ဂျပန်နိုင်ငံမှာ လူသားတွေထက် အိမ်မွေးတိရိစ္တာန်တွေက ပိုဈေးကြီးနေတာလား? ကြောက်မက်ဖွယ်ဆေးကုသမှုကုန်ကျစရိတ်ပြဿနာ

ကျွန်တော်ငယ်ငယ်တုန်းက ဂျပန်နိုင်ငံမှာ ခွေးတွေကို အိမ်အပြင်မှာ မွေးကြပါတယ်။ ကြောင်တွေလည်း ကြိုက်တဲ့အချိန် အပြင်ထွက်ပြီး လမ်းလျှောက်ကြလေ့ရှိပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ မိသားစုသဘောမျိုးနဲ့ အိမ်ထဲမှာပဲ မွေးလာကြပါတယ်။

အဲ့ဒါကြောင့်မို့လို့ ခွေးလေးရော ကြောင်လေးတွေပါ အသက်ရှည်လာကြပြီး ကျွန်တော့အိမ်က ခွေးလေးဆို အသက် ၁၈ နှစ်ရှိနေပါပြီ။
ဒီလိုအသက်ကြီးနေတဲ့ခွေးလေးတွေက တစ်ချက်ဂရုမစိုက်မိတာနဲ့ နေမကောင်းဖြစ်တတ်တာမို့လို့ ဆေးရုံကို အမြဲသွားပြရပေမယ့် ကုန်ကျစရိတ်ကတော့ ကြီးမားလွန်းလို့ လက်ဖျားခါရပါတယ်။

သွေးစစ်ပြီး ဆေးတစ်ချောင်းထိုးပါမယ်။ ၁၂၀၀၀ ယန်း ကျသင့်ပါမယ်။ (မြန်မာငွေ ၁သိန်းခွဲခန့်)
နောက်တစ်ပတ်လည်း လာခဲ့ဦးနော်
လို့ ပြောပေမယ့် ဒီလောက်ငွေပမာဏနဲ့ဆို ချွေးစေးတောင် ထွက်မိပါတယ်။

ဒါပေမယ့် ခွေးလေးခံစားနေရာကို လက်ပိုက်ကြည့်မနေနိုင်တော့လည်း ခေါ်သွားရပြန်ပါတယ်။ ခွေးလေးကို အသက်ရှည်ရှည်နေစေချင်ပေမယ့် အသက်ရှည်ရင် ရှည်သလောက် ကုန်ကျလာမယ့်ငွေကြေးအတွက် စိတ်ပူရပါတော့တယ်။
စကားမစပ် ကျွန်တော့မိသားစုက ဒီလတစ်လတည်းကို ယန်း ၄ သောင်းကျော် (မြန်မာငွေ ၅ သိန်းခန့်) တိရိစ္ဆာန်ဆေးရုံကို ရှင်းပေးရပါတယ်။
ဒါပေမယ့် ဒီလောက်ရှင်းရတာက တော်သေးတယ်လို့ ပြောရမလိုပါပဲ။

ဥပမာ စားလို့မရတဲ့အရာတွေကိုစားမိပြီး ခွဲစိတ်ရတဲ့အခါ ဆေးရုံစရိတ်နှင့် ခွဲစိတ်ခအပါအဝင် ယန်း ၃ သိန်းလောက် ကုန်ကျနိုင်ပါတယ်။ မြန်မာငွေနဲ့ဆို ၃၆ သိန်းလောက်ပေါ့။ စျေးနည်းနည်းကြီးတယ်နော်။

လူသားတွေဆိုရင်တော့ ဂျပန်နိုင်ငံမှာ အတော်များများက ကျန်းမာရေးအာမခံထည့်ဝင်ထားတဲ့အတွက် အထူးတလည်ဆေးဝါးကုသစရာမလိုဘူးဆိုရင် ဒီလောက်မကုန်ကျပါဘူး။
ဆေးကုသစရိတ်ရဲ့ ၇၀% ကို အာမခံစရိတ်ထဲကနေ ပေးချေပေးမှာဖြစ်တဲ့အတွက် အရမ်းအဆင်ပြေသက်သာရပါတယ်။

လူတောင် ဒီလောက်စားရိတ်စက မကုန်ကျတဲ့ဟာကို ဒီလောက်ဈေးနှုန်းနဲ့ဆို တိရိစ္ဆာန်မမွေးနိုင်ဘူးလို့တွေးမိမယ်လို့ထင်ပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့။

အခုဂျပန်နိုင်ငံမှာ ခွေးလေးတွေနဲ့ ကြောင်လေးတွေအတွက် အိမ်မွေးတိရိစ္ဆာန်အာမခံကို လုပ်ဆောင်နေပါတယ်။
တစ်လကို ယန်း ၅၀၀ ကနေ ၁၀၀၀ လောက်ပဲ အာမခံကြေးပေးရတဲ့နေရာတွေ များလာပြီး အဲ့ဒီအာမခံတွေတွေလည်း စိတ်ချရပါတယ်။

ဆေးကုသမှုကုန်ကျစရိတ်ရဲ့ ၅၀~၇၀% ကို အာမခံကြေးကနေ ပေးချေပေးပါတယ်။
ဒါ့အပြင် တိရိစ္ဆာန်ဆရာဝန်နဲ့ ၂၄ နာရီတိုင်ပင်ဆွေးနွေးနိုင်တဲ့ဝန်ဆောင်မှုရှိတဲ့နေရာလည်း ရှိပါတယ်။

အိမ်ကခွေးလေးကတော့ ဒီလေးရက်ဆက်တိုက်ရုံးပိတ်ရက် အစမှာ အန်နေခဲ့ပါတယ်။ ဆေးရုံလည်း ဆက်တိုက်ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ပိတ်ထားပါတယ်။
ဒါပေမယ့် ဆရာဝန်ရဲ့ဖုန်းနံပါတ်ကို သိတဲ့အတွက် တိုက်ရိုက်ဆက်သွယ်နိုင်လို့ အဆင်ပြေသွားပေမယ့် အဲ့လိုမဆက်သွယ်နိုင်ဘူးဆိုရင် စိတ်ပူရမှာပါ။

ဆေးကုသစရိတ်မရှိလို့ ကိုယ်အရမ်းချစ်ရတဲ့အိမ်မွေးတိရိစ္ဆာန်လေးကို ဆေးရုံမပြနိုင်တာလိုမျိုး မဖြစ်ရအောင် အာမခံဝင်ထားတာက ပိုကောင်းပါတယ်။

ဒါပေမယ့် အသက်ကြီးတဲ့တိရိစ္ဆာန်လေးတွေကတော့ အာမခံထည့်လို့မရတော့ပါဘူး။
အိမ်က ခွေးလေးက ၁၈ နှစ်ရှိပြီမို့လို့ အာမခံထည့်လို့မရတော့တဲ့အတွက် အလုပ်ကြိုးစားပြီး ပိုက်ဆံပိုစုဖို့ပဲ ကျန်ပါတော့တယ်။ ဒါမှလည်း ကျွန်တော့ခွေးလေးနေမကောင်းဖြစ်ရင် ဆေးရုံခေါ်သွားနိုင်မှာ မဟုတ်ဘူးလားဗျာ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: