အသက်ကိုစတေးထားပြီး အမှန်ကိုပြောခဲ့သူ !!!

ဆာမူရိုင်းခေတ်က အထက်လူကြီးကိုထောက်ပြတယ်ဆိုတာက သေမင်းတမာန်ရဲ့အနီးကိုရောက်သွားသလိုပါပဲ
ဒါပေမဲ့လည်း သေခြင်းအတွက်ပြင်ဆင်ပြီး အယူခံဝင်တယ်ဆိုတဲ့အထိတောင် သခင်အပေါ်ချစ်တဲ့ ငယ်သားတစ်ယောက်ရှိခဲ့ပါတယ်။
အချစ်ရဲ့ ဆန့်ကျင်ဘက်က အမုန်းမဟုတ်ပါဘူး။ ချစ်တတ်သူတွေရဲ့ အပြုအမူတွေကိုကြည့်လိုက်ရအောင်…

 

ရုတ်တရက်ဖြစ်ပေမဲ့လည်း၊ စာဖတ်သူတို့ကိုတစ်ခုလောက်မေးကြည့်မယ်..
“ အချစ်” ရဲ့ဆန့်ကျင်ဘက်စကားလုံးကို ဘယ်လိုနားလည်ကြသလဲ?

“ အမုန်း” ?

အဖြေကတော့ မဟုတ်ပါဘူး။
အချစ်ရဲ့ ဆန့်ကျင်ဘက်စကားလုံးက “ စိတ်ကုန်သွားခြင်း” ပဲဖြစ်ပါတယ်။
စာဖတ်သူတို့ရဲ့ အဖေနဲ့အမေကလည်း၊ စာဖတ်သူတို့ကို သူတို့ရဲ့မျက်စိနဲ့မတွေ့တာနဲ့ ချက်ချင်းပြောတယ်၊ နောက်ပြီး ဆူတာမျိုးတွေလည်းရှိတယ်မဟုတ်လား?
ဒါဟာမုန်းလို့မဟုတ်ဘဲ၊ အရမ်းချစ်လို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့သားသမီးကို အရမ်းချစ်တဲ့အတွက်၊ မကောင်းတဲ့အမူအကျင့်တွေကိုပြင်ပေးချင်တဲ့သဘောနဲ့ အသေးစိပ်ကအစ လိုက်ပြောနေတာလို့ထင်ပါတယ်။
ဒါပေမဲ့လည်း အပြောခံရသူဘက်ကတော့ ဘယ်ပျော်နိုင်မလဲနော် ?

ဒါကအရင်အချိန်တုန်းကလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။

အရင်တုန်းကဂျပန်နိုင်ငံမှာ နေရာအသီးသီးကတိုင်းပြည်ငယ်လေးတွေလိုကွဲနေပြီးတော့ အဲ့ဒါတွေကိုပေါင်းစည်းထားတဲ့ပုံစံအဖြစ်ဂျပန်နိုင်ငံဟာ တည်ရှိခဲ့ပါတယ်။
တိုင်းပြည်ငယ်အသီးသီးကိုအုပ်ချုပ်နေတာကတော့ ဆာမူရိုင်းတွေရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ်။  ဆာမူရိုင်းသခင်ကြီးတွေကို 殿様 Tonosama လို့ခေါ်ပါတယ်။
သူ့မှာ အခွင့်အာဏာအပြည့်ရှိပြီး၊ အဲ့ဒီအာဏာတွေကလည်း သူ့ရဲ့ကလေးတွေဆီကိုသက်‌ရောက်ပါတယ်။
အဲ့ဒါနဲ့ပဲ သူရဲ့ကလေးတွေဟာ ဖြောင့်မတ်မှန်ကန်စွာပြုစုပျိုးထောင်ခြင်းမခံရဘဲ၊ သူ့လိုပဲတစ်ကိုယ်ကောင်းဆန်တဲ့ 殿様 Tonosama အဖြစ်ရောက်ရှိလာပြီး၊ တိုင်းသူပြည်သားတွေအပေါ် ဒုက္ခတွေပေးသူတွေဖြစ်လာပါတော့တယ်။

ငွေဝယ်ကျွန်တွေက သူ့ကိုသတိပေးတာတို့၊ အကောင်းပြောပြတာတို့ကို ခွင့်လွှတ်ဖို့နေနေသာသာ၊ သူ့ရဲ့ အမျက်တော်ရှပြီဆိုရင် 切腹တောင် လုပ်ခိုင်းပါတော့တယ်။

 

 

ဘာမှမပြောဘဲ တိတ်တိတ်လေးနေမယ်ဆိုရင်ရပေမဲ့၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆာမူရိုင်းသခင်ကြီးအဖြစ်ကြီးပြင်လာဖို့ဆန္ဒရှိတဲ့အတွက် ကိုယ့်ရဲ့အသက်ကိုတောင်မငဲ့ကွက်တော့ဘဲ အယူခံဝင်ကြတဲ့တကယ်ကို မေတ္တာ၊သစ္စာရှိတဲ့ ဆာမူရိုင်းလက်အောက်ငယ်သားတွေလည်း ရှိခဲ့ပါတယ်။

 

ဒီနေ့ အဲ့ဒီလိုမေတ္တာကြီးတဲ့ဆာမူရိုင်းတစ်ယောက်အကြောင်းကို ပြောပြပေးမယ်။
သူကတော့ 鈴木久三郎(すずき口きゅうざぶろう)Suzuki Kyuzaburo ဆိုသူပဲဖြစ်ပါတယ်။

 

အဲ့ဒီအချိန် သူဟာ 徳川家康 Tokugawa Ieyasu လို့ခေါ်တဲ့ ဆာမူရိုင်းသခင်ကြီးရဲ့ လက်အောက်ငယ်သားတစ်ဦးဖြစ်ပါတယ်။

 

徳川家康 Tokugawa Ieyasu ဆာမူရိုင်းသခင်ကြီး ဟာ အရင်ကနဲ့မတူတော့ဘဲ၊ တိုင်းသူပြည်သားတွေရဲ့ စကားသံကိုကောင်းကောင်းနားထောင်ပေးပြီး၊ သူ့ကိုလည်းချစ်ခင်လာကြတဲ့သူတွေများလာတဲ့အတွက် သူဟာဂျပန်မှာထိပ်တန်းနေရာကိုဝင်သွားခဲ့ပါတယ်။
သို့သော် အရင်တုန်းကတော့အဲ့ဒီလို မဟုတ်ပါဘူး။

 

သူ့ပြောင်းလဲလာခဲ့ပုံကတော့…

徳川家康Tokugawa Ieyasu က  ငါးကြင်းအကြီးကြီးတွေကိုမွေးခဲ့ပါတယ်။
ခမ်းနားတဲ့ သူ့ရဲ့ထမင်းစားပွဲအတွက်ပေါ့။

ဒါနဲ့ သူဟာ ငါးကြင်း ၃ကောင်ထဲမှာ ၁ကောင်ကိုပျောက်နေတာကို သတိထားမိခဲ့တယ်။
လိုက်မေးကြည့်လိုက်တဲ့အခါမှာတော့၊ 鈴木久三郎 Suzuki Kyuzaburo က စားလိုက်တယ်ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် 徳川家康Tokugawa Ieyasu တစ်ယောက် ‌ဒေါသငယ်ထိပ်ရောက်သွားပါတော့တယ်။

 

久三郎 Kyuzaburo ကိုခေါ်လိုက်ပြီး၊ အမျက်တော်ကို သွန်းလောင်းပါလေရော..
久三郎 Kyuzaburo ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဒီလိုပြန်ပြောခဲ့ပါတယ်။

“ စိတ်ပြင်ဆင်ပြီးလာခဲ့ပါတယ်။ သတ်ပစ်နိုင်ပါတယ်။
ဒါပေမဲ့၊ အရင်ဦးဆုံး ငါးကလေ၊ ငှက်ကလေးတွေရဲ့အသက်နေရာမှာ၊ လူသားတစ်ယောက်ရဲ့အသက်ကိုအစားထိုးလိုက်တာက၊ သင့်မြတ်တဲ့အလုပ်ဖြစ်ပါသလား?
အဲ့ဒီလိုနှလုံးသားမျိုးနဲ့ တစ်တိုင်းပြည်လုံးကို သိမ်းပိုက်မည်မဟုတ်ကြောင်းပါ……”

 

ဆိုပြီး သခင်ကြီးထံ အယူခံဝင်ခဲ့ပါတယ်။

တစ်တိုင်းပြည်လုံးကို သိမ်းပိုက်နိုင်တယ်ဆိုတာ၊ ဂျပန်ရဲ့အာဏာအရှိဆုံးနေရာကိုရောက်ရှိခြင်းပဲဖြစ်ပါတယ်။
ဒီကိစ္စမဖြစ်ခင်မှာပဲ 家康 Ieyasu ဟာသူရဲ့လက်အောက်ငယ်သား ၂ ယောက်ကို သေဒဏ်အတွက် အမိန့်ထုတ်ခဲ့ပြီးပြီဖြစ်ပါတယ်။
အကြောင်းကတော့ အမဲမလိုက်ရနေရာမှာ ငှက်ကိုဖမ်းခဲ့လို့ပါတဲ့…
ဒါလေးကြောင့်ပါပဲ..

အဲ့ဒီငယ်သား ၂ ယောက်ဟာ သေဒဏ်လာပေးမှာကို ထောင်ထဲမှာစောင့်နေကြတုန်းဖြစ်ပါတယ်။

အဲ့ဒီလိုအသေးအမွှားကိစ္စလေးနဲ့ ချက်ချင်းငယ်သားတွေကိုသတ်ပစ်မယ်ဆိုတာက အမြင့်ဆုံးနေရာရောက်ဖို့ အားနည်းချက်တစ်ခုပါပဲ။
ပိုပြီးကြီးမြင့်တဲ့နေရာရောက်ဖို့ဆိုရင် အရာအားလုံးကိုသေသေချာချာ ဟာကွက်မရှိအောင်လေ့လာစိစစ်ရမှာပဲဖြစ်ပါတယ်။

久三郎Kyuzaburo ဟာ家康Ieyasu သခင်ကြီးဆီကို သူ့ရဲ့အသက်ကိုတောင်စတေးထားပြီး ဒီအကြောင်းအရာကိုပြောပြဖို့၊ တမင်သက်သက် ငါးကြင်းကိုစားလိုက်တဲ့ပုံပါပဲ…

ဒီအကြောင်းကြောင့်ပဲ 家康Ieyasu ဟာ သူကိုယ်တိုင်၊ ငယ်သားတွေနဲ့တိုင်းသူပြည်သားတွေရဲ့ ထင်မြင်ချက်တွေကို သေသေချာချာနားထောင်တတ်လာပြီး၊ သူ့လက်အောက်မှာရှိနေတဲ့လူအားလုံးရဲ့ ယုံကြည်မှုကိုရရှိလိုက်ပြီး သူပိုင်တဲ့ဧရိယာတစ်ခုလုံးကိုအုပ်ချုပ်ခွင့်အာဏာအပြည့်အဝရရှိလိုက်ပါတော့တယ်။
ဂျပန်ရဲ့အမြင့်ဆုံးနေရာကနေအုပ်ချုပ်ခွင့် နှစ်ပေါင်း ၃၀၀တိုင်တိုင် ဆက်လက်တည်တံ့သွားခဲ့ပါတယ်…


ရည်ရွယ်ချက်ကိုနားလည်သွားပြီး ချက်ချင်းပဲလက်တွေ့လုပ်ဆောင်ခဲ့တဲ့ 家康သခင်ကြီးဟာ အရမ်းကိုမြင့်မြတ်ပေမဲ့၊ ကိုယ်တိုင်အသတ်ခံရနိုင်ချေရှိတာတောင်မှ စိတ်ပြင်ဆင်ပြီ၊ ပြောဖို့ခက်ခဲတဲ့စကားတွေကို သတ္တိရှိရှိပြောခဲ့တဲ့ 久三郎Kyuzaburo ရဲ့သခင်ကြီးအပေါ်ချစ်တဲ့စိတ်က ပိုပြီးကြီးမြတ်ပါတယ်။

ဒါကြောင့် စာဖတ်သူတို့ရဲ့ မိဘ၊ ချစ်သူ၊ အထက်လူကြီးကဆိုဆုံးမတဲ့စကားကိုနားထောင်ကြည့်ပါ။
ဒါတင်မကသေးဘူး ကိုယ်ကအထက်လူကြီးဖြစ်ခဲ့မယ်ဆိုရင် ငယ်သားတွေရဲ့ ထင်မြင်ယူဆချက်ကိုလည်း
နားထောင်ပေးတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ကြောင်း..ပြောပြပေးလိုက်ပါတယ်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: