ဖူဂျီတောင်ပေါ်မှာ Remote working လုပ်ခဲ့တဲ့အမျိုးသား !!! သူ့ရဲ့အတွေ့အကြုံက ?

ကိုရိုနာစတင်ဖြစ်ပွားခဲ့တာကတော့ ၂ နှစ်ခန့်ရှိလာသလို လူသားတွေရဲ့ နေထိုင်မှုပုံစံကလည်း ပြောင်းလဲလာပါတယ်။
လူအချင်းချင်း တွေ့ဆုံမှုကို တတ်နိုင်သမျှ လျှော့ချဖို့အတွက် ရုံးကိုမလာစေဘဲ Remote working ပုံစံနဲ့ လုပ်ကိုင်စေတဲ့ ကုမ္ပဏီတွေလည်း များပြားလာပါတယ်။
ဒီဆောင်းပါးကို ဖတ်နေတဲ့စာဖတ်သူရော မဟုတ်မှလွဲရော Remote working နဲ့ အလုပ်လုပ်နေတာလားမသိဘူးနော်။

ဂျပန်နိုင်ငံမှာဆိုရင် အလုပ်အများစုက မြို့ထဲမှာပဲ စုစည်းတည်ရှိတဲ့အတွက် အထူးသဖြင့် တိုကျိုမှာဆိုရင် လူတွေရဲ့ သိပ်သည်းဆက ပိုများပြားလာပါတယ်။
တိုကျိုမြို့မှာ အလုပ်အကိုင်တွေများလို့ အဆင်ပြေပေမယ့် ရထားစတာတွေကြောင့် လူရှုပ်လေ့ရှိပြီး အိမ်ငှားခတွေလည်း ဈေးကြီးလှပါတယ်။
ဒါကြောင့် အေးအေးဆေးဆေးနဲ့ တောရွာလေးမှာနေထိုင်ရင်း အလုပ်လုပ်ချင်လိုက်တာလို့တွေးနေတဲ့သူတွေအတွက်တော့ Remote working က အကောင်းဆုံးဖြစ်နိုင်ပါတယ်။

အဲ့ဒီထဲကမှ Remote working ကို ဘယ်နေရာအထိ လုပ်နိုင်မလဲဆိုပြီး စမ်းသပ်ခဲ့သူရှိပါတယ်။
ဘယ်နေရာအထိဆိုတာက အလုပ်အကြောင်းအရာကို ပြောတာမဟုတ်ဘဲ နေရာကို ပြောတာဖြစ်ပါတယ်။
ဖူဂျီတောင်အပေါ်မှာ Remote working လုပ်လို့ရ၊ မရကို စမ်းသပ်ကြည့်ခဲ့တဲ့ပုံပါပဲ။


https://nikkan-spa.jp/1771235?cx_clicks_sldbox=1_slidemdl

ဒီပုံကိုကြည့်ပြီး ဒီလူ ဘာလုပ်နေတာလဲဟ လို့ထင်ရပေမယ့် သူအလုပ်လုပ်ပုံကို ကြည့်ရတာတော့ အေးဆေးနေတာပါပဲ။
ဒါဆို ဖူဂျီတောင်ပေါ်မှာ Remote working လုပ်ပုံအဆင့်ဆင့်ကို ကြည့်လိုက်ကြရအောင်။

၅ ဘူတာမြောက်ကနေ ခရီးကို စတင်လိုက်ပါတယ်

ကားနဲ့အများဆုံးတက်နိုင်တဲ့နေရာဖြစ်တဲ့ ၅ ဘူတာမြောက်ကနေ ခရီးကိုစတင်လိုက်ပါတယ်။
အမြင့် ၂၃၀၅ မီတာမှာရှိပြီး အတော်လေးကို မြင့်တဲ့အနေအထားမှာရှိပါတယ်။
လက်ပ်တော့ပ်ကို ကျောပေါ်လွယ်ပြီး တောင်တက်ပါတော့မယ်။

တောင်တက်နေစဉ်


တောင်တက်လမ်းမှာ ဖုန်း၊ Google Meet ကို စမ်းသုံးကြည့်ခဲ့အခါ အခက်အခဲမရှိအဆင်ပြေနေပါတယ်။
ဗီဒီယိုခေါ်ဆိုမှုမှာတော့ အနည်းငယ်နှေးကွေးပေမယ့် ရိုးရိုးဖုန်းခေါ်တာမှာတော့ အဆင်ပြေပါတယ်။
တိမ်တွေကို ငုံကြည့်ရင်းနဲ့ ဖုန်းပြောတာကတော့ တော်တော်မိုက်တဲ့ခံစားမှုပါပဲ။

အခုဘယ်မှာလဲ?
ဟင် ဖူဂျီတောင်ပေါ်မှာလေ။
ဆိုတဲ့ ထူးဆန်းဖွယ်စကားပြောကို ကြားနိုင်ပါတယ်။

တောင်တက်နေစဥ်မှာပဲ အလုပ်ကနေ ဖုန်းဆက်လာခဲ့ပါတယ်။


နောက်ခံမြင်ကွင်းက ထူးခြားတဲ့အတွက် တစ်ဖက်လူရဲ့ မေးမြန်းမှုအပေါ် ဖူဂျီတောင်လို့ ဖြေလိုက်တဲ့အခါ တစ်ဖက်လူက “ ဟင် ဘယ်လို” ဆိုပြီး ပြန်မေးလာခဲ့ပါတယ်။
ဖူဂျီတောင်ပေါ်မှာအလုပ်လုပ်တာက ပုံမန်အခြေအနေတော့ မဟုတ်ဘူးပေါ့နော်။

ခုနကတစ်ယောက်ဆီကပဲ အီးမေးလ်ရောက်လာခဲ့ပါတယ်။
“ဖူဂျီတောင်ပေါ်မှာ အလုပ်ရှုပ်နေတုန်း ဒီလိုမေးလ်ပို့ရတာ အားနာပေမယ့်” ဆိုပြီး အစချီထားတဲ့အီးမေးလ်ပုံစံကတော့ ကမ္ဘာ့ပထမဆုံးအီးမေးပုံစံလို့ ဆိုရမယ်ထင်ပါတယ်။

တောင်တက်လမ်းမှာပဲ လူသွားလမ်းကို အနှောက်အယှက်မဖြစ်စေတဲ့နေရာမှာ လက်ပ်တော့ပ်ကို ဖွင့်ပြီး အလုပ်စလုပ်ပါတော့တယ်။


အောက်ဆီဂျင်နည်းပါးပြီး ဒီအမြင့်ထိ တက်လာတာကြောင့် ပင်ပန်းပြီး အလုပ်မှာအာရုံမစိုက်နိုင်လောက်ဘူးလို့ထင်ရပေမယ့် လက်တွေ့မှာတော့ အလုပ်မှာ အာရုံစိုက်နိုင်ခဲ့ပါတယ်။
အာရုံထွေပြားစေတဲ့အရာတွေဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာ၊ မဂ္ဂဇင်းလိုမျိုး မရှိတာကလည်း ကောင်းတဲ့အချက်ဖြစ်ပါတယ်။
တစ်ခုပဲ သက်တောင့်သက်သာရှိတဲ့ထိုင်ခုံနဲ့ စားပွဲတော့ လိုချင်ပါတယ်။

ဒါပေမယ့် ဗီဒီယိုခေါ်ဆိုတဲ့အခါ တစ်ဖက်လူက ကိုယ့်ရဲ့စကားကို အာရုံမစိုက်လောက်ဘူးထင်ပါတယ်။
စခရင်ကနေ မြင်နေရတဲ့ဖူဂျီတောင်ရဲ့ရှုခင်းကိုပဲစိတ်ရောက်နေပြီး စကားပြောတဲ့အခါလည်း ဖူဂျီတောင်အကြောင်းကိုပဲ ပြောနေမိနေတဲ့ပုံပါပဲ။
ဒါပေမယ့် ဒီလိုအမှားအယွင်းလေးတွေကြောင့် အလုပ်လုပ်သူတွေလည်း ပြုံးမိကြပါတယ်။

အေးလွန်းလို့ စာမရိုက်နိုင်ဘူး


အမြင့် ၃၀၀၀ မီတာကို ရောက်ရှိနေပါပြီ။ ည ၉ နာရီနောက်ပိုင်းကစပြီး အပူချိန်လည်း ၇ ဒီဂရီလောက်ထိ ရောက်လာပါတယ်။
ဒီလိုအအေးနဲ့ဆိုရင်တော့ ကီးဘုတ်ကလည်း အလုပ်လုပ်မနိုင်တော့ဘူးထင်ပါတယ်။
တောင်ပေါ်မှာ တည်းခိုစရာတစ်ခုတော့ရှိပေမယ့် ည ၉ နာရီဆို မီးပိတ်ပြီး ပင်ပန်းနေတဲ့တောင်တက်သမားတွေကလည်း အိပ်နေပြီဖြစ်တဲ့အတွက် အထဲမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

နောက်မနက်ခင်းမှာ ကြိုဆိုနေတာကတော့ အလှဆုံးနေထွက်ချိန်ဖြစ်ပါတယ်။


ဒီလိုပတ်ဝန်းကျင်မှုအလုပ်လုပ်ရရင်တော့ ပျော်မလားမသိဘူးနော်။

ဒါပေမယ့် ဒီလိုနေရာမှာ အလုပ်လုပ်ဖို့ဆိုရင် ကိုယ်ပိုင်အလုပ်ရုံလေး ဆောက်မှပဲ အဆင်ပြေမယ်ထင်ပါတယ်။

ဖူဂျီတောင်ပေါ်မှာ အလုပ်သွားလုပ်တာကတော့ နည်းနည်းအိုဗာဖြစ်ပေမယ့် ကိုရိုနာကြောင့် ပြောင်းလဲသွားရတဲ့ Remote working မှာ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။
ဒီလိုမျိုးကိုယ်ကြိုက်တဲ့နေရာမှာ ပုံမှန်အတိုင်းအလုပ်လုပ်နိုင်တာက အတော်လေးကောင်းပါတယ်။

အဓိကကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်မှာအာရုံစိုက်နိုင်တဲ့ စိတ်ခွန်အားရှိရင်ရပါပြီ။
ဒါပေမယ့် အသစ်ဝင်လာမယ့် အလုပ်သင်တွေကိုတော့ ဘယ်လိုသင်ကြားပြသပေးကြမလဲနော်?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: