ဆေးလိပ်ဘူးအရေအတွက်ကို တမင်သက်သက်မှားပေးတဲ့ convenience စတိုးရဲ့ ကြင်နာမှု !!!

၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုးဟိုခုဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ ဒီနေ့အထိ ပြဿနာကြီးတစ်ခုအနေနဲ့ ဆက်လက်ကျန်ရှိနေတာကတော့ ဖုခုရှိမခရိုင်ရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံမတော်တဆမှုဖြစ်ပါတယ်။

အချို့လူတွေကတော့ အခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့ ဓာတ်ရောင်ခြည်လျှော့ချရေးလုပ်ငန်းနဲ့ ရေဒီယိုသတ္တိကြွမှုအဆင့်တွေကို စောင့်ကြည့်ဖို့အတွက် အလုပ်လုပ်နေဆဲဖြစ်ပါတယ်။
ဘေးအကင်းဆုံးဖြစ်အောင်လုပ်ထားတယ်လို့ ပြောပေမယ့်လည်း ကြောက်ရွံ့နေတဲ့စိတ်ကိုတော့ ဖယ်ထုတ်လို့မရနိုင်သေးပါဘူး။
အဲ့ဒီလိုစိုးရွံ့နေကြတဲ့အချိန်မှာပဲ Lawson ကွန်ဗီးနီးယမ့်စတိုးကတော့ စိတ်ဝင်စရာလေးတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

 

https://president.jp/articles/-/47673

 

ဆေးလိပ်လာဝယ်တဲ့ဧည့်သည်တွေကို တမင်သက်သက် ဆေးလိပ်ဘူးအရေအတွက်ကို မှားပေးတာပဲဖြစ်ပါတယ်။
ဒီလိုလုပ်ရတဲ့အကြောင်းအရင်းက ဆိုင်မန်နေဂျာ အလွန်စိတ်နှလုံးချမ်းမြေ့ဖွယ်ကောင်းလှတဲ့စိတ်ကူးကနေ မွေးဖွားလာပါတယ်.

ဒီကွန်ဗီးနီးယမ့်စတိုးမန်နေဂျာ ခုရိုဆဝစံဟာဆိုရင် စားဖိုမှူးဖြစ်ပြီး အရင်တုန်းက နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ ကန်တင်းမှာ အလုပ်လုပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နျူကလီးယားဓာတ်အားပေးစက်ရုံမတော်တဆမှုဖြစ်ပွားပြီးတဲ့နောက် အလုပ်သမားအရေအတွက် အလျှင်အမြန်ပဲ လျော့နည်းသွားတဲ့အတွက် ကုမ္ပဏီရဲ့ ကန်တင်းကနေထွက်ပြီး ကွန်ဗီးနီးယမ့်စတိုးမှာ အလုပ်ပြောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကွန်ဗီးနီးယမ့်စတိုးကို ဖွင့်ခဲ့တာက ၂၀၁၆ ခုနှစ်မှာပါ။
နျူကလီးယားဓာတ်အားပေးစက်ရုံမတော်တဆမှုဖြစ်ပွားပြီး ၅ နှစ်အကြာမှာပေါ့။

အဲ့ဒီအချိန် ဆိုင်တော်တော်များများ ပိတ်ထားတဲ့ဒီဒေသမှာ ကွန်ဗီးနီးယမ့်စတိုးဖွင့်တာက အလုပ်သမားတွေအတွက် အဆင်ပြေစေခဲ့ပြီး ဆိုင်ကလည်းအလွန်အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့အချိန် ဆိုင်အတွင်းမှာတော့ အတော်လေး စိတ်ညစ်ညူးဖွယ်ရာပါပဲ။

ရေဒီယိုသတ္တိကြွမှုကို ကြောက်ရွံ့ပြီးနေထိုင်ကြရတဲ့အတွက် ဆိုင်ဝန်ထမ်းတွေမှာ ပြုံးပျော်မှုကိုမတွေ့ရပါဘူး။
ကွန်ဗီးနီးယမ့်လုပ်ငန်းမှာ မကျွမ်းဝင်သေးတဲ့ ခုရိုဆဝစံကတော့ များပြားလှတဲ့ဧည့်သည်တွေကို ပစ္စည်းတွေ ရောင်းချနေရပါတယ်။
အသံကျယ်ကျယ်နဲ့ ဝန်ဆောင်မှုပေးနေပေမယ့် ဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်တဲ့အတွက် အဆူခံရတဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ အဲ့ဒီအချိန် ခုရိုဆဝစံမှာ ဒီအတွေးလေး ပေါ်လာခဲ့ပါတယ်။

ခပ်တည်တည်နဲ့လာတဲ့ဧည့်သည်ကို
နည်းနည်းပျော်အောင်လုပ်ကြည့်မယ်!

ဆေးလိပ်တံဆိပ်နဲ့ လိုချင်တဲ့ဘူးအရေအတွက်ကို အသံပြတ်ပြတ်နဲ့ ပြောလာတဲ့ ဧည့်သည်ကို တမင်သက်သက် ၂ ဘူးပေးကြည့်လိုက်ပါတယ်။

၂ ဘူးမဟုတ်ဘူး ၁ ဘူးဆိုရပြီ

အဲ့လိုကနေ စကားစပြောကြည့်ရာကနေ ဧည့်သည်နဲ့ ဝန်ထမ်း အပြန်အလှန် သတိထားမိလာကြပါတယ်။
ဆိုင်တည်နေရာက နေရာကောင်းမှာ ရှိတာကြောင့် ဆိုင်ကိုလာတဲ့ဧည့်သည်တွေအားလုံးက အမြဲတမ်းဖောက်သည်ဖြစ်နေပါပြီ။

ဒါဆိုရင် အလုပ်ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်ဖို့ ဧည့်သည်တွေနဲ့ ဖော်ဖော်ရွေရွေပြောဆိုကြရအောင်
လို့ တွေးမိရာကနေ ဒီလို ဆေးလိပ်ဘူးကို မှားပေးလာခဲ့ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ဆိုင်ကိုလာတဲ့ဧည့်သည်တွေမှာ အပြုံးတွေကို မြင်လာရပြီး ဝန်ထမ်းတွေလည်း အလုပ်နဲ့ကျွမ်းဝင်လာတဲ့အတွက် အမှားတွေလည်း နည်းလာတာကြောင့် ဧည့်သည်နဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးက ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

ဒီဖုခုရှိမ အမှတ် (၁) နျူကလီးယားဓာတ်အားပေးစက်ရုံက မတော်တဆမှုကြောင့် ပြန်တည်ဆောက်လို့ မရတော့ပါဘူး။
အခုကတော့ ဒီစက်ရုံကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကိုပဲ ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။
ရေဒီယိုသတ္တိကြွမှုအပေါ် ကြောက်ရွံ့မှုကတော့ ဒီဒေသတစ်ဝိုက်ကို လွှမ်းခြုံထားဆဲဖြစ်ပါတယ်။

ဒါပေမယ့် ခုရိုဆဝစံကတော့ ကွန်ဗီးနီးယမ့်စတိုးဝန်ထမ်းဖြစ်ပေမယ့် ဒီဒေသမှာနေထိုင်တဲ့သူတစ်ယောက်အနေနဲ့ အားလုံးကို ကျန်းကျန်းမာမာဖြစ်စေချင်ပြီး အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေထိုင်သွားလိုတဲ့အတွက် အခုလည်း ကွန်ဗီးနီးယမ့်စတိုးမှာ ဆေးလိပ်ဘူးကို တမင်သက်သက် မှားပေးနေဆဲဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: