ့် A ဆိုတဲ့ပုဂ္ဂိုလ် အမည်လွှဲဟာ ပင်စင်ငွေ ယန်းသောင်း ၄၀၀၀ (ယန်းသန်း ၄၀)ကိုရရှိပြီး၊ စောစောအငြိမ်းစားယူသွားခဲ့ပါတယ်။

သူဟာကုမ္ပဏီကြီးတစ်ခုမှာ အရောင်းမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
အသက် ၅၅ နှစ်မှာ၊ ပင်စင်ငွေအဖြစ် ယန်းသန်း ၄၀ ကိုပေးမယ်လို့ ကုမ္ပဏီဘက်ကကမ်းလှမ်းလာတာကြောင့် အလုပ်ထွက်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ဆိုတာ ကျန်းမာနေတုန်းပါ။
ဒါနဲ့ပဲ အလုပ်အကိုင်ပြန်ရရှိဖို့ထောက်ပံ့ပေးတဲ့ ကုမ္ပဏီကနေတစ်ဆင့် အလတ်စားကုန်သွယ်ရေးကုမ္ပဏီမှာ မန်နေဂျာအဖြစ် နောက်တစ်ကြိမ်အလုပ်ရရှိသွားခဲ့ပါတယ်။

နှစ်စဉ်ငွေ ယန်း ၁၃၀၀ သောင်းရရှိခဲ့တာကနေ၊ ယန်း ၇၀၀ သောင်းကိုကျဆင်းသွားပေမဲ့၊ အလွန်များတဲ့ပင်စင်ငွေရရှိခဲ့တာကြောင့် ငွေကြေးပြဿနာတော့မရှိခဲ့ပါဘူး။ သို့သော် ယခင်အလုပ်လုပ်ခဲ့တဲ့နေရာနဲ့ အတော်လေးကွာခြားမှုရှိနေတာကြောင့် သူ့အတွက်ခက်ခဲခဲ့ပါတယ်။

အသေးစားနှင့်အလတ်စားကုမ္ပဏီမှာတော့ ဘာမဆိုအားလုံး ကိုယ်ကိုတိုင်လုပ်ရပါတယ်။
ကုမ္ပဏီကြီးတွေမှာရှိတတ်တဲ့ Training စနစ်အပြင်၊ အလုပ်သမားဌာနလည်း အသေးစားနှင့်အလတ်စားကုမ္ပဏီတွေမှာမရှိပါဘူး။
ကုမ္ပဏီကြီးမှာပဲ အတွေ့အကြုံရှိခဲ့တဲ့ A ဟာ၊ ဘာလုပ်ရမှန်းမသိဖြစ်လာပါတယ်။

ထိုရလဒ်ဟာ၊ သူ့ထက်ငယ်တဲ့ဝန်ထမ်းတွေရဲ့ လှောင်ပြောင်ခြင်းကိုခံရပြီး၊ “ အလုပ်မလုပ်တတ်တဲ့အဖိုးကြီးတော့ရောက်လာပြီး” ဆိုပြီး ကွယ်ရာမှာအတင်းပြောခံရပါတော့တယ်။

A သာ အလုပ်ကိုကြိုးစားသင်ယူလိုက်ရင် ဖြစ်တာပဲမဟုတ်လား? လို့တော်တော်များများတွေးမိကောင်း တွေးမိနိုင်ပေမဲ့၊ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့တဲ့လူတွေအများစုဟာ ဒီလိုအခြေအနေနဲ့ပုံစံတူပါတယ်။
ဘာမဆိုပြင်ဆင်ထားပြီးသား၊ အလုပ်သမားဌာနလည်းရှိပြီး အရံသင့်မိမိအလုပ်တစ်ခုတည်းကိုသာ လုပ်လိုက်ရုံပါပဲ။ သို့သော် ဒီလိုပြင်ဆင်ထားမှုတွေမရှိဘဲ အလုပ်မလုပ်တတ်တော့တဲ့လူအတွက် အခုချိန်မှာပြောင်းလဲလိုက်ပါ လို့ပြောရင်တောင် မပြောင်းလဲနိုင်ကြတော့ပါဘူး။

ကျွန်တော်လည်းအရင်က Shibuya က IT အကျိုးတူကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီမှာ ဂျပန်ရဲ့အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီမှာလုပ်ခဲ့ဖူးသူတစ်ယောက် အလုပ်လာလျှောက်ပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီမှာလုပ်ခဲ့တုန်းက သူဟာမန်နေဂျာရာထူးရှိခဲ့သူပါ။
စကားမစပ် အဲ့ဒီကုမ္ပဏီက ဝန်ထမ်းအင်အားပေါင်း ၃ သိန်းကျော်ရှိတဲ့ အရမ်းကြီးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်တော်လုပ်နေတဲ့ကုမ္ပဏီကတော့ ဝန်ထမ်း ၅၀ လောက်ပဲရှိတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့သွားနေတဲ့နှုန်းရော အရာအားလုံးကိုပါယှဉ်ကြည့်ရင် အကွာကြီးကွာတာပေါ့ …

ဘာလုပ်နိုင်သလဲ? ကျွမ်းကျင်တဲ့အရာက?
ဆိုပြီးအင်တာဗျူးမှာကျွန်တော်မေးလိုက်တဲ့အခါ သူ့အဖြေက
“ ကုမ္ပဏီတွင်း ညှိနှိုင်းဆောင်ရွက်ခြင်း”

ဆိုပြီး အားတက်သရောပြန်ဖြေလာခဲ့တဲ့အတွက် အံ့သြသွားခဲ့ပါတယ်။
ကုမ္ပဏီတွင်းမှာ ဝန်ထမ်းအင်အားက ၅၀ လောက်သာရှိသလို၊ ကျွန်တော်နဲ့သူဌေးဆိုတာက အမြဲတမ်းတိုင်ပင်ဆွေးနွေကြပြီး အတူဆုံးဖြတ်လေ့ရှိတာကြောင့်၊ လက်ရှိအခြေအနေမှာ ကုမ္ပဏီတွင်းညှိနှိုင်းဆောင်ရွက်မှုဆိုတာ မလိုအပ်သေးပါဘူး။ ဒီအပြင် ဒီကုမ္ပဏီကိုအခုမှဝင်မှာဆိုတော့လည်း အသိမိတ်ဆွေတွေမရှိလောက်သေးဘူးနော်? ဒါကြောင့် ကုမ္ပဏီတွင်းညှိနှိုင်းဆောင်ရွက်မှုလုပ်ဖို့မလိုသေးပါဘူး..

လို့ပြောလိုက်တဲ့အခါ သူ့ဘက်ကဘာမှတုံ့ပြန်စကားမထွက်လာတော့ပါဘူး။

အဲ့ဒီအချိန်က ကျွန်တော့်အသက် ၃၂ နှစ်ဖြစ်ပြီး၊ အင်တာဗျူးလာဖြေတဲ့ပုဂ္ဂိုလ်က အသက် ၄၅ နှစ်ပါ။
မဟုတ်မှလွဲရော စောစောအငြိမ်းစားယူလိုက်ရသူတစ်ဦးပဲ ဖြစ်ပါလိမ့်မယ်။

ကုမ္ပဏီကြီးတွေက သူတို့ကိုယ်တိုင်ကိုင်တွယ်ရလွယ်တဲ့ပုံစံနဲ့ ပျိုးထောင်လာခဲ့တဲ့လူ့စွမ်းအားအရင်းအမြစ်က လက်တွေ့မှာတော့ နယ်ပယ်တစ်ခုကလွဲရင် တခြားမလုပ်တတ်သူတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်သွားရခြင်းက တစ်ဦးချင်းစီရဲ့ပြဿနာဟုတ်ပေမဲ့၊ ကုမ္ပဏီဘက်ကလည်း ဒီအရာပေါ်မှာတာဝန်ရှိတယ်လို့ထင်မိပါတယ်။
စာဖတ်သူတို့အတွေးကိုလည်း ဖလှယ်နိုင်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: