Tokyo Tower ၏ရာဇဝင်။ အစားထိုးမရနိုင်တော့ပေ…။

စာဖတ်သူတို့ တိုကျိုရဲ့သင်္ကေတလက္ခဏာဟာ တိုကျိုတာဝါပဲဆိုတာ သိကြပါသလား။
၁၉၅၈ ခုနှစ် ၁၂ လပိုင်းမှာဆောက်လုပ်ပြီးစီးခဲ့ပြီး၊ အမြင့် ၃၃၃ မီတာရှည်တဲ့ ရေဒီယိုတာဝါကြီးပဲဖြစ်ပါတယ်။
ဆောက်လုပ်ပြီးစီးခဲ့ချိန်တုန်းကတော့ ဂျပန့်အမြင့်ဆုံး အဆောက်အဦးတစ်ခုဖြစ်ခဲ့ပါတယ်။

ပတ်ဝန်းကျင်ကအဆောက်အဦးတွေထက် မြင့်ခဲ့တဲ့အတွက် တိုကျိုတစ်ခွင်လုံးကို တာဝါပေါ်ကနေလှမ်းကြည့်နိုင်ပြီးတော့၊ အဆောက်အဦးရဲ့ပုံပန်းသဏ္ဍာန်မှာလည်း လှပတဲ့အတွက် တိုကျိုမြို့ရဲ့သင်္ကေတလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ ဘေးပတ်ဝန်းကျင်မှာ မြင့်မားတဲ့အဆောက်အဦးတွေလည်း ပေါ်လာပြီး၊ ဒီအပြင် အလွန်မြင့်မားတဲ့ Sky tree လို့ခေါ်တဲ့ ရေဒီယိုတာဝါကြီးကလည်း အမြင့် ၆၃၄ မီတာရှိတဲ့အတွက်၊ တိုကျို Sky tree လောက် စိတ်ဝင်စားခြင်းမခံရတော့ပေမယ့် ဒီဇိုင်းရဲ့လှပမှုတော့ ယနေ့တိုင်ချစ်မြတ်နိုးခံရဆဲဖြစ်ပါတယ်။

ဒီတိုကျိုတာဝါအကြောင်းပြောရမယ်ဆိုရင်တော့ ရာဇဝင်ဆန်တဲ့ဆောက်လုပ်ရေးသမိုင်းကြောင်းရှိပြီး၊ ယခုအခါမှာတော့ ထိုအချိန်ကဆောက်လုပ်ခဲ့ပုံနဲ့ ပုံစံတူတစ်ခုကိုဖန်တီးဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေကြပါတယ်။ ဘယ်လိုအခြေအနေမျိုးနဲ့ ဆောက်လုပ်ခဲ့ရသလဲဆိုတာက ရှင်းပြသွားချင်ပါတယ်။ ဒီနေရာမှာတော့ ဂျပန်လူမျိုးရဲ့ ကြိုးစားအားထုတ်မှုနဲ့ မဆုတ်မနစ်ဇွဲရှိမှုကို ခံစားရမှုဖြစ်ပါတယ်။

မဖြစ်နိုင်တဲ့အချိန်တိုအတွင်းပြီးစီးမှု။
၁၉၅၇ ခုနှစ် ၆ လပိုင်းမှာ စတင်ဆောက်လုပ်ခဲ့ပြီး၊ ၁၉၅၈ ခုနှစ် ၁၂ လပိုင်းမှာ ဆောက်လုပ်ပြီးစီးခဲ့သည်။
ဒီလောက်ကြီးမားတဲ့အဆောက်အဦးကို အချိန် ၁ နှစ်ခွဲနဲ့ဆောက်လုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။

ထိုအချိန်ကအသက် ၂၅ နှစ်သာရှိသေးတဲ့ 桐生五郎(きりゅう ごろう)ခိယူး ဂေါရိုးဆိုသူ ငြမ်းတပ်ဆင်ရေးကျွမ်းကျင်ပညာရှင်ဟာ ထိုဆောက်လုပ်ရေးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး၊ အလုပ်သမားအယောက် ၂၀ နဲ့အတူလုပ်ငန်းကိုအစပြုခဲ့ပါတယ်။ နေအိမ်မိသားစုတိုင်းကလည်း အခြားသောပူပေါင်းဆောင်ရွက်မှုတွေမှာ တက်ညီလက်ညီပါဝင်ကြပေမဲ့၊ ဒီအတိုင်းအတာလောက်လေးနဲ့ပဲ တစ်နှစ်ခွဲအချိန်ကာလအတွင်း ဆောက်လုပ်ခဲ့ကြတာကတော့ အံ့အားသင့်ဖွယ်ဖြစ်နေပါတယ်။

ဒီနေ့ခေတ်လို ဆောက်လုပ်ရေးစက်အကြီးစားတွေတောင် မပေါ်‌သေးတဲ့အတွက် ပိုပြီးသံသယဖြစ်ဖွယ်ကောင်းနေပါတယ်။

 

“ ဂျပန်ရဲ့သင်္ကေတကို ကျွန်တော်တို့လက်နဲ့ဖန်တီးခဲ့ကြတယ်”
စိတ်အားထက်သန်မှုလို့ပြောတာထက်စာရင် မဆုတ်မနစ်ကြိုးပမ်းမှုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

 

အသက်အန္တရာယ်လုံခြုံရေးအတွက် ကာကွယ်စီမံထားမှု သုညသာသာ။

ပုံပါအတိုင်းပါပဲ။ တိုကျိုတာဝါဟာ သံမဏိဘောင်တွေကို ချိတ်ဆက်ပြီးတည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုဖြစ်ပေမယ့်၊ လုပ်ငန်းခွင်အတွင်း လုံခြုံရေးစီမံကာကွယ်မှုတွေကို လုံးဝမလုပ်ထားသလောက်နီးပါးပဲလို့ ပြောကြပါတယ်။
အောက်ကိုပြုတ်မကျသွားအောင် ဆွဲထားမယ့်ကြိုး၊ လုံခြုံရေးခါးပတ် သို့မဟုတ် လက်ကိုင်တန်းများ ဘာတစ်ခုမှမရှိပါ။
အဲ့ဒီလို ကျဥ်းမြောင်းလှတဲ့ သံမဏိဘောင်ကနေ ခြေချော်သွားရင်တော့ အသက်ဆုံးရှုံးရမှာ ဧကန်မလွဲပါ။

တိုကျိုမှာက လေပြင်းတွေမကြာခဏတိုက်တတ်ပေမယ့် လေပြင်းအားတစ်စက္ကန့်ကို ၁၅ မီတာအောက်သာရှိရင်တော့ ပုံမှန်အတိုင်း ဆောက်လုပ်ရေးကိုလည်ပတ်ကြပါသတဲ့…

တစ်စက္ကန့်ကို ၁၅ မီတာတိုက်တဲ့လေပြင်းအားဆိုတာ အ‌ဆောက်အဦးရဲ့ဆိုင်းဘုတ်တောင် လွှင့်ထွက်သွားတဲ့ပြင်းအားဖြစ်လို့ သတိပေးချက်ထုတ်ပြန်ရတဲ့ အဆင့်ဖြစ်ပါတယ်။
အဲ့ဒီလိုတစ်စက္ကန့်ကို ၁၅ မီတာမဟုတ်ရင်တော့ ပုံမှန်အတိုင်းပဲ ဘာအကာအကွယ်မှမပါဘဲ လုပ်စရာရှိတာသာလုပ်ကြပါတယ်။

စိတ်မကောင်းစရာကတော့ ထိုအထဲကအလုပ်သမားတစ်ဦး လေတိုက်နှုန်းနဲ့လွှင့်ပြီး ပြုတ်ကျသေဆုံးခဲ့ရတဲ့ မတော်တဆမှုလည်းဖြစ်ခဲ့ပါတယ်။ သို့ပေသိ ဒီလိုမဖြစ်နိုင်တဲ့အခြေအနေနဲ့ မတော်တဆမှုတစ်ခုသာရှိခဲ့တယ်လို့ပြောရင် မိတ်ဆွေယုံမှာမဟုတ်ပါဘူး…။

မီးဖုတ်ထားတဲ့သံကို အောက်ကနေအပေါ်ကိုပစ်ပေးတဲ့အလုပ်

တိုကျိုတာဝါဆိုတာ သံမဏိဘောင်တွေကို သံမှိုတွေနဲ့တွဲရပ်ပြီးဆောက်လုပ်ထားပါတယ်။

ဒီမှာသုံးတဲ့သံမှို rivet ဆိုတာကတော့ သံလိုပုံသဏ္ဍန်မျိုးရှိပြီး၊ အပူပေးထားတဲ့ rivet သံမှိုကိုအပေါက်ထဲရိုက်သွင်းကာ ထိပ်ဘက်ကိုရိုက်ကပ်လိုက်ပြီး ခိုင်မာအောင်လုပ်လိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

မူလီနဲ့မတူဘဲ ၎င်းသံကိုတင်းကြပ်ခိုင်မာစွာဖြင့် တိုကျိုတာဝါတစ်ခုလုံးမှာအသုံးပြုထားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ rivet သံမှိုကို အပူပေးတဲ့လုပ်ငန်းစဥ်ဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ မြေပြင်ကနေ သံကိုပူခြစ်နေအောင်အပူပေးပြီး သင့်လျော်တဲ့အပူချိန်ရောက်တဲ့အခါမှာတော့ ၎င်းသံကိုသံချောင်းများနဲ့စည်းနှောင်ပြီး အပေါ်မှာစောင့်နေတဲ့ အလုပ်သမားဆီ ပစ်ပေးလိုက်ပါတယ်။ အပေါ်ကအလုပ်သမားဟာ ပုံးနဲ့ဖမ်းပြီး လှမ်းယူလိုက်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် rivet သံကို ခြစ်ခြစ်တောက်ပူနေချိန်အတွင်း လုပ်ငန်းကိုလည်ပတ်ရတာဖြစ်ပါတယ်။ သို့သော် အောက်ကနေပစ်ပေးရတဲ့အလုပ်ဟာ ဘယ်လောက်အန္တရာယ်ရှိလဲဆိုရင်၊ အပေါ်ကဖမ်းယူမယ့်လူက ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်ပြန်ပြုတ်ကျတဲ့အခါ အောက်ကအလုပ်သမားတွေအဖို့ မတွေးဝံ့စရာပါ။

လုပ်ငန်းကလည်ပတ်နေပြီဆိုရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကလည်း တစ်ဖြည်းဖြည်းအပေါ်တက်သွားပါတယ်။
ဒီလိုဆို တစ်ဆင့်ခံပုံစံနဲ့ အောက်ကနေအပေါ် ၊ အဲ့ဒီကနေ အပေါ်ကိုထပ်ပြီး ပစ်တင်ခဲ့ကြပါတယ်။ စကားမစပ် rivet သံရိုက်တဲ့နည်းပညာဟာ အတော်လေးတိကျပုံရခဲ့ပြီး၊ အဲ့ဒီလိုတိကျမှုနဲ့ ရိုက်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဆုံးပါးသွားပါပြီး။

တကယ်ကိုပဲ တိုကျိုတာဝါဟာ ဂျပန်ရဲ့ အာဂပုဂ္ဂိုလ်တွေက ဖန်တီးခဲ့တဲ့ အဆောက်အဦးတစ်ခုပဲ ဖြစ်နေပါတော့တယ်။
မီးထွန်းလင်းထားတဲ့ လှပသော၎င်းရဲ့ပုံပန်းသွင်ပြင်ကို ငေးကြည့်ရင်း “ ဒီလောက်အမြင့်မှာ အသက်အန္တရာယ်ကာကွယ်စီမံမှုတစ်ခုမျှမပါဘဲ ဆောက်လုပ်သွားခဲ့တယ်” ဆိုတာလေးကို စာဖတ်သူတို့အား ပြန်လည်ပြီးမျှဝေပေးချင်တာပဲဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ လုံးဝခွင့်ပြုချက်မရမယ့် ဆောက်လုပ်ရေးတစ်ခုဖြစ်မှာပါ။ အာဂသတ္တိတွေနဲ့ဆောက်လုပ်ခဲ့ကြတဲ့ အလုပ်သမားများအားဂုဏ်ပြုရင် ဒီလိုအစားထိုး TVတာဝါတိုင်တစ်ခုကို ထပ်ပြီးမရနိုင်တော့ကြောင်း ရေးသားဖော်ပြ တင်ဆက်လိုက်ရပါတယ် ခင်ဗျာ….။

 

 

ABE KENGO

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: