ဂျပန်နိုင်ငံရဲ့ ကျောင်း၊ လုပ်ငန်းခွင် ဆံပင်ပုံစံနဲ့ ဝတ်စားဆင်ယင်မှုသတ်မှတ်ချက်အဆင့်များ

ဂျပန်နိုင်ငံရဲ့ ကျောင်းနဲ့ အလုပ်ခွင်တွေမှာ အဝတ်အစားပုံစံ၊ ဆံပင်ပုံစံ၊ ဆံပင်အရောင်စတာတွေမှာ သတ်မှတ်ချက်အမျိုးမျိုး ချမှတ်ထားတာကို သိပါသလား။

ကျွန်တော် အလယ်တန်းကျောင်းသားဘဝ လွန်ခဲ့တဲ့အနှစ် ၃၀ တုန်းက ယောက်ျားလေးတွေဟာ ကတုန်းဆံပင်ပေါက်ကေ၊ မိန်းကလေးတွေရဲ့ ဆံပင်က ပုခုံးအထက်မှာပဲရှိရပါတယ်။

ဆံပင်ကောက်တာ၊ ဆေးချွတ်တာ၊ ဆေးဆိုးတာ၊ ဆံပင်ပုံသွင်းမှုထုတ်ကုန်တွေကိုလည်း မသုံးဖို့ တားမြစ်ထားပါတယ်။

အဝတ်အစားဆိုရင်လည်း မိန်းကလေးဆို စကတ်က ဒူးအောက်စင်တီမီတာဘယ်လောက်အရှည်ရှိရမယ်ဆိုပြီး အသေးစိတ်သတ်မှတ်ထားပါတယ်။

ဝန်ထမ်းဖြစ်လာတဲ့အခါလည်း ထိုနည်းတူစွာပါပဲ။

အလုပ်မှာ အနောက်တိုင်းဝတ်စုံဝတ်ပြီး အလုပ်တက်ရတာက ထုံးစံဖြစ်ပါတယ်။

အဲ့ဒါဟာ အချိန်ကြာမြင့်ပြီးတဲ့နောက် ယနေ့ခေတ်အထိလည်း ဒီလိုပဲဖြစ်နေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ဧည့်သည်နဲ့ တွေ့ဆုံရတဲ့အလုပ်၊ စားသောက်ဆိုင်စတာတွေမှာ ဧည့်သည်ကို မနှစ်မြို့ဖွယ်မဖြစ်စေဖို့ဆိုတဲ့အကြောင်းအရင်းနဲ့ စည်းကမ်းသတ်မှတ်ထားကြတာဖြစ်ပါတယ်။

အဲ့အထဲကမှ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံရဲ့ Starbucks ဟာ ဝန်ထမ်းတွေရဲ့ အဝတ်အစားသတ်မှတ်ချက်ကို ဖြေလျော့ပေးခဲ့ပါတယ်။

ဂျင်းဘောင်းဘီဝတ်လို့ရလာပြီးတော့ ဦးထုပ်လည်း ဆောင်းလို့ရလာပြီဖြစ်ပါတယ်။

ဆံပင်အရောင်ကိုလည်း ကြိုက်သလိုထားခွင့်ပြုလိုက်ပါတယ်။

https://xtrend.nikkei.com/atcl/contents/18/00523/00002/

ဆံပင်ပန်းရောင်နဲ့ဆို စားသုံးသူတွေကို အဆင်မပြေခံစားစေရမလားဆိုရင် အဲ့လောက်လည်း မဖြစ်စေပါဘူး။

သေချာပေါက် သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ၊ ဝန်ထမ်းဖြစ်ကြောင်းခွဲခြားရခက်စေမယ့် အဝတ်အစားတွေကို စားသောက်ဆိုင်မှာ မဝတ်ဆင်သင့်ပေမယ့် မိမိသဘောကျဆင်ယင်ပြီးတော့ သွက်သွက်လက်လက်၊ ရွှင်ရွှင်ပြပြနဲ့ စားသုံးသူတွေကို ဝန်ဆောင်မှုပေးတာကတော့ ပိုကောင်းပါတယ်။

အသက်ကြီးပြီဖြစ်တဲ့ဂျပန်လူမျိုးအချို့က “ဒီလိုဆံပင်ပုံစံမျိုး ထားစရာလား” လို့တွေးကြမယ့်ဂျပန်နိုင်ငံဖြစ်ပေမယ့် ဒီလိုတွေးတာကြောင့်ပဲ ဒီလိုထူးခြားတဲ့စည်းမျဉ်းပြင်ဆင်မှုကို ပြုလုပ်လိုက်တာဖြစ်တယ်လို့ ထင်ပါတယ်။

ဝန်ထမ်းဘက်ကလည်း “ဒီလိုဆံပင်ပုံစံရှိတာ မကြိုက်ဘူး” လို့ အပြောမခံချင်ကြပါဘူး။

ဒီလိုကနေ ဧည့်သည်ဝန်ဆောင်မှုကို ပိုမိုအလေးထားလာပြီး ပိုမိုယဉ်ကျေးလာကြတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒီလိုဆက်လက်လုပ်ဆောင်လာကြမယ်ဆိုရင် သက်ကြီးရွယ်အိုတွေတောင် “ဆံပင်အရောင်နဲ့ လူတစ်ယောက်ကို မဆုံးဖြတ်သင့်ဘူး” လို့ တွေးမိကောင်းတွေးမိလာနိုင်ပါတယ်။

အရင်တုန်းက ဆံပင်ရွှေရောင်ပဲထားချင်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က “အလုပ်အတွက်ဆိုရင် ဆံပင်ကို အမည်းရောင်ပဲထားမှဖြစ်မှာလား ” လို့ လာတိုင်ပင်ဖူးပါတယ်။

အဲ့ဒီတိုင်ပင်မှုအပေါ် ကျွန်တော်က

ဆံပင်အမည်းမထားချင်ရင် ထားစရာမလိုပါဘူး။

ဒါပေမယ့် ကုမ္ပဏီအများစုက ထက်မြက်တဲ့ကိုယ်ရည်ကိုယ်သွေးထက် ပတ်ဝန်းကျင်ရှိလူတွေနဲ့ တူတဲ့သူကိုပဲ ရှာဖွေလေ့ရှိတာကြောင့် အမည်းရောင်ထားမှပဲ အလုပ်ရဖို့လွယ်ကူစေပါတယ်။

အကယ်လို့ ဘယ်လိုပဲဖြစ်ဖြစ် အမည်းရောင်မထားချင်ဘူးဆိုရင် တစ်ခြားသူမှာရှိမနေတဲ့အရည်အချင်းတွေ ကိုယ့်မှာရှိနေပါစေ။

ဆံပင်အရောင်က ဘာအရောင်ပဲဖြစ်ဖြစ် ကိစ္စမရှိတာမို့လို့ အိမ်မှာနေပြီး အလုပ်လုပ်ပေးပါ လို့ ပြောပေးရလောက်မယ့်အရည်အချင်းရှိနေပါစေ။

လို့ ဖြေကြားပေးခဲ့ပါတယ်။

အလုပ်ဆိုတာ ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုပုံစံနဲ့ လုပ်ကိုင်ရတာမဟုတ်ပါဘူး။

ဒါပေမယ့် သူများထက်သာလွန်တဲ့အရည်အချင်းမရှိဘဲ အပေါ်ကလိုတောင်းဆိုမိမယ်ဆိုရင် မမျှတရာကျသွားပါလိမ့်မယ်။

ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုပုံစံကို ကိုယ့်သဘောကျလုပ်ချင်ရင် ကိုယ့်အရည်အချင်းကို အရင်မြှင့်တင်စေချင်ပါတယ်။

စကားမစပ် ကျွန်တော်က များသောအားဖြင့် အနောက်တိုင်းဝတ်စုံကို ဝတ်လေ့မရှိပါဘူး။

တစ်ခြားကုမ္ပဏီနဲ့ တွေ့ဆုံဖို့သွားတဲ့အခါမှာလည်း မိမိအဆင်ပြေသလိုဝတ်ဆင်သွားရတာကြိုက်ပါတယ်။

အကြောင်းအရင်းကတော့ ကိုယ့်အလုပ်မှာ ယုံကြည်ချက်ရှိလို့ပါ။

တောင်းပန်ဖို့ရှိတဲ့အခါမှသာ အဲ့ဒီစိတ်ရင်းကို ပြသဖို့အတွက် အနောက်တိုင်းဝတ်စုံကို ဝတ်ပါတယ်။

အနောက်တိုင်းဝတ်စုံ ဝတ်လေ့မရှိတဲ့ကျွန်တော့ကို အနောက်တိုင်းဝတ်စုံနဲ့ မြင်တဲ့အခါ ပုံမှန်ထက်ထူးခြားပြီး တောင်းပန်တာမှာ ထိရောက်မှုရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဝန်ထမ်းအားလုံး ဝတ်စားဆင်ယင်မှုပုံစံ၊ ဆံပင်အရောင်၊ အလုပ်စတာတွေမှာ ယုံကြည်မှုရှိစွာနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီဖြစ်စေချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: