မေလရောက်တာနဲ့ ဂျပန်နိုင်ငံရဲ့ ကောင်းကင်ယံမှာ ငါးတွေကူးခတ်ကြ

ဂျပန်နိုင်ငံမှာ မေလ ၅ ရက်နေ့ဟာ ကလေးများနေ့ပါ။

ကလေးများနေ့ဆိုတာက ကလေးများကျန်းမာကြံ့ခိုင်စွာ ကြီးပြင်းလာဖို့ ဆုတောင်းတဲ့နေ့လို့ဆိုရင်ပိုမှန်ပါလိမ့်မယ်။ မိန်းကလေးအတွက် မတ်လ ၃ ရက်နေ့မှာ ဟိနပွဲတော်ကျင်းပကြပါတယ်။ ဟိနပွဲတော်က မိန်းကလေးတွေ ကျန်းမာကြံ့ခိုင်စွာကြီးပြင်းလာစေဖို့ ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကလေးများနေ့က အထူးသဖြင့် ယောင်္ကျားလေးတွေအတွက်အဓိကကျင်းပကြတာပါ။

 

ယောင်္ကျားလေးတွေ ကျန်းမာကြံ့ခိုင်ပြီး ရှင်သန်ကြီးပြင်းစေလိုတဲ့ဆန္ဒတွေ၊ အောင်မြင်စေလိုတဲ့ဆန္ဒတွေက မိဘတိုင်းမှာရှိကြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဘယ်မိဘမဆို မိမိတို့ရဲ့ သားသမီးတွေအတွက် ဒီလိုဖြစ်စေချင်ကြတာချည်းပါပဲ။

 

ဂျပန်မှာတော့ ဒီလိုဖြစ်စေဖို့အတွက် ကောင်းကင်မှာ ငါးတွေကူးခတ်စေပါတယ်။ ဒါကတော့ တင်စားပြောဆိုခြင်းသက်သက်သာဖြစ်ပါတယ်။

 

ဒါကို ခိုအိနိုဘိုးရိ (ငါးကြင်းတံခွန်) လို့ခေါ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒဏ္ဍာရီပုံပြင်ကနေဆင်းသက်လာတဲ့ အကြောင်းအရာကို အခြေခံထားခြင်းဖြစ်ပါတယ်။ ငါးကြင်းဆိုတဲ့ငါးက ကြံ့ခိုင်ပြီး ရေတံခွန်လိုမျိုးဘယ်လောက်မြင့်မြင့် ဘယ်လောက်ရေစီးသန်သန် ခုန်ပြီးကူးခတ်နိုင်တဲ့ အရည်အချင်းရှိပါတယ်။

 

ဒီလို ငါးကြင်းတံခွန်လွင့်ထူခြင်းဟာလည်း ကလေးတွေကို ငါးကြင်းတွေလိုမျိုး ကြံ့ခိုင်ပြီး အခက်အခဲတွေကို ကျော်လွှားအောင်မြင်စေလိုတဲ့ အဓိပ္ပါယ်ဖြစ်နဲ့ပြုလုပ်ကြတာဖြစ်ပါတယ်။

 

ဟိုးအရင်တုန်းက ခိုအိနိုဘိုးရိ(ငါးကြင်းတံခွန်) မဟုတ်ဘဲ၊ မုရှနိုဘိုးရိ (သူရဲကောင်းတံခွန်) များလွှင့်ထူခဲ့ကြပါတယ်။ အိမ်ရဲ့အမှတ်အသားတွေ၊ မိသားစုအမှတ်အသားတွေပါရှိတဲ့ သူရဲကောင်းတံခွန်တွေကို လေထဲမှာလွှင့်ထူထားခဲ့ကြပါတယ်။

 

သူရဲကောင်းတံခွန်ဆိုတာက ဆာမူရိုင်းတွေ မြင်းစီးတဲ့အချိန်မှာ၊ အလံတွေကိုနောက်ကျောမှာစည်းပြီး မြင်းစီးတဲ့ ပုံရိပ်ကို အဓိကထားထည့်သွင်းတဲ့ တံခွန်ပဲဖြစ်ပါတယ်။

 

အဲ့သူရဲကောင်းတံခွန်တွေအသုံးပြုခြင်းကနေ ငါးကြင်းတံခွန်ပုံစံပြောင်းလဲလာခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က စတင်ခဲ့ခြင်းဖြစ်ပါတယ်။

 

ငါးကြင်းတံခွန်လွင့်ထူရင် တံခွန်တစ်ခုမှာ ပုံမှန်အားဖြင့် ငါးကြင်းရုပ် ၃ ခုပါပါတယ်။

အဲ့ငါးကြင်းရုပ် ၃ ခုထဲက အပေါ်ဆုံးမှာ ချိတ်ဆွဲထားတဲ့ အနက်ရောင်ငါးကြင်းရုပ်ဟာ ဖခင်အားကိုယ်စားပြုပါတယ်။ ဒုတိယနေရာမှာချိတ်ဆွဲထားတဲ့ အနီရောင်ငါးကြင်းရုပ်ဟာ မိခင်ကိုကိုယ်စားပြုပါတယ်။ အောက်ဆုံးမှာ ချိတ်ဆွဲထားတဲ့ငါးကြင်းရုပ် သေးသေးကလေးကတော့ သားသမီးတွေကို ကိုယ်စားပြုပါတယ်။

ဒီဓာတ်ပုံမှာတွေ့ရတဲ့ အိမ်မှာ ကလေးနှစ်ယောက်ရှိတဲ့ပုံပါဘဲ။

အပြာရောင်ငါးကြင်းက ယောင်္ကျားလေးဖြစ်ပြီး အနီရောင်ငါးကြင်းကတော့ မိန်းကလေးဖြစ်ပါတယ်။

အဲ့အိမ်မှာ အစ်ကိုနှင့် ညီမ မောင်နှမနှစ်ယောက်ရှိတယ်ဆိုတဲ့ သဘောနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

 

ဒါဆိုရင် မေလရဲ့ကောင်းကင်ယံမှာ ငါးတွေဘာကြောင့်ကူးခတ်ကြတယ်ဆိုတာကို သဘောပေါက်သွားမယ်လို့ထင်ပါတယ်။ အဲ့လိုတင်စားပြောဆိုတဲ့ ငါးကြင်းတံခွန်ဟာ မိသားစုတစ်ခုတိုင်းရဲ့ ပုံရိပ်ကိုထင်ဟပ်နေတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: