တွားသွားလို့တောင်မရဘူး။ အသက် ၃၀ နဲ့အိမ်ခြေရာမဲ့ဘဝရောက်သွားတဲ့လူငယ်ရဲ့အဖြစ်မှန်

ရေရှည်စီးပွားရေးကပ်ဆိုက်လာမှုကြောင့် ဂျပန်မှာဆင်းရဲချမ်းသာကွာခြားမှု သိသိသာသာရှိလာခဲ့ပေမဲ့၊ ကိုရိုနာကပ်ရောဂါကြောင့် ၎င်းကွာခြားချက်က ပိုပြီးကျယ်ပြန့်လာပါတယ်။
ဂျပန်အစိုးရရဲ့ကြေငြာချက်အရ ကိုရိုနာကပ်ရောဂါကြောင့်အလုပ်ပြုတ်သွားတဲ့လူတွေဟာ ၂၀၂၁ ခုနှစ် ၁၀ လပိုင်းလက်ရှိအချိန်ထိ လူပေါင်း ၁၁၈,၃၁၇ ဦးတောင်ရှိပါတယ်။

ကုမ္ပဏီတော်တော်များများက ဘွဲ့ရပြီးခါစအသစ်တွေကို အလုပ်မခန့်တာကြောင့်၊ ဘွဲ့ရပြီးလည်းအလုပ်မရှိသူတွေများလို့ လက်တွေ့မှာအစိုးရထုတ်ပြန်တဲ့အရေအတွက်ထက် အများကြီးပိုနေမှာအမှန်ပါပဲ…
တရားဝင်ဝန်ထမ်းဆိုရင်တော့ ချက်ချင်းအလုပ်မထုတ်နိုင်ပေမဲ့၊ အချိန်ပိုင်းသဘောမျိုး ပုံမှန်မရှိတဲ့အလုပ်မျိုးကတော့ ချက်ခြင်းထုတ်ဖို့လွယ်ကူပါတယ်။
အဲ့ဒီအတွက်၊ ဒီလိုအခြေအနေဖြစ်သွားမယ်ဆို ပုံမှန်အလုပ်မရှိတဲ့လူတွေက အောက်ခြေအဆင့်ကိုကျဆင်းသွားမှာဖြစ်ပါတယ်။

https://nikkan-spa.jp/

ဒီလူငယ်လေးရဲ့နာမည်က ခီတမုရာ (အမည်လွှဲ)
ဆေးသုတ်ကုမ္ပဏီရဲ့ဂိုထောင်မှာနေထိုင်ရင်း အလုပ်လုပ်နေပေမဲ့၊ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ကိုယ်တိုင်စာချုပ်ချုပ်ထားတဲ့တိုက်ခန်းမှာ ပုံမှန်ဘဝနဲ့နေထိုင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာဘွဲ့ရတဲ့အချိန်မှာ အလုပ်ရှာမရဘဲ၊ ပုံမှန်အလုပ်အကိုင်မရှိ တစ်နည်းအားဖြင့် အချိန်ပိုင်းအလုပ်ဖြင့် စားသောက်ကုန်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။
ဒီလိုပဲအရမ်းပြေလည်တဲ့ဘဝမျိုးမဟုတ်ပေမဲ့ ဝမ်းစာအတွက်တော့ရှာဖွေနိုင်ခဲ့ပေမဲ့၊ သူငယ်ချင်းရဲ့အကြွေးကိုအာမခံပေးလိုက်ရာကနေ ဘဝဟာပြောင်းလဲသွားခဲ့ပါတယ်။
သူငယ်ချင်းဟာအကြွေးပြန်မဆပ်နိုင်တော့ဘဲ၊ ခီတမုရာ ဟာအကြွေးဆပ်ပေးဖို့ဖြစ်လာပါတော့တယ်။
သူ့ဘဝဟာ ရုတ်တရက်အကြွေးနွံနစ်သွားပါတယ်။

အဲ့ဒီလိုအကြွေးတင်နေရင်းနဲ့မှ ကိုရိုနာကထဖောက်လာခဲ့ပါတယ်။
တရားဝင်ဝန်ထမ်းမဟုတ်တဲ့အတွက် ချက်ချင်းအလုပ်ပြုတ်သွားခဲ့ပါတယ်။
အကြွေးလည်းဆပ်ရမယ်။ ဝင်ငွေကလည်းမရှိ..
နေနေတဲ့တိုက်ခန်းလည်း အိမ်လခမပေးနိုင်တော့လို့ မောင်းထုတ်ခံလိုက်ရပါတယ်။

အဲ့ဒီနောက် ၂၄ နာရီဖွင့်တဲ့ cyber cafe မှာသွားအိပ်လေ့ရှိခဲ့ပေမဲ့၊ ကိုရိုနာကပ်ရောဂါကြောင့် အရေးပေါ်ကြေငြာချက်ကိုထုတ်ပြန်လိုက်ပြီး ထိုဆိုင်ကလည်း ၁၁ နာရီဆိုပိတ်လိုက်ရပါတယ်။
အဲ့ဒီနဲ့ပဲဒီလူငယ်လေးဟာ အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်သွားပါတယ်။

ဒုက္ခရောက်နေတဲ့ဒီလူငယ်ဟာ အင်တာနက်ပေါ်ကကြော်ငြာစာတွေကနေ အကူအညီရှာဖွေခဲ့ပါတယ်။
ဘဝတူလူတွေစုနေတဲ့ ကြော်ငြာဆိုင်းဘုတ်မှာ ဈေးသက်သက်သာသာရမယ့်အိမ်ကိုရှာခဲ့တယ်။

အဆင်ပြေလောက်မယ့်အိမ်ကို ချက်ချင်းရှာတွေ့သွားပါတယ်။
စစငှားချင်း အိမ်လခပေးစရာမလို၊ ဒီအပြင်အစောပိုင်း ၂ လစာကအခမဲ့ဖြစ်တယ်။
ကိုရိုနာကပ်ရောဂါကြောင့် အိမ်ဆုံးရှုံးလိုက်ရတဲ့လူတွေကိုကူညီချင်တယ်ဆိုပြီး ပိုင်ရှင်ကပြင်ဆင်ပေးထားတာပဲဖြစ်ပါတယ်။

သို့သော်ပြဿနာတစ်ခုတော့ရှိခဲ့ပါတယ်။
အစိုးရကပေးတဲ့ လူမှုဖူလုံရေးငွေကြေးထောက်ပံ့မှုရရှိဖို့ လိုအပ်ပါတယ်။
လူမှုဖူလုံရေးငွေကြေးထောက်ပံ့မှုဆိုတာကတော့ ဆင်းရဲနွမ်းပါးသူတွေကိုကူညီတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး၊ ပုံသေငွေပမာဏကို လစဉ်ပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာပိုင်ရှင်က အိမ်ငှားခကိုကာလတန်ကြေးထက်အနည်းငယ်ဈေးမြင့်ဖို့ရည်ရွယ်ထားပါတယ်။
ရည်ရွယ်ချက်ကောင်းတယ်ဆိုတာထက် ဒုက္ခရောက်နေသူကိုထပ်မံခေါင်းပုံဖြတ်တယ်လို့ ခံစားမိလိုက်တဲ့ ခီတမုရာဟာ ဒီမှာနေဖို့လက်လျှော့လိုက်ပါတယ်။

နောက်ထပ် ကြော်ငြာဆိုင်းဘုတ်ကနေတစ်ဆင့် ပုဂ္ဂလိကပိုင်ဆေးသုတ်ကုမ္ပဏီနဲ့ စကားပြောကြည့်ပြီး၊ “ ယာယီနေရာလွတ်” ဆိုတဲ့ကိစ္စနဲ့ စက်ရုံရဲ့အခန်းကျဉ်းလေးကို ငှားရမ်းနိုင်ခဲ့ပါတယ်။
အပေါ်မှာပြခဲ့တဲ့ ဓါတ်ပုံအတိုင်းပါ။

လူနေဖို့အတွက်လုပ်ခဲ့တာမဟုတ်လို့ ရေချိုးလို့လည်းမရပါဘူး။
ဘုံဘိုင်ခေါင်းနဲ့ ခေါင်းလျှော်ပြီး၊ မျက်နှာသုတ်ပဝါကိုရေစွတ်ကာ ခန္ဓာကိုယ်ကိုသုတ်တာလောက်ပဲရပါတယ်။

ဂိုဒေါင်ဖြစ်တဲ့အတွက် ဆေးပစ္စည်းအပြင်အမှိုက်တွေနဲ့အတူ နေထိုင်ရပါတယ်။
အဆင်ပြေမယ်ဆိုရင် အလုပ်လေးလည်းခန့်ပေးပါလို့တောင်းဆိုခဲ့ပေမဲ့၊ ဂိုဒေါင်ပိုင်ရှင်ရဲ့လုပ်ငန်းကလည်း ကိုရိုနာကြောင့်ကြပ်တည်းနေတယ်။ အလုပ်ခန့်ပြီးလစားပေးဖို့ သူ့မှာလည်းအပိုမရှိဘူးတဲ့..

အမြန်ဆုံးအလုပ်တစ်ခုခုကိုရှာဖို့လိုအပ်လာပေမဲ့၊ ဒီနေရာကလူနေအိမ်မဟုတ်တဲ့အတွက် လိပ်စာကိုမပြောနိုင်လို့၊ အိမ်ခြေရာမဲ့ဘဝနဲ့ ထူးမခြားနားပါပဲ..
အလုပ်ကလည်းတော်တော်နဲ့မှရှာမတွေ့ပါဘူး။
ကူညီပေးတဲ့ဂိုဒေါင်ပိုင်ရှင်ကိုလည်း အမြဲတမ်းအပူကပ်နေလို့မရတာကြောင့်၊ အလုပ်ရှာမရမှတော့ ဒီကနေထွက်သွားမယ် ဆိုပြီးလည်းလုပ်လို့မရပါဘူး။

အလုပ်မရဘဲ လုပ်ငန်းခွင်များစွာကိုရောက်ဖူးတဲ့ဒီလူငယ်လေးဟာ သူကျွမ်းကျင်တဲ့အလုပ် ဒါမှမဟုတ် လုပ်ငန်းကျွမ်းကျင်မှုလည်း မရှိပြန်ပါဘူး။
အိုင်တီခေတ်ကိုကူးပြောင်းလာတဲ့အခုအချိန်မှာ ကိုယ်ပိုင်ကွန်ပျူတာနဲ့အင်တာနက်သာရှိပြီး ကျွမ်းကျင်မယ်ဆိုရင် ငွေရှာဖို့နည်းလမ်းအမျိုးမျိုးရှိပေမဲ့၊ ဒီနည်းပညာတွေနဲ့လည်း အကျွမ်းတဝင်ရှိမနေပြန်ပါဘူး။
ဒီလိုဆင်းရဲတဲ့နေထိုင်မှုဘဝမှာ နည်းပညာတွေကိုလေ့လာဆည်းပူးဖို့ဆိုတာကလည်း ခက်ပါတယ်။

အသက် ၃၀ ပဲရှိသေးတယ် အိမ်ခြေရာမဲ့ဘဝကိုရောက်ရှိသွားရတဲ့ ဒီလူငယ်ဟာ ဘယ်တော့များပုံမှန်ဘဝကိုပြန်ရောက်နိုင်ပါ့မလဲ?…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: