ကုန်တိုက်ကြီးရဲ့ နောက်ကွယ်မှာ ဥာဏ်ကြီးရှင်ရှိနေခဲ့ !!! အခမဲ့ငှားရမ်းခြင်းဖြင့် တစ်ရှိန်ထိုးရောင်းအားတိုးချဲ့ခြင်း !!!

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၊ ၂၀၀ မတိုင်ခင် တိုကျိုကိုအဲဒိုလို့ခေါ်ကြပြီး ၎င်းဟာဂျပန်ရဲ့ အဓိကအချက်အခြာဖြစ်ခဲ့ပါတယ်။
အဲဒိုအကြောင်းကို အရင်ကမကြာခဏဖော်ပြဖူးပေမဲ့၊ ဒီနေ့တော့ အဲဒိုရဲ့ အငှားလုပ်ငန်းအကြောင်းကိုပြောပြချင်ပါတယ်။

မျက်မှောက်ခေတ်မှာတော့ အွန်လိုင်းပေါ်ကနေ သတ်မှတ်ထားတဲ့အဖိုးအခကိုပေးချေပြီး ငှားရမ်းအသုံးပြုကြတဲ့ပုံစံဟာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်နေပေမဲ့၊ ဒါကလည်း လုပ်ပိုင်ခွင့်ကိုငှားယူသုံးတာဖြစ်တဲ့အတွက် ခေတ်သစ်အငှားလုပ်ငန်းလို့လည်းခေါ်နိုင်ပါတယ်။
အဲ့ဒါမတိုင်ခင်အနည်းငယ်လောက်တုန်းကတော့ DVD တို့ CD တို့ဆိုတာ အခွေအငှားဆိုင်မှာသွားပြီးငှားရတဲ့ပစ္စည်းဖြစ်ခဲ့ပါတယ်။
ဂျပန်ဟာ ဒီလိုငှားရမ်းတဲ့ယဥ်ကျေးမှုတွေ အတော်လေးရှိခဲ့ပေမဲ့ ဆာမူရိုင်းခေတ်၊ အဲဒိုခေတ်တွေမှာလည်း အငှားလုပ်ငန်းဟာ ရေပန်းစားခဲ့ပါတယ်.

စာအုပ်နဲ့ကီမိုနိုအပြင် ဂျပန်ရိုးရာအမျိုးသားအတွင်းခံအထိတောင် ငှားသုံးတာမျိုးတွေရှိခဲ့တယ်လို့ဆိုပါတယ်။
အငှားဆိုင်မှာ အတွင်းခံအထိတောင်ငှားသုံးချင်တဲ့လူရဲ့စိတ်ကိုတော့ သိပ်ပြီးနားမလည်နိုင်တော့ဘူးနော် ….

အဲ့ဒီအထဲမှာမှ ပစ္စည်းတစ်မျိုးကိုငှားပေးပြီး အရမ်းအောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။
အဲ့ဒီလုပ်ငန်းဟာ ယနေ့တိုင်လည်ပတ်လျှက်ရှိနေပြီး၊ ကုန်တိုက်ကြီးကိုဖွင့်ထားပါတယ်။

အဲ့ဒီကုန်တိုက်တွေကတော့ (Mitsukoshi-မိဆုခို့ရှိ ) ဆိုတဲ့ကုန်တိုက်နဲ့ (Daimaru-ဒိုင်းမာရု) ကုန်တိုက်ပဲဖြစ်ပါတယ် !!!
ဘူတာရှေ့မှာဆိုင်ကြီးတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေရောင်းချတဲ့ကုန်တိုက်ဖြစ်ပေမဲ့၊ သူတို့စလုပ်ခဲ့တဲ့အလုပ်ကတော့ ထီးငှားရမ်းခြင်းလုပ်ငန်းတဲ့ !!!


အဲဒိုခေတ်ရဲ့ထီးကိုပြောရမယ်ဆို ဒီလိုမျိုးပုံစံပါ။
ဝါးနဲ့လုပ်ထားတဲ့ အောက်ခံအရိုးပေါ်မှာ စက္ကူကိုကပ်ပြီး၊ အဲ့ဒီအပေါ်မှာဆီကိုသုတ်ထားခြင်းဖြင့် ရေစိမ့်မဝင်အောင်လုပ်ကြပါတယ်။

 


အခုကြည့်ရင်လည်း မိုက်နေတုန်းပဲနော် ..

အဲ့ခေတ်မတိုင်ခင်တုန်းကတော့ ဒီလိုမျိုးပုံစံနဲ့ မိုးမစိုအောင်လုပ်ခဲ့ကြပါတယ်။

ခေါင်းမှာ ခမောက်ကိုဆောင်းပြီး၊ ခန္ဓာကိုယ်ကို Mi (မိ) လို့ခေါ်တဲ့၊ နှီးဖြင့်လုပ်ထားတဲ့ မိုးကာအင်္ကျီလိုမျိုးအရာကို ဝတ်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာစပေါ်လာတဲ့ ရောင်စုံထီးဟာ တစ်ရှိန်ထိုးလူကြိုက်များခဲ့ပါတော့တယ်.
အဲ့ဒီသစ်လွင်ပြီးထင်ပေါ်နေတဲ့ထီးကို ကိုင်ရင်းမိုးရေထဲမှာလမ်းလျှောက်ချင်မိတယ်..
ထိုအတွေးဟာ အဲဒိုမြို့သူမြို့သားတွေကြားမှာပေါ်ပေါက်လာပါတယ်။
ဒီနေ့ခေတ်လိုပြောရရင် ခပ်မိုက်မိုက်မိန်းကလေးက ဓါတ်ပုံရိုက်ပြီး Instagram ပေါ်ပုံတင်လိုက်တာနဲ့ တူသလိုမျိုး ဖြစ်ခဲ့ပုံရပါတယ်….

ဒါပေမဲ့ အဲ့ဒီထီးဟာ တန်ဖိုးကြီးမားတဲ့ပစ္စည်းဖြစ်ခဲ့တာပါ…
ဒီနေ့ခေတ် ဈေးနှုန်းနဲ့ဆို ယန်း ၂ သောင်းလောက်ရှိပါတယ်။
အဲ့ဒီထီးက ဘယ်လောက်တောင်ဈေးကြီးလဲဆိုရင်၊ အဲဒိုမြို့ရဲ့ သာမန်လူတွေထဲက ဈေးများတယ်လို့သတ်မှတ်ထားကြတဲ့ လက်သမားတစ်ယောက်ရဲ့ ၁ ရက်ဝင်ငွေက ယန်း ၁၅၀၀၀ လောက်ရှိပါတယ်။
သာမန်အလုပ်မျိုးဆိုရင်တော့ ယန်း ၅၀၀၀ လောက်ရှိတာကြောင့် အတော်လေးမြင့်တဲ့ဈေးနှုန်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်၊ ပြန်ပြင်ကာ ရေရှည်ဆက်ပြီးသုံးကြတာက ထုံးစံတစ်ခုဖြစ်ခဲ့ပါတယ်..။

ထီးအဟောင်းတွေကိုလည်း ဝယ်ယူပြီး ပြန်ပြုပြင်ခဲ့ကြပါတယ်…
ဝါးနဲ့လုပ်ထားတဲ့အောက်ခံအရိုးကတော့ ထိုအတိုင်းထီးအဖြစ်ပြန်သုံးပေမဲ့၊ ခွာလိုက်တဲ့စက္ကူကတော့ဆီနဲ့သုတ်လိမ်းထားတဲ့အတွက် အသားကိုင်တွယ်ရာမှာထုတ်ပိုးတဲ့စက္ကူအဖြစ် ပြန်လည်အသုံးပြုခဲ့ကြပါတယ်။
recycle လုပ်တဲ့နေရာမှာစံထားလောက်တဲ့ အဲဒိုကတော့ တကယ့်ကိုအလေအလွှင့်မရှိခဲ့တာပါပဲ…

အဲ့ဒီလိုအရမ်းနာမည်ကြီးတဲ့ထီးကို ပိုမိုတိုးချဲ့ဖြန့်ချိဖို့လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုကတော့ Mitsui Echigoya, ယခု (Mitsukoshi) ဖြစ်ပါတယ်။
သူတို့ဟာ Gofuku-ya (ဂို့ဟုခုရ)၊ ကီမိုနိုအရောင်းဆိုင်ဖြစ်တာကြောင့်၊ ယခုအနေနဲ့ပြောရရင် Uniqlo တို့ Zara တို့လိုမျိုးကို အဲဒိုခေတ်မှာဖွင့်လှစ်ခဲ့ပါတယ်။
အရမ်းနာမည်ကြီးတဲ့ဆိုင်ဖြစ်ပြီး လူစည်ကားနေပေမဲ့ ဧည့်သည်တွေကိုကြည့်ပြီးအတွေးတစ်ခုဝင်လာခဲ့ပုံရပါတယ်။

“ ရုတ်တရက်ရွာတဲ့မိုးကြောင့် မိုးရေတွေစိုရွဲနေရင်းပြန်ရတာဟာ သနားဖို့ကောင်းတယ် !!!
ဖက်ရှင်ချစ်သူတွေအတွက် ထီးကိုသုံးစေချင်တယ်။”

ဒါပေမဲ့ ထီးကဈေးကြီးတာကြောင့်၊ ရုတ်တရက်ရွာတဲ့မိုးကြောင့် ထီးဝယ်မယ့်သူမျိုးကမရှိသ‌လောက်ပါပဲ..

အဲ့ဒီနေရာမှာတွေးမိလိုက်တာကတော့ ထီးအငှားလုပ်ငန်းပဲဖြစ်ပါတယ်။
ပြီးတော့ အခမဲ့နဲ့ငှားပေးမှာတဲ့.. !!!

ကီမိုနိုလာဝယ်တဲ့ တန်ဖိုးထားရတဲ့ဧည့်သည်ကို အခမဲ့ငှားပေးလိုက်တာဖြစ်ပါတယ်။
နေပြန်သာမှ ပြန်လာပေးလို့ရပါတယ်။
ပြန်လာပေးတဲ့အချိန်မှာ အကူအညီအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်နဲ့ ရည်ရွယ်မထားဘဲတစ်ခုခုကိုအားပေးမိတာမျိုးကို ရနိုင်ဖို့စိတ်ကူးထားတာဘဲဖြစ်ပါတယ်။

ထီးကို ဆိုင်ကိုလာတဲ့ဧည့်သည်မှမဟုတ်ပါဘူး၊ ဆိုင်အရှေ့ကလမ်းသွားလမ်းလာတွေကိုလည်း ငှားပေးခဲ့ပါတယ်။
တတ်နိုင်သလောက် လူများစွာအား ထီးကိုအသုံးပြုစေချင်တဲ့နှလုံးသားဟာ တကယ်တော့စေတနာ့ဝန်ထမ်းစိတ်ကနေလာတဲ့အရာသက်သက်မဟုတ်ပါဘူး။

ထီးမှာကုမ္ပဏီရဲ့ ကြီးမားတဲ့အမှတ်အသားကို ထည့်ထားခဲ့တာပဲဖြစ်ပါတယ်။
မြို့ထဲကလူတွေဟာ ကုမ္ပဏီရဲ့အမှတ်အသားပါ ထီးကိုအသုံးပြုကြခြင်းဖြင့် ကြော်ငြာပေးသလိုဖြစ်သွားပါတယ်။

အခုဆိုရင် ကားတစ်စီးလုံးကြောငြာကပ်ထားတဲ့ ဘတ်စ်တို့၊ ကုမ္ပဏီအမှတ်အသားပါတဲ့ မိုးကာအင်္ကျီဝေပေးတဲ့ပုံစံမျိုးပဲပေါ့နော် ?
ထီးကိုပြန်လာပေးချိန်မှာ ဆိုင်ရောက်ပြီးမှတော့တစ်ခုခုမဝယ်ရင်မကောင်းဘူး ဆိုတဲ့အတွေးမျိုးတွေးစေတာကိုစဥ်းစားကြည့်ရင်၊ ကြော်ငြာရဲ့သက်ရောက်မှုဟာ ယနေ့ခေတ်ထက်ကိုပိုပြီး ခြေတစ်လှမ်းသာပါတယ်…
ဥာဏ်ကြီးရှင်ပါပဲ…

ထို Mitsui Echigoya ဟာ၊ ယခုဆို (Mitsukoshi) ဖြစ်လာပြီး၊
Kansai ဒေသမှာ သူ့လိုမျိုးအတုခိုးပြီးလိုက်လုပ်ခဲ့တဲ့လူရဲ့ ကုမ္ပဏီကလည်း Daimaru ဆိုတဲ့ကုန်တိုက်ကြီးဖြစ်လာသလို၊ လက်ရှိချိန်ထိ သိသိသာသာတိုးတက်နေပါတယ်။

အခမဲ့နဲ့စခဲ့ကြပြီး အမြတ်အစွန်းများစွာကိုသိမ်းပိုက်နိုင်ခဲ့ကြတယ် !!!
အဲဒိုခေတ်ရဲ့ ဥာဏ်ကြီးရှင်စီးပွားရေးသမားကို ကျွန်တော်တို့လည်းလိုက်ပြီးအတုခိုးရင်ကောင်းမလားမသိဘူးနော်…..။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: