ည ၈ နာရီကနေ မနက် ၉ နာရီအထိ။ ညလုံးပေါက်ဆေးဆိုင်မှာ အရောင်းရဆုံးအရာကဆေးမဟုတ်ဘဲ…?

Girls bar,Host club,Gay bar
ညဘက်မှာအသက်ဝင်လာတဲ့ဆိုင်အမျိုးမျိုး တန်းစီရှိနေသော ဂျပန်ရဲ့အကြီးဆုံးပျော်မြူးဖွယ်ရာမြို့၊ Shinjuku, Kabukicho.
တိုကျိုမြို့တော်အစိုးရရုံးအပါအဝင်အဆောက်အဦးတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့ နေ့ဘက်ဝန်ထမ်းတွေနဲ့ လုံးဝဆန့်ကျင်ဘက်အချိန်ဇုန်မှာ လှုပ်ရှားသွားလာနေကြတဲ့လူတွေကလည်း အများအပြားရှိနေကြတယ်ဆိုတာကတော့ Shinjuku ရဲ့ စိတ်ဝင်စားဖွယ်ရာအချက်ဖြစ်ပါတယ်။

ညနေစောင်းပြီးတဲ့နောက်မှာ လုပ်ငန်းခွင်စဝင်ကြပြီး၊ နံနက်အစောဆုံးရထားထွက်ချိန်လောက်မှာ အိမ်ကိုပြန်ကြတဲ့လူတွေ ….
အဲ့ဒီလိုလူတွေအတွက် ဆေးဆိုင်တစ်ဆိုင် ဒီမြို့မှာရှိပါတယ်။

Nyukusu Pharmacy ဆိုတဲ့ ဆိုင်ငယ်လေး…
ဂရိဒဏ္ဍာရီတွေထဲမှာပါတဲ့ ညနတ်ဘုရားမ..Nýx !!!
ဒီဆေးဆိုင်ရဲ့ထူးခြားချက်ကတော့ ဆိုင်နာမည်အတိုင်း၊ ညဘက်မှာဖွင့်တဲ့ဆိုင်ဖြစ်ပါတယ်။
ည ၈ နာရီကနေ နံနက် ၉ နာရီအထိဖွင့်ပါတယ်။
ပုံမှန်ဆေးဆိုင်တွေပိတ်သွားတဲ့အချိန်အတောအတွင်းမှာမှ ဖွင့်တာကတော့ထူးခြားချက်တစ်ခုပါပဲ။
ညမြို့တော် Kabukicho မှာတော့ မရှိမဖြစ် လိုအပ်တဲ့ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆေးဆိုင်မှာထိုင်သူက Mr. Nakazawa Hiroaki (နာကဇဝါ ဟီရိုအကီ) !!!
ဆေးစပ်ကျွမ်းကျင်လက်မှတ်ရထားသူဖြစ်ပြီး၊ ဆိုင်ဖွင့်ထားတဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်…။

အစာစားချင်စိတ်၊ ကာမဂုဏ်ခံစားချင်စိတ်၊ ဒါ့အပြင် ငွေလိုချင်စိတ် စတဲ့လိုအင်ဆန္ဒအမျိုးမျိုးကို ဖွင့်ထုတ်နိုင်တဲ့နေရာတစ်ခုဖြစ်တဲ့ Kabukicho မှာတော့ မူးယစ်ဆေးဝါးနှင့်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာရောဂါ စတဲ့အကြောင်းအရာတွေဟာ ပြန့်နှံ့နေပါတယ်။
နောက်ပြီးအဲ့ဒီလိုမျိုးပြဿနာတွေဟာ အများအားဖြင့်ညဘက်ပိုင်းမှာဖြစ်ပေါ်လေ့ရှိပါတယ်။
အဲ့ဒီလိုလူတွေ ပြေးလာတတ်တဲ့နေရာကတော့ ဒီဆေးဆိုင်ပဲဖြစ်ပါတယ်။
Roppongi နှင့် Shibuya ကနေလည်း ညဘက်ပိုင်းတွေမှာရောက် လာတတ်ကြတယ်လို့ဆိုပါတယ်။

ဒီဆိုင်မှာ ဆေးစပ်ကျွမ်းကျင်လက်မှတ်ရထားသူရှိတဲ့အတွက် ပုံမှန်ဆေးဆိုင်တွေမှာဝယ်လို့မရတဲ့ဆေးတွေကိုလည်း ဝယ်နိုင်တာကြောင့် အရမ်းရောင်းရပါတယ်။

စကားပြောချင်ရုံသက်သက်ကြောင့် လာကြတဲ့လူတွေလည်းရှိတယ် !!!
ဒီဆေးဆိုင်မှာတော့ ဆေးဝယ်ချင်လို့မဟုတ်ဘဲ၊ စကားပြောချင်ရုံသက်သက်ကြောင့် ရောက်လာတဲ့လူတွေလည်းရှိပါတယ်.
ရည်းစားဖြတ်တာခံလိုက်ရတာတွေ၊ မိဘနဲ့အဆင်မပြေတာတွေ၊ အကြွေးတင်သွားတာတွေ၊ ဧည့်သည်ရဲ့ကလေးကိုကိုယ်ဝန်ရစေမိတာ စတဲ့၊ မိသားစုကိုဖွင့်ပြောလို့မရတဲ့အကြောင်းအရာတွေကို နားထောင်ပေးစေချင်တဲ့အတွက် ရောက်လာတဲ့လူတွေဟာလည်း ပြတ်တယ်လို့ကိုမရှိပါဘူး…

ထိုလူတွေဟာပုံမှန်အားဖြင့် ဆေးမလိုအပ်တာကြောင့် ဆေးမရောင်းပါဘူး။
ဆွေးနွေးခကိုလည်း မယူတဲ့အတွက်၊ စေတနာ့ဝန်ထမ်းသက်သက်လိုဖြစ်နေပေမဲ့၊ Mr. Nakazawa ကတော့ မိန်းကလေးတွေရဲ့ စကားကိုဂရုတစိုက်နားထောင်ပေးပါတယ်။

Mr. Nakazawa က နားထောင်ပေးရုံသက်သက်သာဖြစ်ပါတယ်။
အခြေအနေကိုသေချာနားမလည်တဲ့အတွက် အကြံပေးလို့လည်းမရပါဘူး။
နားထောင်ပေးရုံသာဖြစ်ပေမဲ့၊ အနည်းငယ်လန်းဆန်းတဲ့မျက်နှာနဲ့ဆိုင်ကနေပြန်ထွက်သွားကြမယ်ဆိုရင်ပဲ သူ့အတွက်ပျော်ရွှင်နေရပါပြီ…။

စိတ်ပိုင်းဆိုင်ရာချို့ယွင်းလာတတ်တာဟာ အဆန်းမဟုတ်တော့ပါဘူး။
လိင်ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေလည်း အများအပြားရှိတဲ့ဒီမြို့….။
အဲ့ဒီလိုဆိုင်မျိုးမှာတော့ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ ကိုယ်မချစ်မနှစ်သက်တဲ့ဦးလေးကြီးတွေကို ဝန်ဆောင်မှုပေးရပါတယ်။
မိန်းကလေးတွေနဲ့အတူသောက်နိုင်တဲ့ဆိုင်တွေမှာလည်း စိတ်ရှုပ်စရာကောင်းတဲ့ဖောက်သည်တွေနဲ့ ပြဿနာဖြစ်ရတာတွေလည်းများပြီး၊ ဘယ်လိုအလုပ်မျိုးမှာမဆို ငယ်ရွယ်တဲ့အချိန်မှာပဲ ငွေရှာလို့ရနိုင်ပါတယ်။
ရှေ့ရေးအတွက် စိုးရိမ်ပူပန်မှုတွေကြောင့်၊ စိတ်ပိုင်းဆိုင်ရာမှာချို့ယွင်းလာတတ်တာကလည်း မထူးဆန်းတော့ပါဘူး…။

Mr. Nakazawa ဟာစိတ်ရောဂါကုပညာရှင်လည်းမဟုတ်၊ အကြံပေးပုဂ္ဂိုလ်လည်းမဟုတ်ပါဘူး။
ဒါကြောင့် အကြံဉာဏ်ပေးတာမျိုးမဟုတ်ဘဲ အကြောင်းအရာကိုနားထောင်ပေးရုံလေးသာလုပ်ပေးနိုင်ပေမဲ့၊ မြို့ကလူတွေအတွက်တော့ စိတ်သက်သာမှုရှိစေပုံရပါတယ်။

ရုတ်တရက်ဖျားခြင်းနဲ့ဝမ်းဗိုက်နာကျင်ခြင်းအတွက်ဆေးအပြင် လန်းဆန်းတက်ကြွစွာအလုပ်လုပ်နိုင်ဖို့ စွမ်းအင်ဖြည့်ပေးတဲ့ဆေးမျိုးတွေကို ရောင်းရပေမယ့်လည်း၊
ဒီဆေးဆိုင်မှာလူကြိုက်အများဆုံးကတော့ ဘာဘဲပြောပြော စကားပြောတာကိုနားထောင်ပေးတဲ့ Mr. Nakazawa ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ပိုက်ဆံမရတဲ့အတွက် ကုန်ပစ္စည်းလို့တော့မပြောနိုင်ပေမဲ့၊ ဒီမြို့မှာရှင်သန်သွားရမယ့် လူတွေအတွက်တော့ အစားထိုးမရတဲ့ ဖြစ်တည်မှုတစ်ခုပဲဖြစ်ပါတယ်…။
ဘယ်အချိန်ဖြစ်ဖြစ် Kabukicho ကလူတွေရဲ့နှလုံးသားကိုကူညီပေးသူအဖြစ် အမြဲတမ်းကြိုးစားသွားစေချင်မိပါတယ်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: