ဖြိုးပြောပြတဲ့ တိုကျိုမြို့နဲ့ကိုရိုနာဗိုင်းရပ်စ် !!!

မင်္ဂလာပါ။ အခုတစ်ခါဖြိုးပြောပြပေးချင်တာကတော့ corona virus နဲ့လက်ရှိဂျပန်နိုင်ငံရဲ့
အခြေအနေတစ်ချို့ကိုပြောပြပေးပါမယ်နော်။

၂၀၂၀ ခုနှစ်ရဲ့ ၇ လပိုင်းမှာကျင်းပဖို့ရှိတဲ့ olympic ကိုလည်း
နောက်နှစ်နွေဦးမှာကျင်းပြဖို့ ရွေ့ဆိုင်းလိုက်ပါပြီ။ နောက်ပြီးအခုလက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ virus ကူးစက်ခံရသူ
၁၈၉၃ယောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့သုံးရက်ဆက်တိုက်ပိတ်ပြီး‌နောက်မှာပဲ၊ ကူးစက်ခံရသူအရေအတွက်က တိုကျိုမှာကိုပဲ
တစ်နေ့တည်းနဲ့ ၄၀ ကနေ ၆၀ အထိရှိလာပါတယ်။

အဲ့နောက်မှာ ပိတ်ရက်တွေမှာမလိုအပ်ဘဲ၊ အပြင်မထွက်ကြဖို့
သတင်းတွေကတစ်ဆင့်ကြေညာပါတယ်။

ဂျပန်ပြည်သူပြည်သားတွေကလည်းလိုက်နာကြပါတယ်။ ဒီတစ်ပတ်ပိတ်ရက်မှာ ဖြိုးကတော့ကိစ္စလေးရှိလို့ အပြင်ထွက်ရပါတယ်။
ရထားပေါ်မှာ ဘူတာတွေမှာပါ လူတော်တော်ကိုမရှိတာပါ ရထားတစ်တွဲမှသုံးလေးယောက်ပဲရှိတာ ကြုံခဲ့ရပါတယ်။ ပြီးတော့
တိုကျိုရဲ့ နာမည်ကြီးတဲ့ Shinjuku ဘူတာ၊shibuya ဘူတာ၊ Ginza တို့မှာလည်း လူသွားလူလာတော်တော်ကိုနည်းသွားတဲ့အကြောင်း
သတင်းတွေကတစ်ဆင့်သိရပါတယ်။

အရင်အပတ်လောက်ကဆိုကူးစက်ခံရသူအရေအတွက်ကလည်းတိုးလာတာနဲ့အမျှ နိုင်ငံတကားမှာ ခေတ်စားနေတဲ့
lockdown ကိုတိုကျိုမှာလည်းလုပ်တော့မလားဆိုတဲ့သတင်းတွေအရ စူပါမားကတ်တွေမှာ လူတွေအရမ်းဝယ်ကြပါတယ်။
ဖြိုးဆိုညနေဘက်သွားဝယ်တော့ အသား၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ဆန်တွေ မတွေ့ခဲ့ရပါဘူး။

တော်တော်ကိုလန့်သွားခဲ့ရပါတယ်။ ဒါပေမဲ့နောက်ရက်မနက်ပိုင်းသွားဝယ်တော့ ပစ္စည်းတွေစုံစုံလင်လင်ရှိနေပါတယ်။
တကယ်လို့ lockdown ချခဲ့မယ်ဆိုရင်တောင်စျေးဝယ်ဖို့ အပြင်ထွက်ခွင့်ရတဲ့အကြောင်း ပစ္စည်းတွေလည်း
အလုံအလောက်ရှိတဲ့အကြောင်း သတင်းတွေလည်းလာနေတော့ အခုနောက်ပိုင်း စုပြုံတိုးဝေ့ဝယ်တာတွေ ပစ္စည်းပြတ်တောက်တာတွေ
မရှိတော့ပါဘူး။

(mask နဲ့ handgel)ကတော့ အခုထိဝယ်လို့မရသေးပါဘူး။
နောက်တစ်ခုက အလုပ်နဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။

 

ဖြိုးရဲ့အလုပ်ကတော့ သုံးလပိုင်းလဆန်းပိုင်းကတည်းက tele.work လို့ခေါ်တဲ့ အိမ်ကနေအလုပ်လုပ်တဲ့
system ကိုစခဲ့ပါတယ်။ virus အခြေအနေအရ ၄လပိုင်းလည်းအိမ်ကနေ လုပ်ရမယ်လို့ထင်ပါတယ်။ ရုံးသွားရုံးပြန်ရထားမစီးရတော့
ကူးစက်နိုင်ခြေနည်းသွားတာပေါ့နော် …
ဂျပန်မှာတော့ tele.work တွေကို ကုမ္ပဏီတော်တော်များများလုပ်နေကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး၊
မလုပ်ကြသေးတဲ့ ကုမ္ပဏီတွေလည်းရှိသလို အလုပ်ပေါ်မူတည်ပြီး ဥပမာ siteပိုင်းတွေဆို tele.work လုပ်လို့အဆင်မပြေတဲ့
အလုပ်မျိုးဖြစ်တဲ့အတွက် ရုံးတက်siteသွား လုပ်ရပါတယ်။

ဗိုင်းရပ်စ်ခေတ်စားလာတဲ့အမျှ 飲食店 Inshoku-ten လို့ခေါ်တဲ့စားသောက်ဆိုင်တွေမှာ လူတွေသိပ်မစားကြတော့တဲ့အတွက်
ဆိုင်တွေအနေနဲ့လည်းအခက်တွေ့ပြီး၊ ဆိုင်မှာအချိန်ပိုင်းလုပ်ကြတဲ့သူတွေအတွက်လည်း အလုပ်ချိန်လျော့တာမျိုး၊
လူလျော့တာမျိုးတွေရှိနေတော့ အချိန်ပိုင်းအလုပ်သမားတွေအနေနဲ့ ခက်ခဲတဲ့ကာလတစ်ခုဖြစ်ပါတယ်။

နေစားရိတ်၊ စားစရိတ်စျေးကြီးတဲ့ဂျပန်မှာ အလုပ်မရှိဘဲရပ်တည်ဖို့ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တာပါ။
ဖြိုးတို့အနေနဲ့က permanent ဝန်ထမ်းဖြစ်တဲ့အတွက် လကုန်ရင် ပုံမှန်အတိုင်းပဲလစာရပါတယ်။
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်တဲ့သူတွေအနေနဲ့ ဒီကာလကခက်ခဲမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်
ဒီကပ်ဘေးကြီး မြန်မြန်ပြီးသွားပါစေလို့ဆုတောင်းပါတယ်။

ချစ်တဲ့ မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေလို့ ထပ်မံဆုတောင်းရင်းနဲ့ပဲ………

ချစ်တဲ့ဖြိုး..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: