သူခိုးကြီး Ishikawa Goemon ရဲ့ ဝမ်းနည်းဖွယ်ဘဝနိဂုံး !!!!

ကမ္ဘာတစ်ဝှမ်းဘယ်နေရာမဆို သူခိုးတွေရှိပါတယ်။
ဂျပန်ဆိုတဲ့နိုင်ငံဟာလည်း လုံခြုံစိတ်ချလှပါတယ်လို့မပြောနိုင်ပါဘူး။ သူခိုးတွေရှိပါတယ်။
အဲ့ဒါဟာ အရင်ကတည်းကပါ။

အဲ့ဒီလိုသူခိုးတွေကိုရှောင်ဖို့ ဒီလိုစက္ကူတွေကို Kyoto ရဲ့ရှေးဟောင်းအိမ်တွေမှာ ကပ်ထားလေ့ရှိကြပါတယ်။
ဘယ်ဘက်အညိုရောင်စက္ကူကတော့ မီးဘေးရှောင်ဖို့ကပ်ထားတဲ့စာဖြစ်တဲ့အတွက်၊ ဒီတစ်ခေါက်ကတော့ အဲ့ဒီအကြောင်းကိုမပြောတော့ဘဲ၊ ဘေးမှာရှိတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြူရောင်စာရွက်အကြောင်းပြောပြပါမယ်။

https://www.leafkyoto.net/blog/makai/2019/12/sakasafuda/

ဂျပန်စာနားမလည်တဲ့လူတွေအတွက်တော့ အဆင်မပြေဘူးလို့ထင်ပါတယ်။
၁၂ လပိုင်း၊ ၁၂ ရက်နေ့လို့ရေးထားပြီး၊ နောက်ပြီးပြောင်းပြန်ကြီးတောင်ကပ်ထားပါတယ်။

ဒါဟာ သူခိုးတွေအတွက်ဆန်းပြားတဲ့ စာရွက်ကြီးပဲဖြစ်ပါတယ်။
သူခိုးတွေဟာ အိမ်ခေါင်မိုးအနောက်ဘက်ကနေတက်လာပြီး ခေါင်မိုးပေါ်ကနေဇောက်ထိုးအနေအထားနဲ့ ချောင်းကြည့်ကြပါတယ်။
အဲ့ဒီအချိန် အပေါ်အောက်ပြောင်းပြန်ဖြစ်နေတဲ့အခြေအနေမှာ၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ ဆိုတာကိုပြဖို့ အဲ့ဒီစာရွက်ကိုသက်သက်ပြောင်းပြန်ထား ထားတာပါ။

၁၂ လပိုင်း၊ ၁၂ ရက်နေ့ ဆိုတာကတော့ ဂျပန်ရဲ့သမိုင်းအရ နာမည်အကြီးဆုံးသူခိုး 石川五右衛門(いしかわ ごえもん)Ishikawa Goemon ကွပ်မျက်ခံရတဲ့နေ့ပဲဖြစ်ပါတယ်။
Ishikawa Goemon လိုအဖြစ်မခံချင်ရင်ချက်ချင်းပြန်စမ်း၊ လို့ဆိုတဲ့စကားလေးပါ။

ဒီလိုရာဇဝင်ရှိတဲ့သူခိုး၊ Ishikawa Goemon ရဲ့ ဘဝကို တစ်ချက်လောက်ကြည့်ရအောင်။

Ishikawa Goemon ဟာငယ်ရွယ်တဲ့အချိန်ကနေ ထွက်ပြေးပြီးတောက်လျှောက် ခိုးဝှက်တာတွေကိုပဲလုပ်လာခဲ့တယ်။ အထူးသဖြင့်ကတော့ သူရဲ့ပြေးနိုင်တဲ့ခြေထောက်ကအရမ်းကိုလျန်မြန်ပြီး၊ တစ်ခါမှသူ့ကိုဖမ်းလို့မမိခဲ့ပါဘူး။

အသက် ၁၅ နှစ်နောက်ပိုင်းရောက်လာတဲ့အချိန်မှာတော့ နင်ဂျာသင်တန်းကျောင်းကိုရောက်သွားခဲ့ပါတယ်။
သို့သော် နင်ဂျာနဲ့ပတ်သက်တဲ့ပညာရပ်တွေကို တစ်ကြိမ်လေ့လာဖူးပြီးတာနဲ့ တိတ်တဆိတ်ထွက်ပြေးသွားခဲ့ပါတယ်။
ထွက်ပြေးတာနဲ့အတူ နင်ဂျာအဖွဲ့အစည်းကနေ ငွေအမြောအများကိုပါခိုးသွားပြီး၊ တောပုန်းဓါးပြတစ်ယောက်ဖြစ်လာဖို့ အစပြုခဲ့ပါတော့တယ်။

ခိုးတာနဲ့ပတ်သက်ပြီးပါရမီပါလာတဲ့ Ishikawa Goemon တစ်ယောက် ခိုးခြင်းဝှက်ခြင်းအနုပညာကို အထူးကျွမ်းကျင်လာတဲ့အခါမှာတော့ မည်သူတစ်ယောက်မျှသူ့ကို ဖမ်းလို့မမိတော့ဘူးပေါ့….
နာမည်ကြီးဖြစ်လာပြီး သူ့လက်အောက်မှာတပည့်ခံချင်သူတွေကလည်းများလာကာ၊ လူ ၁၀၀ ထက်ကျော်တဲ့ တပည့်တွေအမြောက်အများကိုမွေးထုတ်ပေးတဲ့ အဖွဲ့အစည်းကြီးလိုဖြစ်လာခဲ့ပါတယ်။
အဲ့ဒီကနေစပြီး Kyoto ကိုပစ်မှတ်ထားကာ အကြီးအကျယ်ခိုးကြပါတော့တယ်။

ဒါပေမဲ့ Ishikawa Goemon ဟာစည်းကမ်းချက်တစ်ခုကိုထုတ်ထားပါတယ်။
ပုံမှန်နေအိမ်တွေကို လုံးဝမခိုးဘဲ၊ မင်းမျိုးမင်းနွယ်နဲ့ အင်အားကြီးတဲ့အိမ်တွေကိုသာသွားမယ် ဆိုပြီးအမိန့်ထုတ်ထားခဲ့တာပါ…
ခိုးပြီးရလာတဲ့ငွေတွေကို လက်ဝါးကြီးအုပ်ပြီးအကုန်ယူတာမဟုတ်ဘဲ၊ ဆင်းရဲပြီးအသက်ရှင်နေထိုင်မှု အခက်အခဲဖြစ်နေသူတွေကို ပြန်ဝေမျှခဲ့ပါတယ်။
အဲ့ဒါနဲ့ မရှိဆင်းရဲသားတွေအတွက် ဟီးရိုးတစ်ယောက်ဖြစ်လာပါတယ်။

တစ်ဖြည်းဖြည်းနဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကကြီးလာပြီး၊ အဲ့ဒီအချိန်ဂျပန်ရဲ့အင်အားအကြီးဆုံးဖြစ်တဲ့ Hideyoshi Toyotomi အိမ်ကိုပစ်မှတ်ထားခဲ့ပါတယ်။
သူနေထိုင်တဲ့ Fushimi ရဲတိုက်ကြီးထဲကိုဝင်ဖို့ အစီအစဥ်ဆွဲပါတယ်။

Hideyoshi ရဲ့အိပ်ခန်းထဲမှာထား ထားတဲ့ရတနာကိုလည်းခိုးဖို့ရည်ရွယ်ထားပါတယ်။
သို့သော် သူ့ရဲ့ရည်ရွယ်ချက်ဟာ ကျရှုံးသွားတာနဲ့အဆုံးသတ်ပြီး အဖမ်းခံလိုက်ရပါတော့တယ်။

၁၂ လပိုင်း၊ ၁၂ ရက်နေ့  Kyoto တစ်လျှောက်စီးဆင်းနေတဲ့ 鴨川 Kamogawa မြစ်ကမ်းနားဘေးမှာတင် ကွပ်မျက်ခံလိုက်ရပါတယ်။
ဧရာမအိုးကြီးထဲမှာ ပွက်ပွက်ဆူနေတဲ့ဆီတွေနဲ့အတူ အဲ့ဒီအထဲမှာအပြုတ်ခံလိုက်ရတာပါ။
釜ゆで(かまゆで)kamayude လို့ခေါ်တဲ့ ကွပ်မျက်တဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

အားလုံးကလည်းကြည့်နေကြရင်းနဲ့ Goemon ရဲ့ ၃ နှစ်အရွယ်သားလေးကိုခေါ်ဆောင်လာခဲ့ကြပါတယ်။
မိဘရောကလေးရော kamayude ပုံစံနဲ့ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။


https://www.leafkyoto.net/blog/makai/2019/12/sakasafuda/

ဒီဖြစ်ပျက်ခဲ့တဲ့အကြောင်းတရားကြောင့်၊ ရေနွေးအိုးကြီးပုံစံနဲ့အောက်ကနေထင်းထိုးပြီး ရေပူနွေးအောင်လုပ်တဲ့ရေချိုးကန်ကို Goemon ရေချိုးကန်လို့ အမည်ပေးလိုက်ပါတယ်။

 

http://blog.livedoor.jp/ooe1005/archives/38728397.html

Goemon လိုမဖြစ်ချင်ရင် ဒီနေရာကနေချက်ချင်းပြန်စမ်း

လို့ရေးထားတဲ့စာဟာ၊ တကယ်ပဲသက်ရောက်မှုရှိခဲ့လား မရှိလားဆိုတာကို အသေအချာတော့မသိပါဘူး။
သို့သော် Goemon ဟာ ဆင်းရဲသားသာမန်မိသားစုတွေအတွက် မိတ်ဆွေကောင်းတစ်ယောက်၊ ဟီးရိုးတစ်ယောက်ဖြစ်ခဲ့သော်လည်း….
သူခိုးဆိုတာကတော့ ဒုစရိုက်သမားတစ်ယောက်ပါပဲမဟုတ်လား……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: