လူ ၁၃၀ ကိုသတ်ခဲ့သူကိုမှ ချစ်မိသွားတဲ့ Oiran လေးတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်

ထိုအချိန်ကအဲဒိုမြို့ဟာ ကမ္ဘာ့လူဦးရေအများဆုံး ထိပ်တန်းစာရင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်။ မျက်မှောက်ခေတ်တိုကျို၊ ထိုအချိန်က အချက်အချာကျတဲ့မြို့လယ်ခေါင်ကိုသာလျှင် အဲဒိုလိုခေါ်ခဲ့ကြပေမဲ့၊ ဒီလောက်လူတွေရှိမယ်ဆိုရင် မိန်းမလှတွေလည်း အများကြီးရှိနေမှာသေချာပါတယ်။
ဒီအထဲမှာလည်း အလှဆုံးမိန်းကလေးဟာ Oiran ဆိုပြီးဖြစ်လာပါတယ်။ Oiran ဆိုတာကတော့ ဒီနေ့ခေတ်နဲ့ပြောရရင် ပြည့်တန်ဆာအလုပ်လုပ်တဲ့ အမျိုးသမီးဝင်တစ်ယောက်ပေါ့…။ ဒါပေမဲ့ သာမန်ပြည့်တန်ဆာတွေနဲ့မတူဘဲ၊ ထိပ်ဆုံးမှာရှိတဲ့ Oiran ဟာ အဲဒိုမြို့သူမြို့သားတွေအားလုံးရဲ့ အားကျပြီး အိပ်မက်မက်ရတဲ့အမျိုးသမီးဖြစ်ခဲ့ပါတယ်။

ဒီတစ်ခေါက်ပြောပြမယ့် အလှဆုံးစာရင်းဝင် Oiran ကတော့ 小紫(こむらさき) ခိုမုရာဆခိ ဆိုတဲ့မိန်းကလေးပဲဖြစ်ပါတယ်။

ဒီမိန်းကလေး ချစ်မိသွားတဲ့ယောကျ်ားကတော့ 平井権八(ひらい ごんぱち) ဟိရအိ ဂွန်ပချိ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကတော့….

ခိုမုရာဆခိဟာ ဂျပန်သီချင်းကို ကျွမ်းကျင်ပါးနပ်စွာသီဆိုနိုင်ပြီး သဘောကောင်းတဲ့ မိန်းကလေးဖြစ်တယ်လို့ ပြောကြပါတယ်။
ဂျပန်သီချင်းဆိုတာ သတ်မှတ်ထားတဲ့စာလုံးရေအတိုင်း လှပတဲ့စကားလုံးလေးတွေသီကုံးပြီး ဖော်ပြတဲ့ဂျပန်စတိုင် ကဗျာဖြစ်ပါတယ်။ဒါကိုသီဆိုနိုင်ခြင်းဟာ ထူးချွန်ထက်မြက်မှုတစ်ခုလို သတ်မှတ်ခဲ့ကြပါတယ်။

ယောက်ျားပေါင်းများစွာကို စွဲဆောင်နိုင်စွမ်းရှိတဲ့ ခိုမုရာဆခိဟာ တစ်ဖြည်းဖြည်းနဲ့ အဲဒိုရဲ့ ထိပ်ဆုံး Oiran တစ်ယောက်ဖြစ်လာပါတော့တယ်။ Oiran ဖြစ်လာတယ်ဆိုပေမဲ့လည်း ခန္ဓာကိုယ်ရောင်းစားပြီး အလုပ်လုပ်နေရတုန်းပါပဲ။
လွတ်လပ်စွာချစ်ကြိုက်ခွင့်၊ ပြောင်းရွေ့ခွင့်များမရှိခြင်းဟာ သူမတို့ကိုချည်နှောင်ထားတဲ့ ဝမ်းနည်းစရာဥပဒေဖြစ်ပါတယ်။

အဲ့ဒီလိုသူမနဲ့ နောင်ဘဝမှာပြန်ဆုံတွေ့ဖို့ ကတိသစ္စာပြုခဲ့တာကတော့ ဟိရအိ ဂွန်ပချိ ပဲဖြစ်ပါတယ်။
သာမန်ဆာမူရိုင်းတစ်ယောက်သာဖြစ်တဲ့ ဟိရအိ ဟာ ခိုမုရာဆခိ ကိုတွေ့ဖို့ ပိုက်ဆံအလုံအလောက်မရှာနိုင်ဘဲ၊ ဓါးပြတိုက်ခြင်းနဲ့ 辻斬りကိုသာလုပ်ပြီး၊ လူပေါင်း ၁၃၀ ကိုသတ်ခဲ့ပါတယ်။ 辻斬り(ဆုဂျိအိုရိ) ဆိုတာကတော့ ညဘက်လမ်းကြိုလမ်းကြားတွေမှာ ရုတ်တရက်ဓါးနဲ့တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကိုဆိုလိုပါတယ်။

ဒီလိုမကောင်းမှုဒုစရိုက်ဟာ ကြာကြာမခံဘဲ ဟိရအိ တစ်ယောက်အဖမ်းခံရပြီး သေဒဏ်ပေးခံရလိုက်ပါတော့တယ်။ဒီသတင်းကိုကြားသွားတဲ့ ခိုမုရာဆခိဟာ ဝမ်းနည်းပလက်ဖြစ်သွားရပါတယ်။

ထိုနယ်မြေမှာရှိတဲ့ အာဏာရှင်ဟာ ခိုမုရာဆခိ ကို စာချုပ်ချုပ်မယ့်အကြောင်း ပြောလာခဲ့တယ်။ ဒီစာချုပ်ဆိုတာကတော့ ခိုမုရာဆခိ ကို ငွေအများကြီးနဲ့ပေးဝယ်တယ် ဆိုတဲ့အဓိပ္ပါယ်ပါ။ ပုံမှန်အားဖြင့် ဒီလိုပြည့်တန်ဆာအမျိုးသမီးတွေရဲ့ အိပ်မက်ပန်းတိုင်တစ်ခုက သူမတို့ကိုပိုက်ဆံပေးပြီးဝယ်မယ့် ကယ်တင်ရှင်ကိုမျှော်လင့်ကြတဲ့အတွက် ဒီကိစ္စဟာ ဝမ်းသာစရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဂွန်ပချိ နဲ့ နောင်ဘဝပြန်ဆုံဖို့ကတိပြုထားတဲ့ ခိုမုရာဆခိ အတွက်ကတော့ ဝမ်းသာစရာကိစ္စတစ်ခု မဖြစ်ခဲ့ပါဘူး။

ရင်ကွဲနာကျနေတဲ့ ခိုမုရာဆခိဟာ သူမကိုဝယ်ယူမယ့်နေ့မှာပဲ ဂွန်ပချိ ရဲ့အုပ်ဂူရှေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။

ဒီကြေကွဲစရာအချစ်ဇာတ်လမ်းလေးကို သိသွားကြတဲ့ထိုအချိန်ကာလကလူတွေဟာ ဂွန်ပချိ နဲ့ ခိုမုရာဆခိ တို့နှစ်ဦးအတွက် 比翼塚(ひよくづか) ဟိရောခုဇုက ကိုလုပ်ပေးခဲ့ကြပါတယ်။ 比翼塚 ဟိရောခုဇုက ဆိုတာကတော့ အတူပေါင်းဖက်ခွင့်မရဘဲ သေဆုံးသွားကြတဲ့ချစ်သူနှစ်ဦးကို အတူမြှုပ်နှံတဲ့အုပ်ဂူဖြစ်ပြီး၊ ရှေးဂျပန်ခေတ်ကတည်းကရှိခဲ့တဲ့ အုပ်ဂူအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာလည်း တိုကျို Meguro ရပ်ကွက်မှာရှိတဲ့ Meguro Fudoson ဘုရားကျောင်းရဲ့ဝင်ပေါက်အရှေ့မှာ ဒီ ဟိရောခုဇုက ကိုတွေ့နိုင်ပါတယ်။ ဒီအပြင် Kabuki နဲ့ ဟာသပြဇာတ်Kyōgen (狂言) ၊ ဂျပန်ရုပ်သေးရုပ် 浄瑠璃 စတဲ့ပုံစံများနဲ့ ဇာတ်လမ်းအကြောင်းအရာကို လက်ဆင့်ကမ်းခဲ့ပြီး၊ ယနေ့ခေတ်တိုင် နာမည်ကြီးပြဇာတ်တစ်ပုဒ် ဖြစ်လျှက်ရှိပါတယ်။

権八小紫物(ごんぱち こむらさきもの)ဂွန်ပချိခိုမုရာဆခိမိုနို ဆိုတဲ့နာမည်နဲ့ ပြဇာတ်ကိုတွေ့ခဲ့ရင် သေချာပေါက်ကြည့်ကြည့်ပါ။…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: