ဇူလိုင်လမှာ ဒီအစားအစာလေးတွေစားပြီး နွေရာသီကို ကြိုကြရအောင်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ ရာသီဥတုလေးခုရှိပြီး ရာသီတစ်ခုစီအလိုက် အရသာရှိတဲ့စားသောက်စရာတွေက မတူညီကြပါဘူး။
အစားအသောက်တစ်မျိုးချင်းစီရဲ့ အရသာအရှိဆုံးအချိန်ကာလကို ရွှန်း(အလတ်ဆတ်ဆုံးကာလ)လို့ ခေါ်လေ့ရှိပါတယ်။

အခု ဇူလိုင်လဝင်နေပြီဖြစ်တဲ့အတွက် ဒီနေ့မှာ ဇူလိုင်လရဲ့ အကောင်းဆုံးအစားအသောက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ မိုးကြောင့်စိတ်မအီမသာဖြစ်တတ်တဲ့ ရာသီဥတုဖြစ်ပေမယ့်လည်း ဒါလေးတွေကိုစားပြီး နွေရာသီကို ရွှင်လန်းတက်ကြွစွာကြိုဆိုကြပါတယ်။

 

ပင်လယ်ခရု

ဈေးကြီးတဲ့အစားအစာအနေနဲ့ သိထားကြတဲ့ ပင်လယ်ခရုကို ဇူလိုင်လ၊ သြဂုတ်လတွေမှာ အလတ်ဆတ်ဆုံး ရာသီစာအစားအသောက်အနေနဲ့ စားကြပါတယ်။
ပင်လယ်ခရုဟာ ဆောင်းဦးရာသီမှာ ဥဥတတ်ပေမယ့် ဆောင်းဦးမတိုင်မှီ ဇူလိုင်လ၊ သြဂုတ်လလောက်မှာ ဥဥဖို့အတွက် အာဟာရတွေ ပြည့်ဝနေတဲ့ကာလဖြစ်တဲ့အတွက်
ဒီကာလမှာ အရသာတစ်မူထူးခြားပါတယ်။

ပင်လယ်ခရုစားသောက်နည်းအနေနဲ့ ပထမတစ်ခုကတော့ ဆရှိမိပုံစံ စားသောက်နည်းပဲဖြစ်ပါတယ်။
ပင်လယ်ခရုမှာ အသည်းရှိပေမယ့် အဲ့ဒီအသည်းကို ဓားပါးပါးနဲ့
အရည်အနေအထားဖြစ်အောင်ထုပြီး၊ ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့်နည်းနည်းထည့် အဲ့ထဲမှာ ဆရှိမိကို တို့စားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။
တခြားခရုတွေထက်ပိုပြီး အသားကျစ်လစ်မှုရှိတဲ့အရသာနှင့် တို့စားရတဲ့အသည်းဆော့ကနေ ခံစားရရှိနိုင်တဲ့ ပင်လယ်ကျောက်ဆောင်ရနံ့ဟာ နွေရာသီကမ်းခြေကို ရောက်သွားသလို ခံစားရစေပါတယ်။

ဒါ့အပြင် အသားပြားစတိခ် (Steak) လိုမျိုးလည်း ရနိုင်ပါသေးတယ်။
ထောပတ်နဲ့ကြော်လိုက်တဲ့အခါ ဆရှိမိလိုမျိုး ဆတ်ထောက်ဆတ်ထောက်မဖြစ်တော့ပေမယ့် အသားထူထူလေးတွေက စားလို့အကောင်းဆုံးပါပဲ။

နောက်တစ်ခု ဇိမ်ခံအစားအစာအနေနဲ့ အကြံပြုလိုတာက မီဆိုဟင်းရည်ပါ။
ပင်လယ်ခရုအသေးလေးတစ်ခုလုံးကို မီဆိုဟင်းရည်ထဲ ထည့်လိုက်တဲ့အခါ
ပင်လယ်ခရုကနေ အရသာရှိတဲ့ဟင်းချိုရည်ထွက်လာရုံသာမက ခရုခွံမျက်နှာပြင်မှာ ကပ်နေတဲ့ ပင်လယ်ရေမှော်ကနေလည်း ကောင်းမွန်တဲ့ဟင်းရည်အရသာထွက်လာပါတယ်။
မနက်ခင်းမှာ ဒီလိုအရသာရှိတဲ့မီဆိုဟင်းရည်ကို သောက်ရမယ်ဆို အပျော်လွန်ပြီး သေသွားနိုင်လောက်တဲ့အထိပါပဲ။

ပဲသီးတောင့်

ခဲသွားခါနီးထိ အအေးခံထားတဲ့ဘီယာနဲ့ ပဲသီးတောင့်ကတော့ နွေရာသီရဲ့ အသက်ပါ။
မှည့်ခါနီးပဲသီးတောင့်ကို အသာလေးပြုတ်ပြီး ဆားဖြူးထားတဲ့ ပဲသီးနုနုလေးတွေဟာ
ပရိုတိန်းဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝပြီး ပင်ပန်းနွမ်းလျလွယ်တဲ့ နွေရာသီအတွက် ကွက်တိပါပဲ။

နာမည်ကြီးပဲသီးတံဆိပ်ကို ပြောပြရမယ်ဆိုရင်တော့ ယမဂတစီရင်စု၊ ဆုရုအိုခမြို့ရဲ့ “Dadacha beans” ဟာအလွန်လူသိများကျော်ကြား ပါတယ်။
မွှေးကြိုင်တဲ့ရနံ့နဲ့ အရသာရှိတယ်။ ပြီးတော့ ချိုမြိန်တဲ့အရသာရှိတဲ့အတွက် ပဲသီးဘုရင်လို့တောင် ညွှန်းဆိုချင်ပါတယ်။

 

ငါးရွှေ

ကျိုတိုက ဂိအွန်းပွဲတော်၊ အိုဆာကာက တန်းဂျင်းပွဲတော်တွေမှာ မပါမဖြစ်တဲ့အစားအစာ တစ်ခုဖြစ်ပြီး၊ ခန်းဆိုင်း နွေရာသီရဲ့အစဉ်အလာ ရိုးရာအစားအစာကတော့ ငါးရွှေပါပဲ။
ငါးရှဥ့်နဲ့တူပေမယ့် လန်းဆန်းစေတဲ့အရသာရှိတဲ့အတွက် နွေရာသီနဲ့လိုက်ဖက်တဲ့ ငါးတစ်မျိုးပါ။
အရိုးသေးသေးလေးတွေများတဲ့ငါးဖြစ်တဲ့အတွက်၊ အိမ်မှာစားတာထက် ဆိုင်မှာစားဖို့ ပိုသင့်တော်တဲ့အစားအစာဖြစ်ပါတယ်။

ငါးပေါ်ကို ရေနွေးပူပူလေးနဲ့ အသာလေးလောင်းပြီးစားတဲ့ပုံစံက နာမည်ကြီးပြီး၊ ကျွန်တော်ကတော့ အဲ့ဒီအပေါ်မှာ မက်မန်းသီးအနှစ်လေးကို နည်းနည်းထည့်ပြီးစားတာမျိုးကို ကြိုက်ပါတယ်။
တန်ပူရာပုံစံ နူးအောင်ကြော်တဲ့ပုံစံ မျိုးလိုလည်းစားလို့ကောင်းပြီး၊ ရှာဘူရှာဘူလိုမျိုး လုပ်စားရင်လည်း အရသာတစ်မျိုးဆန်းပါတယ်။

 

မက်မွန်သီး

အသီးအနှံတွေထဲမှာ စပျစ်သီးဟာ အရသာရှိတဲ့အချိန်ကာလဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ မက်မွန်သီးက စားလို့အကောင်းဆုံးအချိန် လို့ထင်ပါတယ်။
အရည်ရွှမ်းပြီး ချိုမြိန်တဲ့အရသာ၊ ပြီးတော့ လန်းဆန်းမှု၊ နှစ်လိုဖွယ်ကောင်းတဲ့ရနံ့နဲ့အရသာက သူ့အတိုင်းစားပစ်ချင်လောက်အောင်ကို ဖြစ်စေပါတယ်။

မက်မွန်သီးဟာ တစ်ခုခုနဲ့ထိခိုက်မိရင်တောင် ချက်ချင်းအရောင်ပြောင်းသွားတတ်တဲ့အတွက် ထိန်းသိမ်းကိုင်တွယ်ရတာ အလွန်ခက်ခဲပါတယ်။
တကယ့်ကို တော်ဝင်အမျိုးအနွယ်ပါဘဲ။ ဒါကြောင့် အလွန်အရေးပါတဲ့အမျိုးသမီးလိုမျိုး ဂရုတစိုက် ကိုင်တွယ်လုပ်ဆောင်စေချင်ပါတယ်။ (အသီးမို့လို့ နောက်ဆုံးတော့ စားပစ်ရမှာဖြစ်ပေမယ့်)

စာဖတ်ပရိသတ်တွေကိုကျတော့ မက်မွန်သီးကို ဒီတိုင်းစားလိုက်ပါလို့ ပြောရတာအားနာပေမယ့်လည်း ကျွန်တော်ကတော့ မက်မွန်သီးတို့ထွက်ရှိရာနယ်မြေဖြစ်တဲ့ အိုခယမခရိုင်မှာ အောက်က မုန့်မျိုးလေးကို စားလာခဲ့ပါတယ်။

 

ဒါကတော့ မက်မွန်သီးအများကြီးထည့်သုံးထားတဲ့ Parfait ပါ။
ခုရရှိခိရဲ့ သမိုင်းဝင်ရှုခင်းတွေကို ကြည့်ရှုခံစားရင်းနဲ့ စားသုံးနိုင်တဲ့ မက်မွန်သီးများစွာ ထည့်သုံးထားတဲ့ လက်ရာအမြောက်ဆုံး Parfait ဖြစ်ပါတယ်။
ဒီ Parfait ကိုစားဖို့သက်သက်တစ်ခုတည်းအတွက်တကူးတက အိုခယမအထိ သွားရလောက်အောင်ကို အရသာအလွန်ကောင်းမွန်တာပါ။

ဒါတွေအပြင် ဒီရာသီဟာ ဖရဲသီး၊ စပျစ်သီး၊ ပြောင်းဖူး ပြီးတော့ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေတဲ့ ငါးရှဥ့်စတဲ့ အရသာရှိတဲ့အစားအသောက်တွေ အများကြီးရှိတဲ့ ရာသီဥတုပါ။
အခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကြောင့် ဂျပန်နိုင်ငံကို လာဖို့ခက်ခဲမှာဖြစ်ပေမယ့် နောက်နှစ်မှာတော့ ဂျပန်နိုင်ငံကို အဆင်ပြေပြေလာနိုင်ဖို့ ဆုတောင်းပေးနေပါတယ်။ စောင့်နေမယ်နော်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: