ဂျပန်မှာရော ChatGPT ကို သုံးကြလား?

အွန်လိုင်းစစ်တမ်းတစ်ခုမှာ ဂျပန်နိုင်ငံက တက္ကသိုလ်ကျောင်းသား 32% ဟာ AI chatbot တစ်ခုဖြစ်တဲ့ ChatGPT ကို သုံးကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ စစ်တမ်းအရ အများစုက အတွေးအမြင်ကို တိုးတက်စေလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် သုံးဖြစ်တာလို့ ဆိုကြပါတယ်။

သိပ္ပံ၊ နည်းပညာ၊ စိုက်ပျိုးရေးအပိုင်းက ကျောင်းသားတွေက အသုံးအများဆုံးဖြစ်ပါတယ်။ ယောက်ျားလေးတွေက 44.8% နဲ့ မိန်းကလေးတွေက 27.1% ဆိုတဲ့ အချိုးအစားအတိုင်း အသုံးပြုနေတာဖြစ်ပါတယ်။

မေလ 24 ရက်ကနေ ဇွန်လ 2 ရက်နေ့ကြားထဲမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ကျောင်းသား 4000 ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ChatGPT ကိုသုံးတာကြောင့် ကျောင်းသားတွေရဲ့ အခက်တွေ့ချိန်မှာ တွေးတောနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်နေကြပါတယ်။

ကျောင်းကပေးတဲ့ လေ့ကျင့်ခန်းနဲ့ report ရေးဖို့ ChatGPT ကို သုံးနေကြသူတွေလည်း ရှိပါတယ်။ ChatGPT ကိုသုံးတာ အကောင်းဘက်ရောက်လား၊ အဆိုးဘက်ရောက်လားဆိုပြီး မေးကြည့်တဲ့အခါမှာ 70.7% က အကောင်းဘက်ရောက်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီစစ်တမ်းကိုကြည့်ပြီး ကျောင်းစာအတွက် AI tool ကိုသုံးနေတာက မဖြစ်သင့်ဘူး၊ တခြားကျောင်းသားတွေအတွက် မမျှတဘူးလို့ မှတ်ချက်ပေးကြသူတွေလည်းရှိပါတယ်။

Tohoku University က ပါမောက္ခ Fujio Omori ကတော့ စစ်တမ်းကိုကြည့်ခြင်းအားဖြင့် ကျောင်းသားတွေက ChatGPT ကရလာတဲ့ အချက်အလက်တွေကို ဖတ်ပြီး၊ ကိုယ်တိုင်လည်း စဉ်းစားနေကြပါတယ်” လို့ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ကူးချနေတာမျိုးကိုလည်း စိုးရိမ်ရတာကြောင့် အတန်းချိန်ပြင်ပမှာ စာနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတာမျိုး လုံးဝရပ်တန့်လိုက်ပြီး၊ “အတန်းထဲမှာပဲ ChatGPT ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတာကို လေ့လာနေသင့်တယ်” လို့ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ OpenAI ဆိုတဲ့ နည်းပညာကုမ္ပဏီက ဖန်တီးထားတဲ့ ChatGPT ဆိုတဲ့ AI tool ကို အင်တာနက်ပေါ်က မရေတွက်နိုင်တဲ့ ဒေတာများစွာကိုသုံးပြီး လေ့ကျင့်ပေးထားကာ လူသားတစ်ယောက်နဲ့ စကားပြောနေရသလို ဖြစ်စေဖို့ ဖန်တီးထားပါတယ်။ အသုံးပြုသူ မေးလာတဲ့ မေးခွန်းနဲ့ ညွှန်ကြားချက်အပေါ်မူတည်ပြီး ပြန်ဖြေတတ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: