အသက် ၂၆ နှစ်အရွယ် ဂဟေဆော်သောမိန်းကလေး။ ကိုယ်မကြိုက်တာတွေဆီကနေ ထွက်ပြေးရင်းနဲ့ တွေ့ရှိလိုက်တဲ့ အကောင်းဆုံး အသက်မွေးဝမ်းကျောင်းအလုပ်

တစ်ခုခုကို အမြင်နဲ့ဆုံးဖြတ်တာ မလုပ်သင့်ဘူးဆိုပေမယ့် ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် အမျိုးသမီးရဲ့ဓာတ်ပုံကို ကြည့်ပြီး စာဖတ်သူများရဲ့ သူမအပေါ် ပထမဆုံးထင်မြင်ချက်လေးက ဘယ်လိုပါလဲ?


https://toyokeizai.net/articles/-/447978

သူမကတော့ သံမဏီပြားလုပ်ငန်းကို လုပ်ကိုင်တဲ့ Katsukura Body(勝倉ボデー) ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၂၆ နှစ်ရှိပါပြီ။
မော်တော်ယာဥ်ပျက်စီးတဲ့နေရာကို ပြင်ဆင်တာတို့၊ ကာစတန်မာလိုအပ်ချက်အလိုက် ပြင်ဆင်ပေးတာတို့လုပ်နေပါတယ်။
သူမလက်ထဲမှာကိုင်ထားတဲ့အရာကတော့ ဂဟေဆော်တဲ့အခါသုံးတဲ့ပစ္စည်းအစစ်ဖြစ်ပြီးတော့ cosplay လုပ်နေတာမဟုတ်ပါဘူး။

ဂဟေဆော်သောမိန်းကလေးလို့ခေါ်ကြတဲ့သူမဟာ ကိုယ်မကြိုက်တဲ့အရာတွေကနေ ထွက်ပြေးလာပြီး အခုနောက်ဆုံးမှာ လက်ရှိအလုပ်ကိုရောက်လာကာ ဒီအလုပ်က သူ့အတွက် အကောင်းဆုံးအသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်လာခဲ့ပါတယ်။

သူမာ ဖုခုအိစီရင်စုမှာ သက်တမ်း ၁၀၀ ကျော်ရှိတဲ့လုပ်ငန်းကို စီမံခန့်ခွဲတဲ့မိသားစုကနေ မွေးဖွားလာတာဖြစ်ပါတယ်။
စစချင်းမှာ ညီအစ်မ ၂ ယောက်ရှိခဲ့ပေမယ့် အငယ်မဖြစ်တဲ့သူမဟာ ကလေးမရနိုင်တဲ့သူမအမေရဲ့အစ်မ၊ သူ့မအဒေါ်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတယ်။

သူမမွေးမိခင်က ပျော့ညံ့တဲ့စရိုက်ရှိပေမယ့် မွေးစားအမေကတော့ တည်ကြည်လေးနက်တဲ့သူပါ။
ကလေးအရွယ်ကတည်းက အကျင့်စရိုက်ချင်းမတူတော့ ရန်ခဏခဏဖြစ်တဲ့ပုံပါပဲ။

သူမဟာ ကျောင်းသူဘဝတုန်းက ပွင့်လင်းတက်ကြွတဲ့သူဖြစ်တဲ့အတွက် အပေါင်းအသင်းတွေ အများကြီးရှိခဲ့ပေမယ့် စာပေပိုင်းမှာတော့ ညံ့ဖျင်းပါတယ်။
အိမ်စာကို ကြိုးစားလုပ်ပေမယ့်လည်း အဲ့စာအုပ်က အိမ်မှာကျန်ခဲ့တဲ့အတွက် ဆရာကမယုံကြည်ဘဲ ဒေါသထွက်ခံရတဲ့စရိုက်ရှိခဲ့ပါတယ်။

တစ်ခါတုန်းကတော့ စိတ်ပါလက်ပါနဲ့ စာလုပ်ကြည့်မယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဖတ်စာအုပ်ကို အပြန်ပြန်အလှန်လှန် ကြည့်ပေမယ့် ဘာကိုမှနားမလည်ခဲ့ပါဘူး။
ဒီလိုနဲ့ပဲစာလုပ်ချင်စိတ်က ပျောက်ဆုံးသွားပုံရပါတယ်။
ဒီလိုနဲ့ ပထမအကြိမ် “ထွက်ပြေးခြင်း” ဖြစ်လာပါတယ်။

အလယ်တန်းကျောင်းတက်ကတည်းက စပြီး ပြဿနာတစ်ခုခုလုပ်မိတယ်ဆိုတာမသိဘဲ နေ့တိုင်း ဆရာ့ဆီက အဆူခံခဲ့ရပါတယ်။
ဒါကို စိုးရိမ်ကြတဲ့မွေးစားမိဘတွေဟာ ဆေးရုံမှာသွားပြကြည့်တဲ့အခါ ADHD (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ရှိကြောင်းကို သိရှိခဲ့ကြပါတယ်။
စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တာနဲ့၊ ဂနာမငြိမ်ဖြစ်တာက ကလေးအရွယ်တုန်းက ဖျားနာတာကြောင့်ဆိုတာ သိခဲ့ရပါတယ်

ဒါပေမယ့် နောက်ဆုံး ကျောင်းတက်ရတာကို မကြိုက်တော့ဘဲ ကျောင်းမသွားချင်တော့ပါဘူး။ ဒီလိုနဲ့ ကိုယ်မကြိုက်တဲ့အရာဆီကနေ ထွက်ပြေးလာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းကစလို့ ပေါင်းတဲ့သူငယ်တွေချင်းတွေလည်း ပြောင်းလဲသွားပြီး မိဘတွေနဲ့လည်း စိတ်အခန့်မသင့်တာတွေ ကြီးကြီးမားမား ဖြစ်လာကာ တစ်ပတ်ကို တစ်ကြိမ်လောက်ဘဲ အိမ်ပြန်ဖြစ်လာပါတော့တယ်။

အထက်တန်းကျောင်း ဝင်ခွင့်လည်း မဖြေခဲ့တဲ့အတွက် အလယ်ကျောင်းပြီးဆုံးခြင်းလက်မှတ်ကိုတောင် အမေက အစားယူပေးခဲ့ရပါတယ်။
နေ့တိုင်း ဂိမ်းဆိုင်မှာပဲ နှစ်မြှုပ်နေတဲ့သူမပုံစံကတော့ ဒီလိုပါ။

စိတ်ဓာတ်ကတော့ အတော့ကို ကြံ့ခိုင်တဲ့ပုံပါပဲ။
ပြီးတော့ စိတ်နှစ်မြှုပ်ထားတဲ့ဂိမ်းဆိုင်မှာ အလုပ်စလုပ်ခဲ့ပါတယ်။

ပြီးတော့ ကားဝယ်လိုက်ပေမယ့် ဆီဈေးက အကုန်အကျများတဲ့အတွက် ဒီအချိန်ပိုင်းလခနဲ့ ပိုက်ဆံကမလုံလောက်တော့ပါဘူး။
အလုပ်လုပ်ဖို့ကလည်း ပညာရေးနောက်ခံမရှိတဲ့အတွက် အဆင်မပြေပြန်ပါဘူး။
ဒါဆိုလည်း လိုင်စင်တစ်ခုခုကို ရအောင်ယူလိုက်မယ်လို့တွေးရင်းနဲ့ ဓာတ်ငွေ့ဂဟေဆက်တဲ့ လိုင်စင်ကို ယူလိုက်ပါတယ်။
ဒီလိုင်စင်ကို ယူရတဲ့အကြောင်းအရင်းကတော့ ဒီလိုင်စင်က အမြန်ဆုံးရယူနိုင်တဲ့လက်မှတ်ဖြစ်နေတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် ဆံပင်ရွှေအိုရောင်နဲ့မိန်းကလေးက ဓာတ်ငွေ့ဂဟေဆက်တဲ့လိုင်စင်ကို မယူနိုင်လောက်ဘူးလို့ထင်ခဲ့ပေမယ့် စာမေးပွဲစင်တာက ကောင်တာတာဝန်ခံတွေတောင် အံ့သြသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခက်အခဲမရှိဘဲ နိုင်ငံအသိအမှတ်ပြုလိုင်စင်ကို ရရှိကာ ဗိသုကာနယ်ပယ်ပိုင်းမှာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိုယ်ခန္ဓာကြံ့ခိုင်ရေးအသားပေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် အလုပ်ကောင်းကောင်းမလုပ်ရင် သူဌေးက သစ်သားတုံးနဲ့ရိုက်တတ်တဲ့ လုပ်ငန်းခွင်ဖြစ်ပုံရပါတယ်။
ဦးထုပ်ဆောင်းထားပေမယ့်လို့ အတော်လေးတုန်လှုပ်ဖွယ်ရာအပြုအမူဖြစ်တဲ့အတွက် အလုပ်ပြောင်းခဲ့ပါတယ်။

နောက်အလုပ်တစ်ခုကတော့ မော်တော်ယာဥ်နဲ့ဆက်စပ်တဲ့အလုပ်ဖြစ်ပါတယ်။
ကားတွေကို ကြိုက်နှစ်သက်တာကြောင့် စက်ပြင်ဆရာ ဖြစ်လာလို့ရှိရင် ကိုယ်ကြိုက်တဲ့ကားကို ကလိနိုင်မယ်လို့ အစပိုင်းမှာ ထင်ခဲ့ပါတယ်။
ဒါပေမယ့် လုပ်ရတဲ့အလုပ်က ကုန်တင်ယာဥ်ဂဟေဆော်တဲ့အလုပ်ဖြစ်နေပါတယ်။

ကုန်တင်ယာဥ်ကို မကြိုက်ဘူးဆိုပြီး ၁ နှစ်အကြာမှာ အလုပ်ထွက်ခဲ့ပါတယ်။
နောက်အလုပ်တစ်ခုကတော့ မော်တော်ယာဥ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ဖြစ်ပါတယ်။ အထွေထွေယာဥ်တွေအတွက် ကုမ္ပဏီဖြစ်ပါတယ်။

ဒါပေမယ့် လစာနည်းတဲ့အကြောင်း SNS မှာ ပြောထားတာကို အထက်လူကြီးက တွေ့ပြီး အလုပ်ထပ်ထွက်ခဲ့ရပါတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ ကိုယ်လိုင်စင်ရှိတဲ့အလုပ်ပဲလုပ်မယ်ဆိုရာကနေ ဂဟေဆက်တဲ့အလုပ်ကို လုပ်ဖို့ဖြစ်လာပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ ဂဟေဆက်လုပ်ငန်းမှာ ပျော်မွေ့လာခဲ့ပါတယ်။
အလုပ်မှာ ပျော်လာလို့ရှိရင် ကိုယ့်နေ့စဥ်ဘဝဟာလည်း ပြီးပြည့်စုံနေပါလိမ့်မယ်။
ဒီလိုနဲ့ အခုအိမ်ထောင်ဖက်နဲ့ဆုံဆည်းခဲ့ပါတယ်။

အလုပ်မှာလည်း မော်တော်ယာဥ်ကြီးလိုင်စင်ကို ယူဖို့ဖြစ်လာပြီး အလုပ်မှာ နိုင်ငံအသိအမှတ်ပြုလိုင်စင်နောက်တစ်ခု ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လုပ်ရတာက ကိုယ်လုပ်ချင်တဲ့ဂဟေဆက်တဲ့အလုပ်မဟုတ်ဘဲ မော်တော်ယာဥ်ကြီးကိုပဲ မောင်းနေရပါတယ်။
အလုပ်ကလည်း အတော်လေးအလုပ်ရှုပ်တဲ့အတွက် ဆီးထဲမှာသွားပါတဲ့အခါတောင်မှ ဆေးရုံကို မသွားနိုင်ဖြစ်လာပါတယ်။
ဒီလိုနဲ့ အလုပ်ထွက်ရပြန်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ မကျန်းမာတဲ့အချိန် မိဘတွေရဲ့ အိမ်မှာ ဘာမှမလုပ်ဘဲ နေနေတုန်း ဖခင်ရဲ့မိတ်ဆက်ပေးမှုကြောင့် မော်တော်ယာဥ်နဲ့ဆက်စပ်တဲ့ကုမ္ပဏီမှာ အလုပ်ရခဲ့ပါတယ်။
အမှိုက်ကားနဲ့ မိလ္လာစုပ်ကားတွေရဲ့ ပျက်စီးတဲ့နေရာကို ပြင်ဆင်ပေးရတဲ့ဂဟေလုပ်ငန်းဖြစ်ပါတယ်။
အနံ့လည်းနံတယ်၊ ညစ်လည်းပတ်တယ်။
ဒါပေမယ့် သူမကတော့ ဂဟဆက်နေရရင်ကိုပဲ ပျော်တယ်ဆိုပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။
သူမရဲ့လုပ်ငန်းလုပ်ကိုင်ပုံကို အကဲဖြတ်ပြီး နိုင်ငံအဆင့်ဂဟေနည်းစနစ်ပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် ဝင်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါကို မကြိုက်တဲ့အထက်လူကြီးရှိနေခဲ့ပါတယ်။
သူမဘာတွေလုပ်ခဲ့တယ်ဆိုတာထက်၊ အလုပ်ခွင်မှာ မိန်းကလေးရှိတာမကြိုက်တဲ့ ခပ်ဟောင်းဟောင်းအတွေးအခေါ်ရှိတဲ့အတွက် စကားလည်းမပြောဖြစ်ကြတော့ပါဘူး။

ဒါပေမယ့်လည်း အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ သူမ မွေးရပ်မြေဖြစ်တဲ့ ဖုခုအိစီရင်စုဟာ နှင်းအရမ်းကျတဲ့အတွက် နှင်းဖယ်ရှားတဲ့လုပ်ငန်းလိုင်စင်ဆိုတဲ့ ယာဥ်မောင်းလိုင်စင်အသစ်ကိုလည်း ရခဲ့ပါတယ်။

ကုမ္ပဏီမှာ တက်ကြွစွာအလုပ်လုပ်နေပေမယ့် ခုနက သူမကို မကြိုက်တဲ့အထက်လူကြီးဟာ ပိုပြီး အနိုင်ကျင့်လာပါတော့တယ်။
ဒီလိုနဲ့ ထပ်ပြီး အလုပ်ထွက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီကုမ္ပဏီမှာ ဝန်ပင့်ယာဥ်လိုင်စင်စတဲ့အခြား နိုင်ငံအသိအမှတ်ပြုလိုင်စင်တွေလည်း အများကြီး ယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ရောက်လာပါတယ်။
အသိအမျိုးသားမိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ ရှုခင်းကြည့်ဘတ်စ်ကားတွေ ဆေးသုတ်တဲ့အလုပ်ကို ရခဲ့ပေမယ့် ဒီဘတ်စ်ကားတွေက ဟောင်းနွမ်းတဲ့ဘတ်စ်ကားတွေ ဖြစ်နေခဲ့ပါတယ်။
ဒီဟောင်းနွမ်းနေတဲ့ဘတ်စ်ကားကို သေသေချာချာလေး ဆေးသုတ်ပြီး သံပြားရဲ့ ပျက်စီးနေတဲ့နေရာတွေကို ဂဟေဆက်ကာ ပတ်တီးသုတ်လိုက်၊ ပြီးတော့ အရောင်တင်လိုက်ပါတယ်။
တစ်ယောက်တည်းလုပ်တဲ့အတွက် ဘတ်စ်ကားတစ်စီးကို တစ်လကြာပြီး တစ်စီးကို ယန်း ၈ သိန်းကျသင့်ပေမယ့် ယန်း ၃ သိန်းပဲရရှိတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရင်းနဲ့ သံမဏိပြားလုပ်ငန်းဘက်ကို အာရုံကျခဲ့ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ အသက် ၂၄ နှစ်အရွယ်မှာ custom decoration အထူးပြုကုမ္ပဏီကို ထောင်နိုင်ခဲ့ပါပြီ။

မကြိုက်တဲ့အရာတွေကနေ ထွက်ပြေးရင်းနဲ့ လွတ်မြောက်လာတဲ့လူ့ဘဝ။
ဒါပေမယ့် ထွက်ပြေးလာတဲ့နေရာတွေမှာ အကောင်းဆုံးလုပ်ခဲ့တာကြောင့် အတွေ့အကြုံတွေ များလာပြီး အခုလိုရပ်တည်နိုင်နေတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ထွက်ပြေးတာမကောင်းဘူးလို့တွေးတဲ့သူတွေ အများကြီးရှိပေမယ့် ထွက်ပြေးပေမယ့်လည်း အဲ့ဒီနောက်ပိုင်းမှာ အကောင်းဆုံးကြိုးစားရင် အဲ့ဒီအသီးအပွင့်တွေကို ခံစားရမယ်ဆိုတာကို သက်သေပြလိုက်တာကတော့ ဒီအမျိုးသမီးပဲဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: