(ကီမိုနိုရဲ) တွေကိုကြောက်လို့၊ ကီမိုနိုကို ပေါ့ပေါ့ပါးပါးမဝတ်ကြတော့တဲ့ လူငယ်များ…

ဂျပန်ရဲ့ရိုးရာဝတ်စုံဖြစ်တဲ့ ကီမိုနို။
ကီမိုနိုဟာ နိုင်ငံခြားသားတွေမျက်စိကျတဲ့ အရောင်အသွေးစုံလင်ပြီးလှပတဲ့ အဝတ်အစားဖြစ်ပေမဲ့၊ အရွယ်ရောက်သူများအခမ်းအနားနေ့တို့ လက်ထပ်ပွဲနေ့ စတဲ့အထူးနေ့တွေကလွဲရင် ကီမိုနိုမဝတ်ကြသူတွေ တော်တော်များများဖြစ်လာခဲ့ပါတယ်။ ဝတ်စုံလေးတွေဟာ အရမ်းလှပေမဲ့နှမြောစရာကောင်းပါတယ်။ သို့သော် ဘာကြောင့် ဒီလောက်အထိ ကျဆင်းသွားခဲ့ရသလဲဆိုတာကို သိပါသလား?

၎င်းရဲ့အကြောင်းအရင်းကတော့ (ကီမိုနိုရဲ) ဆိုတဲ့တည်ရှိမှုပဲဖြစ်ပါတယ်။

(ကီမိုနိုရဲ) ဆိုတာက၊ ပုံမှန်ရဲတွေလို နိုင်ငံတော်အာဏာကို ပိုင်ဆိုင်ထားတဲ့လူတွေကို ပြောခြင်းမဟုတ်ပါဘူး။
လွယ်လွယ်ပြောရရင်၊ ကီမိုနိုနဲ့ပတ်သက်ပြီး အနည်းငယ်အသိပညာရှိတဲ့ ‌ဘေးပတ်ဝန်းကျင်က “ ပွစိပွစိပြောတတ်တဲ့ အမျိုးသမီးကြီးတွေ” ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကီမိုနိုကိုအရမ်းကြိုက်လွန်းလို့ ကီမိုနိုယဉ်ကျေးမှုကို ဖျက်ဆီးမိနေတဲ့ လူတွေသာဖြစ်ပါတယ်။
အဲ့ဒီလို(ကီမိုနိုရဲ)တွေဟာ ဘာတွေလုပ်ကြသလဲဆိုတာ ကြည့်ကြရအောင်….

ရထားထဲမှာ သြဝါဒချွေခြင်း။
ကီမိုနိုနဲ့ရင်းနှီးမှုမရှိတဲ့လူငယ်တွေဟာ ကိုယ့်ဟာကိုယ်ကီမိုနိုကို တစ်ယောက်တည်းမဝတ်နိုင်ကြပါဘူး။
ကီမိုနိုဝတ်ပေးတဲ့အလုပ်ကို 着付け လို့ခေါ်ပြီး၊ တစ်ခြားသူတစ်ယောက်ကို ကီမိုနိုဝတ်ပေးဖို့ အကူအညီတောင်းရပေမဲ့၊ ဝတ်ပေးလိုက်တဲ့ပုံစံဟာ မှန်ကန်မှုရှိမရှိကိုတော့ မသိကြပါဘူး။

နောက်ထပ်ပြောရရင် အထူးသဖြင့် ကီမိုနို Obi (ခါးပတ်ကြိုး) ရဲ့ ပတ်ပုံပတ်နည်းက မျိုးစုံရှိသလို၊ အားလုံးလည်းအဆင်ပြေနေတာကို
“ ညည်း ကီမိုနိုဝတ်ထားတဲ့ပုံစံက တစ်မျိုးကြီးပဲ။
လူငယ်တွေ ကီမိုနိုတောင်မဝတ်တတ်ကြတော့ဘူးလား?”

ဆိုပြီးသြဝါဒချွေနေတာတွေ အများကြီးကြားရပါတယ်။

 

အိမ်သာမှာ ခါးပတ်ကြိုးကို ဆွဲဖြုတ်ခံရခြင်း။
ခါးပတ်ကြိုးရဲ့ချည်နည်းကိုပဲ သဘောမကျလို့ပဲလား။
ရုတ်တရက် တစ်စိမ်းအမျိုးသမီးကြီးတစ်ယောက်က ခါးပတ်ကြိုးကိုလာဆွဲဖြုတ်သွားပြီး ပြန်ပြင်ချည်ပေးလိုက်တယ်တဲ့…

 

ရုတ်တရက် တင်ပါးကိုင်ခံလိုက်ရခြင်း။
ကုန်တိုက်ထဲမှာ ကီမိုနိုဝတ်ပြီးလမ်းလျှောက်နေရင်း၊ အမျိုးသမီးကြီးတစ်ယောက်ဟာ “ ခါးပတ်ကြိုးကလည်း အဆင်မပြေလိုက်တာ!” ဆိုပြီး ရုတ်တရက် တင်ပါးကိုလာကိုင်သွားတယ်တဲ့။ ခါးပတ်ကြိုးကို ပြင်ဝတ်ပေးမလို့ လုပ်လိုက်တာဖြစ်နိုင်ပေမဲ့၊ ရုတ်တရက် လူအများအရှေ့မှာ တင်ပါးလာကိုင်ခံလိုက်ရရင်တော့ တော်တော်လေး အဆင်ပြေမှာမဟုတ်ဘူးနော်။

 

ကဲ ဘယ်လိုထင်ပါသလဲ? ဒီလိုအမျိုးသမီးကြီးတွေကို….
ရဲတွေလို မျက်စိတောက်ထောက်ကြည့်ကြပြီး၊ မှားနေတာတွေ့ရင် စေ့စေ့စပ်စပ် သတိပေးကြတယ်။
ဒါကြောင့် (ကီမိုနိုရဲ) လို့ သူတို့ကိုတင်စားခေါ်ကြပါတယ်။

ကီမိုနိုကိုအရမ်းကြိုက်လွန်းတော့ သေသေချာချာဝတ်စေချင်ပြီး စေတနာနဲ့အပြုသဘောဆောင် ပြင်ပေးကြပေမဲ့၊ ကီမိုနိုဟာလည်း ခေတ်နဲ့အညီ အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့အရာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ ဒီလိုတောက်ပြောင်တဲ့ကီမိုနိုင်တွေ မရှိခဲ့လို့ ယနေ့ခေတ်မှာ အထည်တွေပြောင်းလဲလာသလို၊ ဝတ်ပုံဝတ်နည်းနဲ့အတူ ခါးပတ်ကြိုးရဲ့ပုံစံတွေလည်း ပြောင်းလဲလာပါတယ်။ ဒီအပြင် လူနေမှုပုံစံပြောင်းလဲလာတဲ့အတွက်၊ အမူအကျင့်တွေလည်း ကြီးကြီးမားမားပြောင်းလဲသွားမှာ သေချာပါတယ်။

ခေတ်နဲ့တစ်ပြေးညီ တိုးတက်ပြောင်းလဲလာတဲ့ ကီမိုနိုရဲ့ဝတ်ဆင်ပုံတွေကို ကျွန်တော်တော့ သဘောကျပါတယ်။
ဟိုးအရင်ခေတ်ပုံစံကို ထိန်းသိမ်းချင်တဲ့လူက ဆက်ပြီးထိန်းသိမ်းသွားမယ်။ ဒီလိုပဲ ယဉ်ကျေးမှုအသစ်ကို ဖန်တီးချင်တဲ့လူတွေကလည်း ဆက်ပြီးဖန်တီးနေမယ်။

တစ်ဖက်စောင်းနင်း ဖိနှိမ့်ချုပ်ချယ်မှုဟာ၊ ယဉ်ကျေးမှုကို ပျက်စီးစေတဲ့လုပ်ရပ်တစ်ခုပါ။ ကီမိုနိုကိုစေ့စေ့စပ်စပ်လိုက်ကြည့်နေတဲ့ (ကီမိုနိုရဲ) တွေလည်း အမြန်ဆုံးသတိထားမိစေချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: