အံ့သြဖွယ်ကောင်းတဲ့ ကတ်ထူကုတင်များ !!!

အားကစားသမားတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေဟာ အိုလံပစ်အားကစားသမားတွေအတွက်ပြင်ဆင်ထားတဲ့ အိပ်ဆောင်နဲ့ အိုလံပစ်ကျေးရွာတွေမှာ နေထိုင်ကြရပါတယ်။
ဒီအဆောက်အအုံတွေကို ပွဲပြီးတဲ့အချိန်မှာလည်း အသုံးဝင်နိုင်မယ့်ပုံစံမျိုးမစဥ်းစားထားရင် ပွဲပြီးတဲ့နောက်ပိုင်းစီမံမှုမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။
အောက်ကပုံကတော့ အိုလံပစ်ကျေးရွာဖြစ်ပေမယ့် အတော်လေးကျယ်တာကို တွေ့မြင်နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ အိုလံပစ်ကျေးရွာရဲ့အဆောက်အအုံတွေကို ပြိုင်ပွဲမှာအသုံးပြုပြီးတဲ့နောက် တိုက်ခန်းတွေအနေနဲ့ပြန်လည်အသုံးပြုတဲ့အတွက် ဒီတိုက်တာတွေဟာ ရောင်းချထားပြီးသားဖြစ်ပါတယ်။
အိုလံပစ်ပွဲတော်ဟာ ၁ နှစ် နှောင့်နှေးခဲ့တဲ့အတွက်ကြောင့် တိုက်ခန်းပြန်ပေးရမယ့်အချိန်ဟာလည်း ၁ နှစ်နှောင့်နှေးပြီး အဆင်မပြေမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အဆောက်အအုံကတော့ ဒီတိုင်းပေးလိုက်လည်း အဆင်ပြေပေမယ့် အိမ်ထောင်ပရိဘောဂပိုင်းမှာတော့ ပြဿနာရှိနေပါတယ်။
တစ်ခါသုံးပစ္စည်းတွေသုံးဖို့ကလည်း အဆင်မပြေပြန်ပါဘူး။
ဒါကြောင့် ဒီတစ်ခေါက်အိုလံပစ်ပွဲမှာ ကုတင်တွေကို ကတ်ထူနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ဘာလဲ ဈေးပေါလိုက်တာ၊ ကျိုးတော့မယ်ပုံလို့ တွေးမိကြမယ်လို့ထင်ပါတယ်။
အိုလံပစ်ကျေးရွာထဲကို ရောက်လာတဲ့သူတွေကလည်း အဲ့လိုပဲပြောကြပါတယ်။
ဟုတ်ပါတယ် တစ်ကယ်တော့လည်း ကတ်ထူပြားတွေက ပျက်စီးလွယ်လို့ ကြောက်ဖို့ကောင်းပါတယ်။
ကျွန်တော်လည်း အပေါ်ကလိုမျိုးတွေးမိပေမယ့် လက်တွေ့မှာတော့ အဆင်ပြေတဲ့ပုံပါပဲ။

ဒီပုံလေးကို ကြည့်လိုက်ပါ။

အစ္စရေးကစားသမား ၉ ယောက်လောက်က ဒီကုတင်ပေါ်မှာ ခုန်လိုက်တဲ့ရလဒ်က ညာဘက်ကလိုဖြစ်ပါတယ်။

အင်း ကျိုးတော့ကျိုးတယ်ပေါ့နော်။
ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ လူ ၉ ယောက်သာတက်ခုန်ရင် ရိုးရိုးကုတင်တောင်မှ ကျိုးတယ်မဟုတ်လားနော်။

ဒီကုတင်ကတော့ အလေးချိန် ၂၀၀ ကီလိုဂရမ်အထိ ခံနိုင်ရည်ရှိစေဖို့ ဒီဇိုင်းဆွဲထားပုံရပါတယ်။
ပြီးတော့ “ ဘယ်လောက်ထိခံနိုင်မလဲဆိုပြီး ခုန်ကြည့်မယ့်ကစားသမားကတော့ ရှိမှာပဲ” လို့ တွေးထားကာ မပျက်စီးအောင်တော့ သေချာခိုင်ခံ့အောင်လုပ်ထားပုံရပါတယ်။

လက်တွေ့မှာလဲ အားကစားသမားတစ်ယောက်က ခုန်ကြည့်ပြီး “ မကျိုးဘူးဟ” ဆိုတဲ့ စမ်းခုန်ကြည့်တဲ့ဗီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့ပါတယ်။

အိုလံပစ်ကျေးရွာဟာ အခမဲ့ဖြန့်ဝေတဲ့ကွန်ဒုံးတွေကို အံ့သြစရာကောင်းလောက်အောင် အသုံးပြုတဲ့နေရာဖြစ်ပါတယ်။
ဒါကြောင့် လိင်ကိစ္စကို ကာကွယ်ဖို့အတွက် ကတ်ထူကုတင်တွေကို သုံးတာလားလို့ တွေးတဲ့သူတွေလည်းရှိပေမယ့် လက်တွေ့မှာတော့ သာမန်ကုတင်တွေထက် ပိုခိုင်ခံကြောင်းကို သက်သေပြနိုင်ခဲ့ကြပါတယ်။

ကတ်ထူဖြစ်တဲ့အတွက် လေဝင်လေထွက်လည်းကောင်းပြီး ပူအိုက်စိုစွတ်တဲ့ ဂျပန်နိုင်ငံရဲ့ နွေရာသီနဲ့ လိုက်ဖက်မှုရှိစေတယ်လို့ ထင်မိပါတယ်။

ဒီလိုကုတင်ကျိုးစေတဲ့ဗီဒီယိုကို မြင်တဲ့ထုတ်လုပ်သူက

ခုန်တာကို လုပ်မယ်လို့တော့တွေးထားပေမယ့် ၉ ယောက်လောက် ခုန်မယ်လို့တော့ မတွေးထားမိပါဘူး။
ကစားသမားတွေ ဒဏ်ရာမရသွားလို့ တော်ပါသေးတယ်။

လို့ မှတ်ချက်ပေးခဲ့ပါတယ်။

စမ်းသပ်လိုစိတ်နဲ့ ဖျက်စီးမိသွားတဲ့ဗီဒီယိုဖြစ်ပေမယ့် ဒါက အရောင်းမြှင့်တက်စေသွားနိုင်မလားတောင်မသိဘူးနော်။
ကတ်ထူတွေကတော့ တကယ့်ကိုပဲ နေရာတကာကို အသုံးဝင်နေတော့တာပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: