ဂျပန်လူမျိုးတွေတောင် မဖတ်တတ်တဲ့ ဂျပန်စာကို AIသုံးပြီး ဖတ်နိုင်ခဲ့သော ထိုင်းအမျိုးသမီး
ဂျပန်စာလေ့လာချင်တဲ့ သူတွေအတွက် ကြုံတွေ့ရတဲ့ ပထမဆုံး အခက်အခဲက စကားလုံးအမျိုးအစားပဲဖြစ်ပါတယ်။
ဟိရဂန အလုံး၅၀၊ ခတခနအလုံး ၅၀
ပြီးတော့ ခန်းဂျိကဆက်သင်ရဦးမယ်၊ မမှတ်လို့မရတဲ့ စကားလုံးအမျိုးအစားတွေက လန့်စရာကောင်းလောက်အောင် များတဲ့ဘာသာစကားပါပဲ။
ဒီလို စကားလုံးက ၃မျိုး၃စားကွဲနေပြီး နှစ်ပေါင်း ၁၄၀၀လောက် ကျော်ဖြတ်လာခဲ့တာကြောင့်၊ အခုခေတ်ကျွန်တော်တို့တွေဟာ အဲ့ဒီခေတ်အခါက စာတွေကို ဖတ်နိုင်ရမှာပါ။
ဒါပေမယ့်…မဖတ်တတ်ပါဘူး။
ဂျပန်စာကတော့ အေးဆေးပါဆိုသူများ ဒီဟာကို ဖတ်နိုင်ကြပါသလား?
https://www.tdb-muse.jp/webmagazine/2018/12/post-1002.html
ဒါလေးက ဖတ်လို့ရနေပါသေးတယ်။
ကျွန်တော်က ဂျပန်လူမျိုးဖြစ်နေတာ ၄၈နှစ်ရှိပေမယ့်၊ ဒီစာရဲ့ 30% လောက်ရှိတဲ့ စကားလုံးတွေကိုပဲ နားလည်ပါတယ်။
ဒါပေမယ့် အဲ့ဒီလောက်နဲ့ကျတော့ ဘာရေးထားလဲဆိုတာ 100% နားလည်ဖို့ ခက်ပါတယ်။
ဒီလိုစာတွေကို များသောအားဖြင့် “ခုဇုရှိ စာလုံး” လို့ခေါ်ပါတယ်။
စုတ်တံနဲ့ ချောချောမွေ့မွေ့ရေးရင် ဒီလိုမြင်ရမှာဖြစ်ပြီး၊ ဒီစာကိုရေးထားတဲ့သူက စာအရမ်းတော်တဲ့သူ ဖြစ်မယ်ထင်ပေမယ့်၊ ဘာက ဘာဆိုတာလဲကို နားမလည်ပါဘူး။
ကျွန်တော်တို့တွေတောင် နားမလည်တာကို နိုင်ငံခြားသားက ဖတ်နိုင်ဖို့ဆိုတာက ပိုပြီးတော့ကို ခက်ခဲပါသေးတယ်။
ဒီလိုစာလုံးတွေက ပြဿနာဖြစ်နေတာကြောင့် ဂျပန်ဂန္ထဝင်စာပေတွေကို တော်တော်တန်တန် မဖတ်တတ်ကြတာဟာ စိတ်မကောင်းစရာအခြေအနေပါပဲ။
ဒီလို “ခုဇုရှိ စာလုံး” တွေကိုစိန်ခေါ်စမ်းသပ်လိုက်တာကတော့ ပုံထဲက တရင်း ပဲဖြစ်ပါတယ်။
https://ledge.ai/tkasasagi-interview/
ထိုင်းနိုင်ငံမြို့တော ဘန်ကောက်မှာမွေးတဲ့ သူမဟာ ဂျပန်ဂန္ထဝင်စာပေတွေကို အရမ်းချစ်မြတ်နိုးပါတယ်။
တက္ကသိုလ်ဆက်တက်ဖို့ ဂျပန်ကိုလာခဲ့ပြီး ဂန္ထဝင်စာပေတွေကို သုတေသနလုပ်နေပါတယ်။
သူမအရမ်းကြိုက်တဲ့ လက်ရာကတော့ Genji Monogatari Emaki ပဲဖြစ်ပါတယ်။
၁၀၀၈ခုနှစ်မှာ မုရဆခိ ရှိခိဘု ဆိုတဲ့လူကရေးခဲ့တဲ့ ပုံပြင်ဖြစ်ပြီး၊ ဂျပန်ရဲ့ သက်တမ်းအကြာဆုံး ဝတ္တုရှည်ပုံစံ ပုံပြင်ဖြစ်ပါတယ်။
Emaki လို့ရေးထားတဲ့အတိုင်း ပုံရော စာတွေလည်းပါပြီး၊ အခုခေတ်လိုဆိုရင်တော့ ရုပ်ပြစာအုပ်ထက် စာမျက်နှာပိုများကာ၊ လူကြီးတွေအတွက် ထုတ်ထားတဲ့စာအုပ် လို့မြင်ယောင်ကြည့်လို့ရပါတယ်။
ပုံပြင်ဆိုတာက အဲ့ဒီခေတ်အခါက မင်းမျိုးအနွယ်ဝင်တွေရဲ့ ဘဝတွေကို ပြသတဲ့ဇာတ်စင်သဘောဖြစ်ပြီး၊ အချစ်ရေး၊ နိုင်ငံရေးပူးပေါင်းကြံစည်မှုစတာတွေ ရေးသားထားတာကြောင့် အခုဖတ်လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
သရုပ်ဖော်ပုံတွေက ဒီလိုမျိုးဖြစ်ပြီး၊ အဲ့ဒီခေတ်အခါက အလွန်တောက်ပ ချမ်းသာခဲ့တဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ဘဝကို တစေ့တစောင်းကြည့်နိုင်ပါတယ်။
ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ လက်ရာတစ်ခုကို ဂျပန်လူမျိုးတွေက မူရင်းအတိုင်း မဖတ်တတ်ကြပါဘူး။
စကားလုံးတွေက အခုခေတ်နဲ့ ကွဲတာလည်း ပါတော့ပါပေမယ့်၊ အဓိကကျတဲ့ အကြောင်းပြချက်ကတော့ အထက်မှာဖော်ပြထားတဲ့ “ခုဇုရှိ စာလုံး” ပဲဖြစ်ပါတယ်။
Genji Monogatari Emaki ကို ဒီလိုပုံမျိုးရေးထားတာပါ။
အပေါ်မှာပြတဲ့ ပုံထက်ကို ပိုခက်လာပြီနော်။
ဒါကတော့ ကျွန်တော်တောင် ၄၊ ၅လုံးအပြင် မဖတ်တတ်တော့ပါဘူး။
ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ စာပေမျိုးကို ဂျပန်လူမျိုးတွေ မဖတ်တတ်တာက နှမြောစရာကောင်းလွန်းတယ်! လို့တွေးမိသွားတာက တရင်း ပဲဖြစ်ပါတယ်။
AIသုံးပြီး ခုဇုရှိ စာလုံးကို ဖတ်မယ်လို့ လုပ်ဆောင်ပါတော့တယ်။
ဂန္ထဝင်စာပေ အမျိုးမျိုးကို သွင်းထည့်ပြီး၊ AI ထဲကို ခုဇုရှိ စာလုံးတွေ သင်ပေးပါတော့တယ်။
ဟင်?
အဲ့ဒါဆို သူက ခုဇုရှိ စာလုံးတွေကို လုံးဝပြီးပြည့်စုံအောင် ဖတ်နိုင်ပြီဆိုတဲ့သဘောပေါ့။
အဲ့ဒီ အဘိဓာန် ထုတ်နိုင်တာနဲ့ကို ချီးကျူးဖို့ကောင်းလှပါပြီ…
ခုဇုရှိ စာလုံးတွေက လက်နဲ့ရေးထားတာဖြစ်လို့ ရေးတဲ့လက်နဲ့လိုက်ပြီး စာလုံးပုံစံက တော်တော်လေးကွာခြားပါတယ်။
တစ်ယောက်တည်းကရေးထားတာတောင်မှ တစ်ထပ်တည်းကျအောင် တူဖို့က တော်တော်လေး ခက်ခဲပါတယ်။
အဲ့ဒါကိုတောင် ပြီးပြည့်စုံအောင် မှတ်ခိုင်းပြီး၊ စမတ်ဖုန်းအက်ပလီကေးရှင်းဖြစ်တဲ့ “မိအို (miwo)” ကိုဖန်တီးလိုက်ပါတယ်။
စမတ်ဖုန်းနဲ့ တက်ဘလက်တွေရဲ့ ကင်မရာနဲ့ ခုဇုရှိ စာလုံးတွေကို ဖတ်လိုက်ရင်၊ ပုံမှန်စာလုံးတွေလို ထုတ်ပြပေးတဲ့ အက်ပလီကေးရှင်း ဖြစ်ပါတယ်။
အဲဒိုခေတ်က ခုဇုရှိ စာလုံးတွေကိုဆိုရင် 95%လောက်အထိရှိတဲ့စနစ်နဲ့ မှတ်ထားပေးတယ်လို့ ပြောကြပါတယ်။
လုပ်ငန်းတော်တော်များများက နှစ်အတော်ကြာရင်းနှီးပြီး ပြုလုပ်နေတဲ့၊ အခုခေတ်လက်နဲ့ရေးထားတဲ့ စာလုံးတွေကို မှတ်သားတဲ့ app က အတူတူဖြစ်လောက်အောင် တိတိကျကျ ဖတ်ယူပေးနိုင်ပါတယ်။ အဲ့ဒီလို app တွေနဲ့ လယ်ဗယ်တူလောက်ကို တစ်ယောက်တည်း၊ ဒါတင်မက ခုဇုရှိ စာလုံး တွေကို ဖတ်နိုင်အောင်လုပ်တာကတော့ လယ်ဗယ်အရမ်း မြင့်လွန်းသွားပါပြီ။
အဲ့ဒီကောင်မလေးကတော့ ကလေးဘဝကတည်းက “ဂျပန်ရူး” လို့ဝိုင်းအပြောခံရလောက်အောင် ဂျပန်ကိုချစ်ခဲ့တာပါ။
Manga နဲ့ anime ၊ စားစရာစတဲ့ ဂျပန်ယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့ သူမဟာ “The Tale of Genji”ဆိုတဲ့ Manga ကိုတွေ့သွားပါတော့တယ်။
အဲ့ဒီ Manga က အပေါ်မှာပြောပြခဲ့တဲ့ Genji Monogatari Emaki ကို အခုခေတ် Manga စတိုင်ပြန်ထုတ်လုပ်ထားတာပါ။
အကြိမ်ကြိမ် ဒီ Manga ကိုဖတ်ထားတဲ့ ဒီအမျိုးသမီးဟာ Genji Monogatari Emaki ဆိုတဲ့ မူရင်းစာဆီကို ရောက်လာခဲ့တာကလည်း နားလည်နိုင်စရာအချက်ပါပဲ။
တက္ကသိုလ်စာမေးပွဲမှာ ခုဇုရှိ စာလုံးတွေကို မဖတ်တတ်တာကြောင့် အဆင့်ကတော့ F ရခဲ့ပါတယ်။
အဲ့ဒါကို အားမလိုအားမရဖြစ်တာကြောင့် တက္ကသိုလ်ခန်းမထဲ ငိုကြွေးခဲ့ရတဲ့ သူမဟာ လက်ရေးလှလေ့ကျင့်ရတဲ့ ရှို့ဒိုး ကို စသင်ပါတော့တယ်။
အဆင့်တွေတက်လာပြီး အဆင့်၄ ရောက်လာတဲ့အခါမှာတော့၊ နာမည်ကြီး ရှို့ဒိုး ပြပွဲမှာ အလှဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။
အရမ်းမုန်းခဲ့တဲ့ ခုဇုရှိ စာလုံးတွေကို အရမ်းချစ်သွားခဲ့ပြီး AI နဲ့ဖတ်ဖို့ အတွေးဝင်လာတဲ့သူမ။
ဒါပေမယ့် ပရိုဂရမ်းမင်း နဲ့ပက်သက်ပြီး ဘာမှမသိပြန်ဘူး။
တိုကျိုတက္ကသိုလ်က ပါမောက္ခထံကို အပူကပ်ပြီး စာတွေပို့ကာ၊ အဆုံးမှာတော့ AI ကိုသေသေချာချာလေး လေ့လာနိုင်သွားပါတော့တယ်။
၆လကြာ အနားယူခြင်းမရှိဘဲ ခုဇုရှိ စာလုံးတွေကို AI ထဲကိုသင်ပေးပြီး သွင်းပါတော့တယ်။
ခုဇုရှိ စာလုံးတွေပါတဲ့ စာအုပ်တွေကို ကျွမ်းကျင်သူတွေတောင် ၁ရွက်ကို ၁၀မိနစ်လောက်အချိန်ယူ ဘာသာပြန်ရတာကို၊ သူမဖန်တီးလိုက်တဲ့ AI မှာတော့ ၁စက္ကန့်။
ဂျပန်စာပေကျွမ်းကျင်သူများထံကနေ အကောင်းအဆိုး ဝေဖန်ခံရတာမျိုး ရှိပေမယ့်၊ ကျွန်တော်တို့လို သာမန်ဂျပန်လူမျိုးတွေ မဖတ်တတ်တာကို ဖတ်နိုင်အောင် လုပ်ပေးခဲ့တဲ့ သူမကို ဆုချီးမြှင့်သင့်ပါတယ်။
သူမရဲ့ app ကိုစတင်ပြီး ၄၈နာရီအတွင်း ဒေါင်းလုတ်လုပ်သူ ၁သောင်းကျော်ခဲ့ပါတယ်။
သီးသန့်နယ်ပယ်တစ်ခုအတွက်သာဖြစ်တဲ့ app ဆိုပေမယ့် ဒီလောက်အထိ ဒေါင်းလုတ်လုပ်တဲ့ အကြိမ်ရေရောက်ခဲ့တာကတော့ သူမကိုယ်တိုင်တောင် လန့်သွားခဲ့ပုံပါပဲ။
“အိမ်မှာချိတ်ထားတဲ့ စာလိပ်မှာ ဘာရေးထားလဲ နားမလည်ဘူးလေ”
လို့ပြောတဲ့သူများတာကြောင့် ရလဒ်ကောင်းတွေ ရခဲ့ပါတယ်။
တရင်း ကတော့ ဒီအတွေ့အကြုံကို ဝယ်လိုတဲ့ Google မှာအလုပ်ဝင်လိုက်ပါတယ်။
ခဏလေးနေပါဦး
ဂျပန်လုပ်ငန်းတွေက ဘာလို့အလုပ်မခန့်ခဲ့တာလဲ?
ဒီလောက်အထိ ဂျပန်ကိုအရမ်းချစ်ပြီး သေသေချာချာ သုတေသနတွေပါ လုပ်ပေးတဲ့ နိုင်ငံခြားသားက သိပ်မရှိဘူးလေ။
ဒီလောက် နှစ်လိုဖွယ်ကောင်းတဲ့ လူသားအရင်းအမြစ်ကို လက်လွတ်ဆုံးရှုံးရတာကတော့ စိတ်မကောင်းစရာပါပဲ။
ဂျပန်ကိုအရမ်းချစ်တဲ့ သူမကို ချီးကျူးတာနဲ့ တပြိုင်နက်
ဂျပန်နိုင်ငံ၊ ပြီးတော့ ဂျပန်လုပ်ငန်းတွေရဲ့ မြင်မကောင်းအောင် ဖြစ်ကြပုံ အခြေအနေက ဝမ်းနည်းဖို့ကောင်းနေပါတော့တယ်။