အထိုးခံရတဲ့အလုပ်မှ နွေးထွေးတဲ့နှလုံးသားကိုသင်ယူလိုက်ရပြီး အခမဲ့စားသောက်ဆိုင်ဖွင့်လှစ်လိုက်သူ

တိုကျို Kita-Senju
ကျွန်တော်ကြီးပြင်းခဲ့ရတဲ့ဒီမြို့လေးဟာ အဲဒိုခေတ်ကတည်းက သာယာဝပြောခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
တိုကျိုရဲ့အလယ်ဗဟိုဖြစ်တဲ့ Nihonbashi ကနေ နေရောင်ခြည်ကိုမျက်နှာမူပြီး စပြီးလမ်းလျှောက်ခဲ့တဲ့အချိန်ရဲ့ ပထမဆုံးမြို့ဟာ ဒီနေရာပဲဖြစ်ပါတယ်။

Shinjuku, Shibuya ကဲ့သို့မြို့သစ်တွေနဲ့ယှဥ်ရင် သိပ်ပြီးမကြီးကျယ်ပေမဲ့၊ ဟန်ဆောင်မှုကင်းပြီး လူသားဆန်တဲ့နေရာလေးတစ်ခုတော့ ဖြစ်ပါတယ်။
ဒီလိုမြို့မှာ “ 銀鮭専門割烹ウチワラベ” ဆိုတဲ့နာမည်နဲ့ဆိုင်ဖွင့်ထားတဲ့ Uchida ဆိုသူတစ်ဦးရှိပါတယ်။

 

https://news.yahoo.co.jp/articles/00a9dacdeba98066d2f1048bf5cbc41f3e862f94

 

Coho salmon ကိုအဓိကထားပြီး အရသာရှိတဲ့ဟင်းလျာတွေရနိုင်တဲ့စားသောက်ဆိုင်ဖြစ်ရုံသာမက တစ်ချိန်တည်းမှာပဲ နောက်ထပ်မျက်နှာတစ်ဖက်ရှိနေပါသေးတယ်။
အဲ့ဒါကတော့ “ အခမဲ့အလုအယက်အစားသောက်တဲ့နေရာ” တဲ့..
ဒုက္ခရောက်နေတဲ့လူတွေလာတဲ့အခါ အစားအစာတွေကိုအခမဲ့ကျွေးမွေးတာပဲဖြစ်ပါတယ်။
လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ်အခမဲ့လာစားလို့ရပါတယ်။

အခမဲ့ထမင်းစားခန်းကိုအသုံးပြုချင်တယ်လို့ တစ်ခွန်းပဲပြောလိုက်ရုံနဲ့ ရှည်ရှည်ဝေးဝေးမေးမနေတော့ဘဲ အစားအစာတွေကိုအခမဲ့ကျွေးပါတယ်။

“ ဗိုက်ဆာရင် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လာစားပါ”

စိတ်ကောင်းရှိတဲ့ Uchida ဟာ တစ်ချိန်ကအထိုးခံတဲ့အလုပ်ကို လုပ်ခဲ့ရဖူးတယ်တဲ့..
လွန်ခဲ့တဲ့ ၁၄ နှစ်မတိုင်ခင်၊ အသက် ၂၄ နှစ်သာရှိခဲ့တဲ့ Uchida ဟာ အမေရိကန်နိုင်ငံကိုသွားခဲ့ပါတယ်။
ကလေးဘဝကနေ အိုကီနာဝါပုံစံဟောင်း ကရာတေးကိုသင်ယူပြီး Professional kickboxer အဖြစ် အနာဂတ်မှာမျှော်မှန်းထားတဲ့ ဖိုက်တာဖြစ်ခဲ့သူ Uchida ဟာ လေ့ကျင့်ရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကိုသွားခဲ့ပါတယ်။

Los Angeles ကိုသွားခဲ့ပေမဲ့အင်္ဂလိပ်စကားမပြောနိုင်၊ ပိုက်ဆံကလည်းမရှိ…
အရမ်းကိုနမော်နမဲ့နိုင်တဲ့စိန်ခေါ်မှုဖြစ်ပေမဲ့ လူဆိုးဂိုဏ်းတစ်ခုမှာ ကရာတေးသင်ပေးဖို့ကနေအစပြုခဲ့ပြီး၊ ယခင်ကတည်းက စားဖိုမှူးလက်မှတ်လည်းရှိထားတာကြောင့် ဆူရှီဟင်းလျာဆိုင်မှာအလုပ်ဝင်လုပ်ရင်း ရှာဖွေစားသောက်နေထိုင်ခဲ့ပါတယ်။
၃ နှစ်ကျော်လာတဲ့အချိန် ဂျပန်ကိုမပြန်ခင် Liberty ရုပ်တုကိုတော့ကြည့်သွားချင်သေးတယ်ဆိုပြီး New York ကိုသွားခဲ့ပါတယ်။

ကုန်ဈေးနှုန်းတွေကလည်းအရမ်းကိုကွာဟလွန်းတာကြောင့် အချိန်ခဏအတွင်းမှာပဲပါလာသမျှပိုက်ဆံတွေအကုန်ပြောင်ပြီး၊ ဂျပန်ကိုပြန်ဖို့လက်ထဲမှာ တစ်ပြားမှမရှိတော့တဲ့အထိဖြစ်သွားပါတယ်။
ဒီနေရာမှာသူစပြီးလုပ်လိုက်တာကတော့ “ အထိုးခံတဲ့အလုပ်”

၁ မိနစ်ကို (ဒေါ်လာ ၁၀)‌ ဖြင့်..
အထိုးခံတဲ့အလုပ်လို့ဆိုပေမဲ့ ငြိမ်ငြိမ်နေပြီးအထိုးခံပေးနေရတာတော့မဟုတ်ပါဘူး။
ပြန်ထိုးတာတော့မလုပ်ပေမဲ့ တစ်ဖက်လူရဲ့တိုးချက်တွေကိုရှောင်ရင်းရှောင်ရင်း ကျွမ်းကျင်စွာအပေးအယူလုပ်ပါတယ်။
Uchida ကိုအလှဲထိုးနိုင်ရင် ဆုငွေ (ဒေါ်လာ ၄၀) အဖြစ်သတ်မှတ်ထားသလို အကြီးအကျယ်နာမည်ကြီးလူသိများခဲ့ပေမဲ့၊
ရဲတွေမိသွားပြီး, ကံမကောင်းစွာနဲ့ဒီအလုပ်ကိုအဆုံးသတ်လိုက်ရပါတယ်။

အဲ့ဒီနေ့ကနေစပြီး အိမ်ခြေရာမဲ့ လမ်းပေါ်ဘဝကိုရောက်သွားပါတော့တယ်။
New York ရဲ့မြေအောက်ရထားတွေက ၂၄ နာရီပတ်လုံးသွာနေတာကြောင့် ထိုနေရာမှာအိပ်ခဲ့ပါတယ်

အရမ်းအေးတဲ့ဆောင်းရာသီနေ့တစ်နေ့မှာ Manhattan မြို့နယ်ရဲ့ Chinatown ရှိ အရသာရှိပုံရတဲ့ ပေါင်မုန့်ဆိုင်တစ်ဆိုင်ကိုတွေ့သွားပါတယ်။
အရမ်းကောင်းတဲ့ရနံ့နဲ့တင်ပျော်ရွှင်သွားခဲ့ရတဲ့ Uchida ဟာ အထဲကတရုတ်လူမျိုးဝန်ထမ်းတစ်ယောက်ထွက်လာပြီး “ ဘာလုပ်နေတာလဲ?” လို့ ဘုကြည့်ကြည့်ရင်းအမေးခံလိုက်ရပါတယ်။
အနှောက်အယှက်ပေးမိတာပဲလို့တွေးပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန် ထိုတရုတ်လူဟာဆွဲခေါ်သွားပြီး ဆိုင်ထဲကပေါင်မုန့်ကိုအိတ်ထဲ အများကြီးထည့်ပေးလိုက်ပါတယ်။

မျက်ရည်တွေစီးကျလုမတတ် ပျော်ခဲ့ရတယ် လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဂျပန်ဟင်းလျာဆိုင်မှာအလုပ်ရသွားပြီး ပိုက်ဆံတွေပြန်ပြီးစုမိလာပါတယ်။
ပြန်ပေးဖို့အတွက် ပေါင်မုန့်ဆိုင်ဆီသို့ ဒေါ်လာ ၁၀၀၀ ယူသွားပြီး၊ အခုရှိနေတဲ့ပေါင်မုန့်တွေအားလုံးဝယ်ချင်တယ်လို့ပြောလိုက်တဲ့အချိန် အရမ်းကိုအံ့အားသင့်စွာနဲ့အဆူခံလိုက်ရပါတယ်။

“ ဒီလောက်ပိုက်ဆံရှိနေရင် ဒေါ်လာ ၁၀ ဆီ၊ အိမ်ခြေရာမဲ့တွေကို ပေးလိုက်ပါလား။
အဲ့ဒါဆို အကူအညီဖြစ်သွားမယ့်သူတွေရှိမှာပဲ။
ပေါင်မုန့်တွေကိုအကုန်ဝယ်လိုက်တာက ကိုယ့်တစ်ယောက်အတွက်ပဲလုံလောက်သွားမယ်။
အတွေးကိုပြန်ပြင်လိုက်ပါ”

အသက် ၂၀ ဝန်းကျင်လောက်သာရှိတဲ့လူငယ်တရုတ်လူမျိုးတစ်ယောက်ဆီက ဒီလိုစကားကိုကြားလိုက်ရပြီး Uchida တစ်ယောက် သူရဲ့အတွေးတွေပြောင်းလဲသွားပါတော့တယ်။
ဒီရလဒ်ကြောင့်ဖြစ်ပေါ်လာတဲ့အရာကတော့ သူဖွင့်ထားတဲ့ Kita-Senju ရှိ အခမဲ့စားသောက်ဆိုင်ပဲဖြစ်ပါတယ်။

ကိုရိုနာကြောင့် ဘဝမှာခက်ခဲကြပ်တည်းနေရသူတွေများလာပါတယ်။
လက်တလောမှာ ၁ ရက်ကို ၁ယောက် ကနေ ၂ ယောက်အထိ အသုံးပြုနေကြောင်းသိရပါတယ်။

သေချာပေါက် ပုံမှန်စီးပွားရေးလည်းလုပ်နေတာကြောင့် ပုံမှန်ဝင်ငွေရှိပါတယ်။
အဲ့ဒီရောင်းရတဲ့အထဲကနေ သီးသန့်သတ်မှတ်ပြီး အခမဲ့စားသောက်ခန်းကိုဖွင့်တာပါ.

အလကားစားချင်သူတွေကပုံအောနေပြီး အရှုံးမပေါ်ဘူးလား? ဆိုတာကိုလည်းကြောက်ပေမဲ့၊ လိမ်လည်ပြီးလာကြသူတွေမရှိဘူးတဲ့…
ဒီလို Uchida ဟာ နောက်ထပ်နေရာတစ်ခုမှာလည်း ဒီလိုအခမဲ့စားနိုင်တဲ့နေရာကိုဖွင့်လှစ်ဖို့အတွက် လက်ရှိကြိုးစားနေပါတယ်။

အမေရိကန်နိုင်ငံရှိတရုတ်လူမျိုးတစ်ယောက်ထံက သင်ယူလိုက်ရတဲ့ နွေးထွေးတဲ့နှလုံးသားကို ဂျပန်မှာလည်းပြန်လည်မျှဝေခဲ့တဲ့ သူရဲ့လှုပ်ရှားမှုကို လေးစားမိပါတယ်။
ပုံမှန်ဖွင့်ထားတဲ့စားသောက်ဆိုင်မှာ စားသုံးသူဧည့်သည်တွေသာမများလာဘူးဆိုရင် ဒီအခမဲ့ကျွေးမွေးခြင်းကိုဆက်ပြီးလုပ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် ဝင်ငွေရှိနေတဲ့စာဖတ်သူတို့လည်း ဂျပန်ရောက်ဖြစ်ရင်၊ ဒါမှမဟုတ် ဂျပန်မှာရှိနေရင် သေချာပေါက်သူ့ရဲ့ဆိုင်လေးမှာ အရသာရှိတဲ့ဟင်းလျာတွေကိုအားပေးပါနော်…

ウチワラベ

東京都足立区千住寿町14−7

03-6806-1308

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: