Disney Land မှာ “ခြင်” မရှိရတဲ့အကြောင်းအရင်း

စာဖတ်သူတို့ Disney Land ကို ကြိုက်နှစ်သက်ကြပါသလား?
ကျွန်တော်ကတော့ ကြိုက်ပါတယ်။ Disney က ထုတ်တဲ့ဇာတ်ကားတော်တော်များများကိုလည်း ကြည့်လေ့ရှိပါတယ်။
ဘယ်လောက်တောင်ကြိုက်လဲဆို ကျောင်းသားဘဝတုန်းက လက်မှတ်ကင်းလွတ်ခွင့်ကတ်ကိုယူပြီး ကျောင်းပျက်ပြီးတော့ Disney Land ကို ခဏခဏသွားလေ့ရှိတယ်ဗျ။
ဒီလိုမျိုး လူကြီး၊ ကလေး၊ ကျား၊ မ မရွေး ကြိုက်နှစ်သက်ကြတဲ့ Disney Land ရဲ့ ထူးဆန်းတဲ့ကောလဟာလတွေကို ကြားဖူးကြပါသလားခင်ဗျာ?


https://front-row.jp/_ct/17458874

Disney Land မှာ အင်းဆက်တွေ မရှိဘူး။
ခြင်ကို တွေ့ကိုမတွေ့ဖူးဘူး။
ဒါဆို အင်းဆက်သေစေတဲ့ပိုးသတ်ဆေးပြင်းပြင်းတွေကို ဖြန်းထားတာလား။ ဒါဆိုအန္တရာယ်မရှိဘူးလားဆိုပြီးတော့ ကောလဟာလတွေ အမျိုးမျိုး ကြားရလေ့ရှိတယ်ဗျ။

အပင်တွေနဲ့ ရေတွေရှိတဲ့အတွက်ကြောင့် အင်းဆက်တွေ ပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်ပေမယ့် အင်းဆက်တွေ တစ်ကောင်တစ်လေမှကို မတွေ့ရပါဘူး။
ကျွန်တော် အရင်တစ်ခေါက်သွားတုန်းကတော့ သေခါနီးလိပ်ပြာတစ်ကောင်ကို တွေ့လိုက်တဲ့အခါ “ ဒါက ဟိုကောလဟာလသတင်း ပိုးသတ်ဆေးကြောင့် ဖြစ်ရတာလား” ဆိုပြီး နည်းနည်းရင်တုန်သွားခဲ့ပါတယ်။

အိမ်သုံးပိုးသတ်ဆေးတွေက သိပ်ထိရောက်မှုမရှိတဲ့အတွက်ကြောင့် ဖြန်းပြီးလည်း အင်းဆက်တွေက ပြန်ရောက်လာတတ်ကြပါတယ်။
ဒီလိုမျိုး အင်းဆက်လုံးဝမရှိအောင်လုပ်နိုင်တဲ့ပိုးသတ်ဆေးဆိုရင် ဘယ်လောက်တောင် ပြင်းလိမ့်မလဲ?
အဲ့ဒါက လူတွေကို အန္တရာယ်မဖြစ်စေဘူးလား? ဆိုပြီး စာဖတ်သူတို့ တွေးကြမယ်ထင်ပါတယ်ခင်ဗျ။

ဒါပေမယ့် စိတ်အေးအေးထားပါဗျာ။
Disney Land က ခေတ်မှီဘေးကင်းတဲ့နည်းလမ်းနဲ့ လာရောက်လည်ပတ်သူတွေကို အင်းဆက်ပိုးမွှားရန်ကနေ ကာကွယ်ပေးနေပါတယ်။
အဓိကကတော့ ခြင် အန္တရာယ်ကနေ ကာကွယ်ပေးနေပါတယ်။
နွေရာသီအပန်းဖြေပန်းခြံမှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတုန်း ခြင်ကိုက်ခံရရင် ပျော်နေတဲ့စိတ်တွေ ပျောက်ဆုံးသွားမယ်မဟုတ်လားဗျာ။
ဒါကြောင့် Disney Land မှာ Mosquito Surveillance Program ရှိပြီး ခြင်တွေကို သေချာ နှိမ်နင်းလျက်ရှိပါတယ်။
လာရောက်လည်ပတ်သူတွေအတွက် အသေးစိတ်စီမံထားပေးတာက အလွန်ကောင်းမွန်ပြီး ထူးခြားတယ်လို့ ခံစားရစေပါတယ်။

ပထမဆုံး အထွေထွေစီမံချက်ကို ကြည့်ကြည့်ရအောင်ဗျ

ရေကို စစ်ယူကာ လည်ပတ်စေခြင်းဖြင့် ရေကို မရပ်တန့်စေခြင်း
Disney Land မှာ မြစ်ချောင်းကြီးတွေ စီးဆင်းနေပေမယ့် ဒါက အကုန်လုံး လူသားတွေ ပြုလုပ်ထားတဲ့မြစ်တွေဖြစ်ပါတယ်။
ဒီလောက်ကြီးတဲ့မြစ်တွေကိုတော့ မလုပ်လောက်ပါဘူးလို့ ထင်ရပေမမယ့် သဘာဝမြစ်မဟုတ်ရင် ရေတွေဟာ စီးဆင်းလေ့မရှိပါဘူး။
မစီးဆင်းတဲ့ရေမှာ ခြင်တွေဟာ ဥဥတတ်ပြီး ခြင်အများအပြား ပေါက်ပွားတတ်ပါတယ်။
ဒါကို ကာကွယ်ဖို့အတွက် ဒီလိုကြီးမားတဲ့မြစ်ရေကို စစ်ထုတ်ပြီး လည်ပတ်စေပါတယ်။

ဒါ့အပြင် မိုးကြောင့် ဖြစ်တဲ့အိုင်ငယ်လေးတွေကိုလည်း ပန်းခြံဝန်ထမ်းက လိုက်လံစစ်ဆေးပြီး ရေသွန်တာတို့လုပ်တဲ့အတွက် ခြင်တွေ ပေါက်ဖွားမှု မရှိတော့ပါဘူး။
မိုးရေက အရာဝတ္ထုအချိုင့်လေးတွေ၊ သစ်ငုတ်စတဲ့ နေရာသေးသေးလေးမှာလည်း အိုင်ငယ်လေးတွေ ဖြစ်တတ်ပါတယ်။ Disney Land ရဲ့ အသေးစိတ်ကျတဲ့အံ့သြဖွယ်လုပ်ဆောင်ချက်ကတော့ အဲ့ဒီနေရာမှာရှိတဲ့ ရေတွေကို ခပ်ထုတ်ပစ်တာဖြစ်ပါတယ်ဗျ။

ရေများသောနေရာတွင် ငါးမွေးမြူခြင်း
အပေါ်ကအဆင့်အတွေလုပ်တာတောင် ခြင်ပေါက်ဖွားမှုရှိနိုင်သေးတဲ့အတွက် ဒါကိုကာကွယ်ဖို့ ရေရှိတတ်တဲ့နေရာမှာ ငါးကို မွေးထားပါတယ်။
အိုလိုင်းယားငါး၊ ငါးကြင်း၊ ငါးကြင်းမြီးကွက်စတဲ့ငါးတွေကို မွေးထားပြီး သူတို့ဟာ ပိုးလောက်လန်းတွေကို စားတဲ့အတွက်ဖြစ်ပါတယ်။

ကြက်သွန်ဖြူအသုံးပြုခြင်း
နောက်ထပ် ခြင်တွေမပေါက်ပွားတာ သေချာဖို့အတွက် ကြက်သွန်ဖြူကို အသုံးပြုပုံရပါတယ်။
အသုံးပြုတဲ့ပမာဏကတော့ လူသားတွေတောင် သတိမထားမိလောက်တဲ့အနံ့ပမာဏဖြစ်ပေမယ့် ခြင်တွေကတော့ မနှစ်သက်ကြတဲ့ပုံပဲဗျ။
ဟုတ်ပါတယ် လူ့ခန္ဓာကိုယ်ပေါ်လည်း ဆိုးကျိုးတွေမရှိတဲ့အတွက် ဓာတုပစ္စည်းမသုံးတဲ့နည်းလမ်းနဲ့ ခြင်တွေမပေါက်ဖွားအောင် စီမံတာပဲဖြစ်ပါတယ်။

အခုနောက်ပိုင်း ပြောပြမယ့်နည်းလမ်းကတော့ နည်းနည်းကြောင်တောင်တောင်ဖြစ်နိုင်တယ်ဗျ။
အပေါ်ကနည်းတွေအရဆို ခြင်တွေမပေါက်ပွားတော့ပေမယ့် ခြင်တွေကို လုံးဝလုံးဝမရှိစေရအောင်၊ ပြီးတော့ အနှောက်အယှက်မဖြစ်စေရအောင် စီမံတာကတော့ Disney Land ရဲ့ ထူးခြားချက်လို့ဆိုရမှာပဲဗျာ။

ထောင်ချောက်တွင် ဖမ်းမိထားသောခြင်များကို အေးခဲထားခြင်း
ခြင်တွေဟာ လူသားတွေကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဆွဲဆောင်ခံရလေ့ရှိပါတယ်။
ဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်အတန်အသင့်ထုတ်လွှတ်တဲ့ထောင်ချောက်နဲ့ ခြင်တွေကို ဆွဲဆောင်ကာ ပတ်ဝန်းကျင်နဲ့ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်မှုမရှိစေဘဲ သုတ်သင်နိုင်ပြီး ရှင်သန်ဆဲဖြစ်တဲ့ ခြင်တွေကိုတော့ ဖမ်းလိုက်ပါတယ်။

အသက်ရှင်နေတဲ့ခြင်တွေကို အေးခဲထားပြီးတော့ သုသေတနအတွက် အသုံးပြုတယ်လို့လည်း ဆိုပါတယ်။

ခြင်ရှင်းလင်းရေးတာဝန်ခံဖြစ်သည့် ပန်းခြံထဲက တိရိစ္ဆာန်လေးများ
ပန်းခြံထဲမှာ ကြက်၊ ဘဲ၊ ဝမ်းဘဲစတာတွေလည်း ရှိပြီး ဒီသတ္တဝါတွေကလည်း ခြင်ထိန်းချုပ်ရေးမှာ အရေးကြီးတဲ့အခန်းခဏ္ဍကနေ ပါဝင်နေပါတယ်။
သူတို့ရဲ့ သွေးကို စစ်ဆေးပြီး ဇီကာအဖျားရောဂါ၊ ဝက်စ်နိုင်းလ် ဗိုင်းရပ်စ် (West Nile virus) စတဲ့ ခြင်ကတစ်ဆင့်ကူးစက်တဲ့ဗိုင်းရပ် ကူးစက်ခံရမှုရှိမရှိကို စစ်ဆေးကြပါတယ်။

ဒီလိုမျိုး Disney Land ကတော့ ကျွန်တော်တို့တွေးတောင် မတွေးမိတဲ့ နည်းလမ်းတွေနဲ့ ခြင်ပေါက်ပွားမှုကို ကာကွယ်ထားပါတယ်။
ဒါတွေကြောင့်ပဲ Disney Land ကို ပိုကြိုက်လာပြီး အဲ့ဒီမှာ သွားနေချင်စိတ်တောင် ဖြစ်မိသလိုပဲဗျ။
အပေါ်ကနည်းတွေထဲက ဘယ်နည်းလမ်းတွေကများ အိမ်မှာ အသုံးပြုနိုင်မယ်လို့ထင်လဲဗျ။ အဲ့ဒီနည်းလမ်းတွေနဲ့ ကျွန်တော်တို့အိမ်တွေမှာ စမ်းလုပ်ကြည့်ကြရင်ရော?

 

Kengo  Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: