ဆောင်းဦးရောက်ပြီ! အပြင်ထွက်ပြီး ဒွန်းဂုရိ လေးတွေကောက်ပြီး ကစားရအောင်

အောက်တိုဘာလထဲရောက်လာပါပြီ။

ပူတော့ပူနေသေးပေမယ့်၊ နွေရာသီလိုမျိုး အိုက်စပ်နေအောင် ပူတာမျိုးမဟုတ်ဘဲ၊ မနက်အစောနဲ့ ညတွေမှာ ခပ်အေးအေးလေး ဖြစ်လာပြီ။

တစ်နှစ်လုံးမှာ နေလို့ထိုင်လို့အကောင်းဆုံး ရာသီကိုပြောပါဆိုရင် အခုအချိန်ကိုပဲ ပြောရမယ်ထင်တယ်။

သစ်ရွက်လေးတွေက အရောင်စပြောင်းလာပြီး၊ မြို့တွေမှာဆို နောက်တစ်လလောက်နေရင် အရမ်းကိုလှပတဲ့ ဆောင်းဦးရွက်ဝါ(မိုမိဂျိ)လေးတွေကို မြင်ရပါတော့မယ်။

 

ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ ‌ဆောင်းဦးမှာဆော့ရတဲ့ ပျော်စရာကစားနည်းလေးကို အားလုံးကိုပြောပြချင်လို့ပါ။

အဲ့တာကတော့ ဒွန်းဂုရိ လေးတွေနဲ့ ဆော့တာပါပဲ။

 

ဒွန်းဂုရိ ဆိုတာက အခွံမာသီးလေးတွေကို ခေါ်တာပါ။ Beech မျိုးနွယ်ပင်တွေက သီးတဲ့ အသီးပြောင်ပြောင်လေးတွေက ဒီလိုပုံရှိပြီး၊ ဂျပန်မှာ အမျိုးအစား ၂၀လောက်ရှိပါတယ်။

ကြည့်လိုက်တာနဲ့ အရမ်း ချစ်ဖို့ကောင်းနေတာ။

 

ဒီ ဒွန်းဂုရိ လေးတွေကို အခုတော့ စားတာမျိုး သိပ်မရှိတော့ပေမယ့်၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ဂျပန်မှာ စားစရာအနေနဲ့ ရိတ်သိမ်းတာမျိုးတွေတောင် ရှိပြီး၊ ဂျပန်တစ်နိုင်ငံလုံးမှာ ဒီအပင်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။

 

ပန်းခြံတွေမှာလည်း ကြွေကျနေတတ်တဲ့ ဒွန်းဂုရိ လေးတွေကို ကောက်ပြီး အိမ်ပြန်ရင် ဘယ်သူမှအပြစ်မပြောကြပါဘူး။

ဒါလေးတွေနဲ့ အမျိုးမျိုးကစားလို့ရပါတယ်။

ပိုက်ဆံလည်းမကုန်တာကြောင့် ကလေးလေးတွေလည်း ဆော့ကြပါတယ်။ ဘယ်လိုဆော့ရလဲဆိုတာ ပြောပြပါမယ်နော်။

 

ဒွန်းဂုရိဂျင်

https://45mix.net/donguri_koma/

 

လိုတာက ဖောက်အပ်အသေး (အပေါက်ဖောက်ကိရိယာ) နဲ့၊ သွားကြားထိုးတံ၊ ဒွန်းဂုရိတို့ပဲ ဖြစ်ပါတယ်။

 

အရင်ဆုံး ကောက်လာတဲ့ ဒွန်းဂုရိ လေးတွေကို ဆေးပြီး၊ ရေနွေးငွေ့စက်ထဲမှာ ပေါင်းလိုက်ပါ။

အဲ့ဒီလိုလုပ်လိုက်ရင် အထဲမှာရှိနေတဲ့ ပိုးမွှားတွေကိုဖယ်ရှားပြီးသား ဖြစ်သွားပြီး၊ ဒွန်းဂုရိ လေးတွေလည်း ပျော့သွားတာကြောင့် ပုံသွင်းရလွယ်ပါတယ်။

တခြား ဘယ်လိုနည်းနဲ့ ကစားပါစေ အရင်ဆုံး ဒါကိုတော့လုပ်ပေးပါ။

မလုပ်ဘဲထားရင် ပြီးတော့မှ အကောင်တွေထွက်လာရင် လန့်သွားမှာစိုးလို့ပါ။

 

ပြီးရင်တော့ လွယ်လွယ်လေးပါ။၊ ဒွန်းဂုရိရဲ့ ဖင်ပိုင်း (ချွန်မနေတဲ့ဘက်) မှအပေါက်ဖောက်ပြီး သွားကြားထိုးတံစိုက်လိုက်ပါ၊ အရမ်းရှည်နေရင် ဖြတ်လိုက်လို့လည်း ရပါတယ်။

ပြီးရင် မှင်စိုလေးတွေသုံးပြီး အရောင်လှလှလေးတွေ ခြယ်လိုက်ပါ။

လက်ထိပ်လေးတဲ့ ကိုင်ပြီး လှည့်ဆော့ရုံပါပဲ။

 

အရေးကြီးတဲ့ အချက် ၂ချက်ကတော့

အရွယ်အစား ညီတဲ့ပုံရှိတဲ့ ဒွန်းဂုရိ လေးတွေကို ကောက်ခဲ့ဖို့နဲ့၊

သွားကြားထိုးတံကို အလယ်တည့်တည့်မှာ စိုက်ဖို့ပဲဖြစ်ပါတယ်။

ဒီလိုလုပ်ရတာက တော်တော်လေးလက်ဝင်ပြီး၊ ကိုယ်လုပ်ထားတဲ့ ဂျင်လေးကောင်းကောင်း လှလှပပလေး လည်နေရင် အရမ်းပျော်ဖို့ကောင်းပါတယ်။

 

ဒွန်းဂုရိ လူရုပ်လေးတွေ

 

https://iko-yo.net/articles/649

 

ဒီအတိုင်းတောင် ချစ်စရာကောင်းနေတဲ့ ဒွန်းဂုရိ လေးတွေကို ပိုပြီးချစ်ဖို့ကောင်းသွားအောင်၊ ရောင်စုံ‌ဆော့ပန်နဲ့ မျက်နှာပုံလေးတွေ ဆွဲရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။

ထပ်ပြီး ချစ်ဖို့ကောင်းသွားအောင် သက္ကလပ်စလေးတွေနဲ့ အဝတ်လေးတွေ ချုပ်ပေးလို့ရပါတယ်။

ဒွန်းဂုရိ ‌လေးတွေ ထောင်ထောင်လေးဖြစ်နေအောင် အောက်ခြေကို ပြားပြီးညီနေအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။

ဒွန်းဂုရိလေးတွေကို ပေါင်းပြီး အရုပ်လုပ်ရတာလည်း အရမ်းပျော်ဖို့ကောင်းပါတယ်။

ဒွန်းဂုရိ bowling

အားလုံးသိကြတဲ့ bowling

ကိုရိုနာကြောင့် လူစည်တဲ့နေရာတွေ မသွားချင်တဲ့သူတွေအတွက် ဒီလိုလေးလုပ်လိုက်ရင် အေးအေးဆေးဆေး bowling ကစားလို့ ရသွားပြီနော်။

Pin လေးတွေကို အောက်ခြေပြားပြားလေးလုပ်ထားရပါမယ်။

ပစ်ရမယ့် အလုံးကိုတော့ ဝိုင်းနေအောင် လုပ်ထားတာလေးကို ရွေးလိုက်ပါ။

ဂေါ်လီလုံးလေးတွေလည်း ဂျပန်မှာရှိလို့ အဲ့တာနဲ့လည်း ပစ်လို့ရပါတယ်။

 

ယဂျိရို့ဘဲ

https://45mix.net/donguri_yajirobe/

 

နှစ်ဖက်ညီအောင်လုပ်ရတဲ့ လူပုံအရုပ်ကလေးကို ဂျပန်မှာ ယဂျိရို့ဘဲ လို့ခေါ်ပါတယ်။

ဒွန်းဂုရိနဲ့ သစ်ကိုင်းခြောက်လေးတွေသုံးပြီး လုပ်လို့ရပါတယ်။

ဘက်ညီအောင်လုပ်ရတာ အရမ်းခက်ပေမယ့်၊ ကလေးလေးတွေအတွက် ဘယ်ညာညီညာမှုကို လေ့လာရာရောက်လို့ ကောင်းမယ်ထင်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီမှာ ပန်းခြံတွေထဲမှာ ဒီလိုပျော်ဖို့ကောင်းတဲ့ ကစားနည်းလေးတွေ ဆော့လို့ရတဲ့ အသီးလေးတွေ အများကြီးကြွေကျနေတတ်ပါတယ်။

လိုသလောက်ကောက်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားကြည့်ပါနော်။

 

အော် ဟုတ်သားပဲ!

ပေါင်းခံဖို့ မေ့သွားရင် အရုပ်လုပ်နေတုန်း အကောင်တွေထွက်လာတတ်လို့ တစ်အိမ်လုံး လန့်ကုန်ကြမှာစိုးလို့၊ မမေ့နဲ့နော်!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: