ခရစ်တော်နှင့် ဗုဒ္ဓတို့၏သင်္ချိုင်းရှိရာ Aomori စီရင်စု! ၎င်းဟာကမ္ဘာရဲ့သန့်ရှင်းရာမြေလား?

တစ်ယောက်ယောက်ကပြောခဲ့တဲ့ဟာသကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းခဲ့တာလား၊ ဒါမှမဟုတ် မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတဲ့ လိမ်ညာမှုလား?
မဟုတ်မှလွဲရော တကယ့်အကြောင်းအရာလား?

အဲ့ဒီအဖြေကိုဘယ်သူမှမသိပေမဲ့ ဂျပန်ရဲ့အဓိကကျွန်းမကြီးရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Aomori စီရင်စုမှာတော့ ထူးဆန်းတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။

 

ခရစ်တော်၏သင်္ချိုင်းရှိခြင်း

https://intojapanwaraku.com/

 

မဟုတ်သေးပါဘူး၊ ဒါဟာ မယုံနိုင်စရာပဲနော်?
ကျွန်တော်လည်းမယုံပေမဲ့၊ ဒါဟာခရစ်တော်ရဲ့ သင်္ချိုင်းပဲလို့ လက်ဆင့်ကမ်းပြောကြတဲ့လူတွေရှိပါတယ်။

စာဖတ်သူတို့သိထားကြတဲ့ဇာတ်လမ်းထဲမှာတော့ ယေရှုခရစ်တော်ဟာ ဂေါလဂေါသကုန်းမြင့်မှာလှံနဲ့အထိုးခံရပြီး၊ အသတ်ခံရတဲ့အခန်းကိုကြည့်ဖူးမယ်လို့ထင်ပါတယ်။ ဒီဒေသမှာပြောကြတဲ့ဘာသာစကားဟာ အနည်းငယ်တော့ကွဲပြားပါတယ်။
ဂေါလဂေါသကုန်းမြင့်မှာအသတ်ခံရတာက ညီတော် Iskiri ဆိုတဲ့ပုဂ္ဂိုလ်တဲ့….
ယေရှုခရစ်တော်ဟာ တပည့်တော်တွေရဲ့ကယ်တင်မှုကိုခံရပြီး၊ ဂျပန်ကိုထွက်ပြေးခဲ့တယ်လို့ပြောကြပါတယ်။
ဘာကြောင့် ဂျပန်ဖြစ်နေရသလဲဆိုတာကိုနားမလည်သလို၊ တော်တော်လေးဝေးတဲ့ဒီခရီးကို ဘယ်လိုလာခဲ့သလဲဆိုတာလည်း နားမလည်ပါဘူး။

သင်္ချိုင်း ၂ ခုဟာအတွဲလိုက်ရှိနေပြီး၊ ၁ ခုဟာ ယေရှုခရစ်တော်ရဲ့သင်္ချိုင်းဖြစ်ပါတယ်။
ကျန်တစ်ခုဟာ ကိုယ်စားဝင်ခံပေးခဲ့တဲ့ ညီတော်ရဲ့သင်္ချိုင်းဖြစ်ပါတယ်…

ခရစ်တော်ဟာ ဒီနေရာကိုထွက်ပြေးလာပြီး၊ သက်တော် ၁၀၆ နှစ်အထိအသက်ရှင်ကာ၊ သားသမီး ၃ ယောက်ကျန်ခဲ့တယ်လို့ ပြောကြပါတယ်။
ဆိုလိုတာက ခရစ်တော်မှာသားစဉ်မြေးဆက်ရှိတယ်လို့ ပြောချင်ပုံရပါတယ်။

ခရစ်တော်ရဲ့ သားစဉ်မြေးဆက်ဖြစ်တဲ့ Sawaguchi မိသားစုဟာ မျက်လုံးကအပြာရောင်၊ နှာခေါင်းကခပ်မြင့်မြင့်၊ ဂျပန်လူမျိုးနဲ့မတူတဲ့ကလေးတွေမွေးဖွားလာခြင်းက ယခုတိုင်ရှိနေဆဲဖြစ်ပြီး၊ ဂျပန်လူမျိုးနဲ့မတူတဲ့အသွင်အပြင်ကနေ နှာခေါင်းမြင့်မြင့်မှင်စာဆိုတဲ့တစ္ဆေရှိတယ်လို့ ပြောကြတဲ့ရှေးစကားလည်းရှိပါတယ်.

ဒီအပြင်ထူးဆန်းတာရှိပါသေးတယ်။
ဒီဧရိယာကိုပတ်ပြီးကတဲ့ Nanyadoyara ဆိုတဲ့အကရှိပါတယ်။
သီချင်းဆိုရင်းကတဲ့ Bon Odori ပုံစံတစ်မျိုးဖြစ်ပေမဲ့၊ သီချင်းစာသားတွေကတော့ ထူးဆန်းနေတာပဲဖြစ်ပါတယ်။

Nanya Doyala, Nanya Dona Saleno, Nanya Doyala

ဂျပန်ဘာသာစကားနဲ့တော့ အဓိပ္ပါယ်လုံးဝဖော်လို့မရပေမဲ့၊ အမေရိကန်နိုင်ငံမှာနေထိုင်ခဲ့တဲ့ ဓမ္မဆရာတစ်ယောက်ဟာ ဒီသီချင်းကိုကြားခဲ့တဲ့အချိန်၊ ဟီဘရူးဘာသာဖြင့် ဘုရားသခင်ကိုချီးမွမ်းတဲ့သီချင်းစာသားဖြစ်ပြီး၊ သံဇဥ်ကလည်း ဂျူးလူမျိုးရဲ့ရှေးဟောင်းသီချင်းနဲ့ဆင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအပြင် ဒီသင်္ချိုင်းရှိတဲ့နေရာက Shingo ကျေးရွာလို့ပြောကြပေမဲ့၊ အဲ့ဒီမတိုင်ခင်ရွာနာမည်ဟာ Herai ကျေးရွာတဲ့….
ဟီဘရူးဆိုတဲ့စကားလုံးနဲ့ တော်တော်လေးအသံထွက်ဆင်ပါတယ်။

နောက်ထပ် ဒီဧရိယာရဲ့ဓလေ့အနေနဲ့၊ ‌ကလေးငယ်ကိုပထမဆုံးအကြိမ်အပြင်ကိုခေါ်သွားမယ့်အခါ၊ နဖူးမှာမှင်ဖြင့်လက်ဝါးကားတိုင်ကိုရေးဆွဲရမယ်ဆိုတဲ့ အယူအဆရှိပါတယ်။
သေဆုံးတဲ့လူကိုသင်္ဂြိုလ်တဲ့အချိန်မှာလည်း ၃ နှစ်ကြာပတ်လုံး အုတ်ဂူအပေါ်မှာလက်ဝါးကားတိုင်ကိုစိုက်ထူထားရပါတယ်။
ခြေထောက်ထုံသွားတဲ့အချိန်မှာလည်း နဖူးမှာလက်ဝါးကားတိုင်ပုံကိုရေးဆွဲရင် ပြန်လည်သက်သာပျောက်ကင်းတယ်ဆိုတဲ့ ဓလေ့ရှိပါတယ်။

စကားမစပ် ဒီရွာမှာတော့ဘုရားကျောင်းလည်းမရှိသလို၊ ခရစ်တော်ရဲ့တပည့်တွေပုန်းနေခဲ့တယ်ဆိုတဲ့အကြောင်းအရာလည်း မရှိဘူးတဲ့…

David ရဲ့ကြယ်၊ လက်ရှိမှာတော့ အစ္စရေးရဲ့အမှတ်အသားလည်းဖြစ်တဲ့ကြယ်ကို မိသားစုအမှတ်အသားအဖြစ်အသုံးပြုတဲ့အိမ်ရှိပါတယ်။

အဖေကို “ အယာ” ၊ အမေကို “ အ့ပါး” လို့ခေါ်ခြင်းက ဒီရွာတစ်ခုတည်းရဲ့ထူးခြားတဲ့ဒေသိယစကားဖြစ်ပေမဲ့၊ ဒါဟာအစ္စရေးဘာသာစကားနဲ့အတော်လေးဆင်နေပါတယ်။

လူဦးရေမှာ ၂၅၀၀ ရှိပါတယ်။ မွေးဖွားနှုန်းကျဆင်းပြီး၊ အသက်ကြီးသူများလာတဲ့ဒီရွာမှာ ခရစ်တော်တကယ်ပဲရှိခဲ့ပါ့မလား?
သင်ယုံပါသလား?

 

ဗုဒ္ဓ၏သင်္ချိုင်းရှိခြင်း

ဗုဒ္ဓဘာသာရဲ့ကနဦးအစဖြစ်သူ၊ ဂေါတမမြတ်စွာဘုရားရဲ့သင်္ချိုင်းလည်းရှိတယ်လို့ဆိုတာကြောင့် Aomori ရဲ့မြေအတိုင်းအတာကြီးမားမှုကိုတော့ အတော်လေးအံ့အားသင့်မိပါတယ်.
တကယ်သာဆိုရင်, နော်…

နေရာကတော့ Mt. Bonju ဆိုတဲ့တောင်ဖြစ်ပြီး
သီအိုရီများစွာရှိပုံရပါတယ်။

အိန္ဒိယကနေလာရောက်လည်ပတ်ခဲ့တဲ့ဗုဒ္ဓဟာ Mt. Bonju မှာ တရားအားထုတ်ပြီး၊ သက်တော်ကုန်ဆုံးမယ့်နောက်ဆုံးနှစ် ဒီနေရာသို့လာပြီး အတားအဆီးများကိုပြီးဆုံးစေခဲ့တယ်ဆိုတဲ့သီအိုရီရှိပါတယ်။
ဒီသီအိုရီဟာ ဘာကြောင့်ဗုဒ္ဓကဂျပန်ကိုလာခဲ့ရသလဲဆိုတဲ့ရှင်းပြထားချက်မရှိတာကြောင့်၊ အနည်းငယ်ယုံနိုင်စရာမရှိပါဘူး။
နောက်နည်းလမ်း ၁ ခုကနားလည်ရလွယ်ကူနိုင်ပါတယ်။

ဂျပန်ရဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ တရုတ်ပြည်မှာတရားအားထုတ်ပြီး၊ “ အနောက်အရပ်သို့ခရီးသွားခြင်း” ဆိုတဲ့ဇာတ်လမ်းထဲကနာမည်ကြီးတဲ့ ဆရာတော် Sanzou Houshi ရဲ့နောင်တော်ဖြစ်လာခဲ့ပါတယ်။
ဆရာတော် Sanzou Houshi ဆီကနေခွင့်ပြုချက်ရရှိပြီး၊ “ ဂျပန်မှာပြန်ပြီးသင်္ဂြိုလ်မယ်” လို့ဆိုကာ၊ ဗုဒ္ဓရဲ့အရိုးတော်ကိုခွဲယူပြီး၊ Mt. Bonju မှာမြှုပ်နှံခဲ့တယ်လို့ ပြောကြပါတယ်။
ဒီလိုဆိုရင်တော့ အကြောင်းအရာကိုနားလည်နိုင်လောက်မှာပါ….။

အဲ့ဒီ Mt. Bonju တောင်ထဲမှာသင်္ချိုင်းရှိတာဖြစ်ပေမဲ့၊ ထူးဆန်းတာက အဲ့ဒီသင်္ချိုင်းပတ်ပတ်လည်မှာတော့ မြက်တွေလုံးဝမပေါက်တာပဲဖြစ်ပါတယ်။
နောက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့မီးတောက်များစွာလည်းတွေ့ရပြီး၊ အဲ့ဒီနေရာမှာပွဲတော်လည်းကျင်းပနေပုံရတယ်လို့ပြောကြပါတယ်။

မြင့်မြတ်တဲ့နေရာတွေနဲ့ပြည့်နေတဲ့ Aomori စီရင်စု !!!!
သွားကြည့်လိုက်မယ်ဆိုရင် တစ်ခုခုအကျိုးရှိကောင်းရှိလိမ့်မယ်လို့ထင်ပါတယ်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: