ဘုရားကျောင်းရဲ့ ပြဿဒ်ဆောင်ဟာ ဘာအတွက်လဲ? အနောက်ပိုင်းယဉ်ကျေးမှုနဲ့ ကြီးမားစွာကွဲပြားနေတဲ့၎င်းရဲ့ အခန်းကဏ္ဍ

ဂျပန်နိုင်ငံရဲ့ဘုရားကျောင်းတွေကို မြင်ယောင်ကြည့်ပါလို့ပြောရင် ဒီပြဿဒ်ဆောင်ကိုတန်းမြင်မိတဲ့လူရှိလား?

ဟုတ်ပါတယ်၊ ဒီလိုပုံစံဖြစ်ပြီး ဘုရားကျောင်းရဲ့အဓိကအဆောင်တော့မဟုတ်ပေမဲ့၊ ဘုရားကျောင်းမှာအမြင့်ဆုံးနဲ့အလှဆုံး အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ၎င်းကိုတော့ 仏塔ဘုတိုး လို့ခေါ်ပါတယ်။

ဒီဓါတ်ပုံကတော့ တိုကျို Asakusa မှာရှိတဲ့ Sensoji ဘုရားကျောင်းဖြစ်ပြီး၊ ဘုံအဆင့် ၅ လွှာရှိတဲ့ 五重塔 “ ဂေါ်ဂျူးနော့တိုး” ဖြစ်ပါတယ်။

၁၃ ဆင့်မျှရှိတဲ့ပြဿဒ်ဆောင်လည်းရှိပေမဲ့၊ ဒီလောက်ဆိုရင်တော့ ဘာကဘာလဲဆိုတဲ့ ပုံစံမျိုးပေါ့နော်..


တကယ်တော့ ဒီပြဿဒ်ဆောင်တွေဟာ၊ ၎င်းတို့ရဲ့အထဲကိုဝင်သွားလည်း အပေါ်ထပ်ကိုတက်လို့မရပါဘူး။

အနောက်တိုင်းယဉ်ကျေးမှုမှာဆိုရင် မျှော်စင်ဆိုတာက စောင့်ကြည့်ဖို့အတွက်အသုံးပြုတဲ့အရာြဖစ်ပေမဲ့၊ ဒီပြဿဒ်ဆောင်တွေကတော့ အပေါ်တက်လို့မရလို့ စောင့်ကြည့်ဖို့လည်းမသုံးနိုင်သလို၊ လူတွေနေနိုင်မယ့်အဆောက်အအုံတစ်ခုလည်း မဟုတ်ပြန်ပါဘူး။
ဒါကိုတောင်မှ အလွန်ကြီးမားတဲ့ပြဿဒ်ဆောင်တွေ များစွာရှိသလို၊ ကျိုတိုမှာအကြီးဆုံးဖြစ်တဲ့ ပြဿဒ်ဆောင်ကတော့ 54.8m အမြင့်ရှိပါတယ်…
အခုတော့မတွေ့ရတော့ပေမဲ့ ယခင်ကအကြီးဆုံးပြဿဒ်ဆောင်ဟာ 109m အမြင့်တောင်ရှိခဲ့ပါသတဲ့…။

ဒီပြဿဒ်ဆောင်ရဲ့ မူလဖြစ်တည်မှုကတော့ ဗုဒ္ဓဘာသာပေါ်ထွန်းလာရာ အိန္ဒိယရဲ့ယဉ်ကျေးမှုပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့အဦးဆုံးဖြစ်သူ ဗုဒ္ဓမြတ်စွာဘုရားရဲ့အရိုးတော်စု စတာတွေကို 仏舎利 “ ဘုရှရီ” လို့ခေါ်ပါတယ်။ ဒါကိုဘုရားကျောင်းအသီးသီးမှာခွဲဝေပြီး ဌာပနာထားဖို့အတွက် ပြဿဒ်ဆောင်တွေကိုဆောက်လုပ်ခဲ့ပါတယ်။

၎င်းရဲ့ပြောင်းလဲသွားတဲ့ပုံစံက ဂျပန်ရဲ့ဟောဒီပြဿဒ်ဆောင်တွေဖြစ်လာပါတယ်။
ဒီအဆောက်အအုံရဲ့ အထွတ်အမြတ်အထားရဆုံးက ခေါင်မိုးထပ်ရဲ့အပေါ်ဆုံးမှာရှိတဲ့ အင်တနာလိုမျိုးအရာလေးပဲဖြစ်ပါတယ်။

မိုးကြိုးလွှဲမဟုတ်ပါဘူး။
၎င်းကို相輪 “ ဆိုးရင်” လို့ခေါ်ပြီး၊ ဒီပြဿဒ်ဆောင်ထဲမှာ အထွတ်အမြတ်အထားဆုံးအရာပဲဖြစ်ပါတယ်။
ထိုထိပ်ဖျားကအပိုင်းလေးကိုတော့ 宝珠 “ ဟိုးဂျူ” လို့ခေါ်ပါတယ်…
တန်ဖိုးရှိတဲ့ရတနာ လို့အဓိပ္ပါယ်ရပေမဲ့၊ ဒီနေရာမှာအခုနပြောခဲ့တဲ့ ဗုဒ္ဓအရိုးတော်ကိုဌာပနာထားပါတယ်။

စကားမစပ် ကမ္ဘာ့အဟောင်းနွမ်းဆုံး သစ်သားအဆောက်အအုံက Nara စီရင်စုရဲ့ Horyuji ဘုရားကျောင်းမှာရှိတဲ့ ပြဿဒ်ဆောင်ဖြစ်ပါတယ်။
၎င်းပြဿဒ်ဆောင်ကို ၇ ရာစုမှာဆောက်လုပ်ခဲ့ပေမဲ့၊ မျက်မှောက်ခေတ်နည်းပညာရှင်တွေတောင် အံသြသွားလောက်တဲ့အထိ ငလျင်ဖွဲ့စည်းပုံထည့်သွင်းပြီး ဆောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။


ဒီလိုမျိုးအလွှာတစ်ခုချင်းစီတိုင်းကို သီးခြားဖွဲ့စည်းပုံအဖြစ်ဖန်တီးထားတာကြောင့် အားပြင်းတဲ့ငလျင်ဒဏ်ကို တောင့်ခံနိုင်တယ်လို့သိရပါတယ်။

ဒီပြဿဒ်ဆောင်ကို ၆၀၇ ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး ၆၇၀ ခုနှစ်မှာ မိုးကြိုးပစ်ခတ်မှုထိမှန်ကာလောင်ကျွမ်းသွားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ၆၈၉ ခုနှစ်မှာ ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ ထိုပြန်လည်ဆောက်လုပ်ပြီးကတည်းက ငလျင်ဒဏ်ပေါင်းများစွာကိုဖြတ်ကျော်ခဲ့ရပေမဲ့ လုံးဝမပြိုလဲသွားခဲ့ပါဘူး။
တွက်ချက်မှုတွေအရ၊ ဒီပြဿဒ်ဆောင်ဆောက်လုပ်ပြီးနောက်ပြီး ဒီဧရိယာမှာအားပြင်းတဲ့ငလျင် အကြိမ်ပေါင်း ၄၆ ကြိမ်မျှလှုပ်ခပ်မှုရှိခဲ့ကြောင်းသိရပါတယ်။

သစ်သားကျောင်းဆောင်ဖြစ်တဲ့အတွက် ထိခိုက်မိတဲ့နေရာတွေလည်း ရှိပါတယ်။
အဲ့ဒီနေရာမှာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဖြင့် အစားထိုးနိုင်တာကလည်း ဒီဇိုင်းရဲ့အံ့ဩစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။
စကားမစပ် အသုံးပြုတဲ့သစ်သားကတော့ အများအားဖြင့် Hinoki (ခေါ်)ထင်းရှူးအမာသားဖြစ်ပါတယ်။
Hinoki ဟာအလွန်အကြမ်းခံပြီး၊ ၎င်းကိုခုတ်ပြီးနောက်ထပ်နှစ်ပေါင်း ၂၀၀ တိုင် မဆွေးဘဲမာကြောမှုကိုထိန်းသိမ်းထားနိုင်ပါတယ်။
ထို့နောက် နှစ်ပေါင်း ၁၀၀၀ ကိုကြာပြီးမှ ၎င်းဟာတစ်ဖြည်းဖြည်းဆွေးစပြုလာပါတယ်။

ငလျင်တစ်ခုတည်းမဟုတ်၊ အပူချိန်မြင့်ပြီး စိုထိုင်းတဲ့ဂျပန်မှာ၊ စိုထိုင်းမှုကြောင့်ဆွေးလာပြီး၊ ခြစားခြင်းအပြင် လေနှင့်မိုးကြောင့်ပျက်ဆီးလွယ်ပေမဲ့၊ ပြုပြင်ထိန်းသိမ်းမှုကို တစ်စိုက်မတ်မတ်လုပ်သွားမယ်ဆိုရင်တော့ ဒီလိုနှစ်ပေါင်းများစွာအတွင်း ၎င်းရဲ့လှပမှုကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ဘုရားကျောင်းရဲ့အဓိကအဆောင်လို့ပြောရင် ဗုဒ္ဓရုပ်ပွားတော်ထားရှိရာ ပင်ပဆောင်ကြီးဖြစ်ပေမဲ့၊ ဗုဒ္ဓမြတ်စွာဘုရားရဲအရိုးတော်ထားရှိတာကတော့ ပြဿဒ်ဆောင်မှာဖြစ်ပါတယ်။ ဒီအပြင်အံ့သြစရာကောင်းလောက်အောင် မြင့်မားတဲ့ငလျင်နည်းပညာကိုပါထည့်သွင်းထားတဲ့ အဆောက်အအုံဖြစ်တာကြောင့်၊ ဘုရားကျောင်းတွေသွားလည်တဲ့အချိန် သေချာပေါက် ပြဿဒ်ဆောင်ကို သတိထားပြီးကြည့်ကြည့်ဖို့ နှိုးဆော်လိုက်ပါတယ်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: