“အနာဂတ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မက်ကို ဖျက်စီးပစ်လိုက်သူ”

ထမင်းဘူးဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ ဗီယက်နမ်အမျိုးသမီးကို သတ်ဖြတ်ပြီး ငွေသားလုယက်မှု သံသယနဲ့ တရားစွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အိုဆာကာခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်

စွဲချက်တင်ချက်အရ၊ တရားခံ Toshiya Yamaguchi (60) ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အိုဆာကာမြို့ Yodogawa ရပ်ကွက်ရှိ ၎င်းနေထိုင်နေတဲ့ နေအိမ်ထဲကို၊ ထမင်းဘူးဆိုင် အချိန်ပိုင်းအလုပ်သမားတစ်ဦးဖြစ်သူ ဗီယက်နမ်နိုင်ငံသူ Mrs.Vo Thi Le Quynh (၃၁)နှစ် ကို ဖိတ်ခေါ်ပြီး၊ လည်ပင်းညှစ်သတ်၊ ငွေသား ယန်း ၂၆၀၀၀ လုယက်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။

(※လုယက်မှု-လူသတ်မှု၊ ကျူးကျော်မှု၊ ကြိုတင်ကြံစည်လုယက်မှု၊ အလောင်းစွန့်ပစ်မှု)

ယခုအချိန်ထိ ရုံးချိန်းတွေမှာ တရားခံက “ပြစ်မှုကျူးလွန်ချိန်မှာ ကျွန်တော့်လက်ထဲမှာ ယန်း ၁၀၀ တောင်မရှိခဲ့ပါဘူး။ ငွေရေးကြေးရေးအခက်အခဲကြောင့် ငွေနည်းနည်းလောက်ရဖို့ စဉ်းစားပြီး၊ အိမ်ထဲဝင်ဝင်ပြီးချင်းမှာပဲ ဂျူဒိုချုပ်နည်းနဲ့ လည်ပင်းကို ဆက်တိုင်ညှစ်ခဲ့မိပါတယ်” ဆိုပြီးဖြေပြီးတဲ့နောက်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Yamaguchi က “အစကတည်းက သတ်မယ်၊ ငွေလုမယ်လို့ ရည်ရွယ်ပြီး ဖိတ်ခေါ်ခဲ့တာမဟုတ်ပါဘူး” ဆိုပြီး ငြင်းဆိုခဲ့ပါသေးတယ်။ 

တရားခံရှေ့နေဘက်ကလည်း “Mrs.Vo က အသံအကျယ်ကြီးနဲ့ အော်လိုက်တဲ့အခါမှာ လန့်သွားပြီး၊ သတိလစ်အောင် ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်၊ သေဆုံးသွားခဲ့တာပါ” ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ဖို့ တောင်းဆိုခဲ့ပါသေးတယ်။

တရားခွင်ထဲမှာ Yamaguchi က Mrs.Vo ရဲ့ရုပ်အလောင်းကို စောင်ထည့်တဲ့အိတ်ထဲမှာ ထည့်ပြီး အိမ်ထဲမှာဖွက်ခဲ့ခြင်း၊ ထမင်းဘူးဆိုင်မှာ အလုပ်လုပ်တဲ့ Mrs.Vo ဆီက ယန်း၂၆၀၀၀ ကို လုယက်ခဲ့ခြင်း၊ အဲ့ဒီပိုက်ဆံနဲ့ အရက်၊ ဆေးလိပ်တွေကို ဝယ်ခဲ့တာပေါ်ပေါက်ခဲ့ပြီး၊ ဝယ်ခဲ့ရတဲ့ အကြောင်းပြချက်ကို မေးတဲ့အခါမှာ Yamaguchi က “စိတ်တည်ငြိမ်အောင်ပါ” လို့ဖြေခဲ့ပါတယ်။

အိုဆာကာခရိုင်တရားရုံးမှာ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက စီရင်ချက်ချရတဲ့ အကြောင်းရင်းကို “ငွေလိုချင်တယ်ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှု တစ်ခုအတွက်ကြောင့်နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်စွာနဲ့ နှစ်မိနစ် သုံးမိနစ်လောက် လည်ပင်းညှစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်ခဲ့သူ ခံစားခဲ့ရတဲ့ အကြောက်တရားက ကြီးမားပြီး၊ အနာဂတ်ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝက်ု လုယူလိုက်တာဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစု ဘယ်လိုခံစားရမလဲဆိုတာကတော့ အတိုင်းအဆမရှိလောက်အောင်ပဲ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောကြားခဲ့ပြီး၊ Yamaguchi ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

စီရင်ချက်ချပြီးနောက် “မင်းလုပ်ရပ်ကြောင့် တောက်ပတဲ့အနာဂတ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မက်ကို ဖျက်စီးပစ်လိုက်မိတာကို လက်ခံပါ။ နောက်ဘဝမှာ ချမ်းသာပျော်ရွှင်နိုင်ဖို့ ဆုတောင်းပြီး အပြစ်ဒဏ်ကို ပေးဆပ်ပါ” လို့ပြောခဲ့ပါတယ်။ တရားခံ Yamaguchi ဟာ စကားဆုံးတဲ့အထိ ခေါင်းငုံ့လျက်နဲ့ နားထောင်နေခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: