လူဆိုးဂိုဏ်းဝင်တွေ ဖြစ်လာကြတဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံခြားသား လူငယ်များ
ဂျပန်မှာ လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေ များလာတာနှင့်အညီ ကလေးအရွယ်ကတည်းက မိဘနဲ့ အတူပါလာတဲ့ နိုင်ငံခြားသားကလေးတွေလည်း တိုးပွာလာမြဲပဲ ဖြစ်နေပါတယ်။
အဲ့ဒီအထဲကမှ ၁၅.၈%၊ ပျှမ်းမျှ လူ ၂သောင်းလောက်ဟာ ကျောင်းမတက်ကြတာကို အထောက်အထား ခိုင်ခိုင်မာမာနဲ့ တွေ့နေရပါတယ်။
https://headlines.yahoo.co.jp/hl?a=20191119-00010001-abema-soci
ဒီလူငယ်တွေဟာ ဂျပန်နိုင်ငံမှ စက်ရုံအလုပ်သမားအနေနဲ့ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အခြေခံပညာရေးစနစ်မှာ မူလတန်း ၆နှစ်၊ အလယ်တန်း ၃နှစ်ကို မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ထားပြီးတော့ လူတိုင်း ပညာသင်ခွင့်ရတဲ့ အခွင့်အရေး၊ မိဘတွေအနေနဲ့ကလည်း ကလေးတွေကို ကျောင်းထားရမယ့် ဝတ္တရားဆိုပြီး ရှိပါတယ်။
သို့သော် အဲ့ဒီစနစ်ဟာ ဂျပန်နိုင်ငံသားတွေအတွက်ပဲ ဖြစ်နေပါတယ်။
ပုဂ္ဂလိကကျောင်းတွေမှာ ထားလို့ရတာ မှန်ပေမယ့် ဘာသာစကား အခက်အခဲနှင့် ခွဲခြားဆက်ဆံခံရပြီး ကျောင်းအပ်လက်မခံတာတွေလည်း ရှိပါတယ်။
အဲ့ဒါအပြင် ဂျပန်နိုင်ငံသားမဟုတ်တဲ့အတွက် မသင်မနေရဆိုပြီး ဥပဒေလည်း မရှိပါဘူး။ ကျောင်းမတက်လည်း ကိုယ့်သဘောပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပစ်ထားခြင်း ခံနေရပါတယ်။
ကျောင်းတွေဘက်မှာလည်း နိုင်ငံခြားသားတွေ ကလေးတွေအတွက် ဘာတာဝန်မှ ယူမထားတာကြောင့် ဂျပန်စာမတတ်တဲ့ ကလေးတွေကို အထောက်အပံ့ပေးတဲ့ စနစ်ဆိုတာလည်း မရှိပါဘူး။
ဂျပန်စကား မတတ်တာကြောင့် ခက်ခဲပင်ပန်းနေရတာက ကလေးတွေတင်မကပဲ မိဘတွေလည်း အတူတူပဲ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ ပင်ပန်းခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို အိမ်ကိုပြန်သယ်လာတာကြောင့် ကလေးတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာ မရှိသလို ဖြစ်နေပါတယ်။
အဲ့ဒီလိုနဲ့ ကိုယ့်အိမ်မှာတောင် နေစရာမရှိတာ့တဲ့ ကလေးတချို့ဟာ အိမ်ကထွက်ပြေးတာ များလာပြီး၊ နေထိုင်စားသောက်ဖို့ မဖြစ်မနေ ရာဇဝတ်မှု ကျူးလွန်တာတွေ လုပ်လာကြပါတယ်။
အစားအသောက်လေးတစ်ခု စားရဖို့ မုန့်ဆိုင်တွေကနေ အလစ်သုတ်တာတွေ၊ တခြားလူတွေကို ခြိမ်းခြောက်တာတွေ၊ မူးယစ်ဆေး အရောင်းအဝယ်လုပ်တာတွေ လုပ်လာကြပါတယ်။
အဲ့ဒီလို ဘဝတူ လူငယ်တွေ စုမိပြီး လူဆိုးဂိုဏ်းတွေ ဖြစ်လာကြတာပါ။
https://headlines.yahoo.co.jp/hl?a=20191119-00010001-abema-soci
မူးယစ်ဆေးကို ရောင်းရုံတင်မဟုတ်ဘဲ ကိုယ်တိုင်လည်း သုံးနေကြပြီး ဆေးစွဲနေကြပါတယ်။
ဒီကလေးတွေဟာ ဂျပန်နိုင်ငံမှာ နေလာတာ ကြာနေပေမယ့်လည်း ဂျပန်နိုင်ငံ အခြေခံပညာရေးကို မသင်ရတဲ့အပြင် ဂျပန်လူမျိုးတွေနဲ့လည်း စကားသိပ်မပြောကြတာကြောင့် ဂျပန်စကားပြော စွမ်းရည်လည်း တက်မလာတော့ဘဲ မူကြိုကလေး ဒါမှမဟုတ် မူလတန်းကျောင်းသားအရွယ် အဆင့်လောက်ရှိတဲ့ ဂျပန်စာ level မှာပဲ ရပ်တန့်နေကြပါတယ်။
ရုန်းထွက်ချင်ပေမယ့်လည်း ဒီလိုမျိုးဆိုတော့ အလုပ်ခန့်မယ့် သူကလည်း မရှိပါဘူး။
စကားမစပ် ဂျပန်နိုင်ငံမှာ လူမှုဖူလုံရေးစနစ်ဆိုတာ ရှိပြီး ငွေကြေးအခက်အခဲ ဖြစ်နေသူတွေကို အထောက်အပံ့ပေးနေပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ နေနေတဲ့ နိုင်ငံခြားသား အိမ်ထောင်စု ၄၇၀၀၀ နှင့်အထက်ဟာ လူမှုဖူလုံရေးငွေကို လက်ခံရရှိနေပေမယ့် အခုပြောနေတဲ့ ကလေးတွေကတော့ ကျောင်းလည်းမတက်ရတဲ့အတွက် အဲ့ဒီလိုစနစ်တွေရှိတယ်ဆိုတာတောင် မသိကြပါဘူး။
ဒီအချက်တွေကြောင့် အဲ့ဒီလူငယ်တွေကို လူဆိုးတွေလို့ ပြောမဆုံး ဖြစ်နေကြတာများလား?
ပုံမှန် နေထိုင်ရမယ့် ပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝဖြတ်သန်းခွင့်တွေကို လုယူခံလိုက်ကြရတာပါ။
ဂျပန်နိုင်ငံမှာ လက်ရှိ အလုပ်သမား မလုံလောက်မှုကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်လာရောက်လုပ်ကိုင်ခွင့်တွေ ပေးနေပေမယ့် သူတို့ကလေးတွေရဲ့ ပညာရေးပြဿနာတွေကိုတော့ အကောင်းဘက်ကတွေးပြီး လုပ်ကိုင်ပေးနေတာမျိုးတွေ မရှိပါဘူး။
ဂျပန်နိုင်ငံစီးပွားရေးကို များစွာအထောက်အပံပေးနေတဲ့ နိုင်ငံခြားသား အလုပ်သမားအရေအတွက်ဟာ ပိုပိုများလာနေပေမယ့်လည်း အခြေအနေကတော့ အခုလိုတွေ ဖြစ်နေပါတယ်။
ကိုယ့်အတွက်ကိုပဲ ကြည့်ပြီး အကူအညီယူနေတာမျိုးမဟုတ်ဘဲ ဂျပန်ဘက်ကနေလည်း သူတို့တွေကို ပြန်ပီး အကူအညီပေးနိုင်တဲ့ စနစ်တစ်ခု ဖန်တီးပြီး အတူတူ မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အနာဂတ်ဆိုတာ ရှိလာမှာ မဟုတ်တော့ပါဘူး။
ဂျပန်နိုင်ငံမှာ လာရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ပြဿနာဟာ ဂျပန်နိုင်ငံရဲ့ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပေမယ့်လည်း အဲ့ဒီနိုင်ငံခြားသားတွေနဲ့တောင် ရင်းရင်းနှီးနှီးကို မဆက်ဆံနိုင်တဲ့ ဂျပန်လူမျိုးတွေ အတွက်တော့ ဖြေရှင်းဖို့ဆိုတာလည်း မဖြစ်နိုင်သေးပါဘူး။
အဲ့ဒါကတော့ ဂျပန်နိုင်ငံရဲ့ အကျည်းတန်တဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။
အခုလို အခြေအနေတွေကနေ ထွက်မပြေးဘဲ လက်ခံဖြေရှင်းရမယ့် အချိန်ကို ရောက်လာသော်လည်း…
Kengo Abe