ဂျပန်လူမျိုးတွေရဲ့ရှေးနေထိုင်မှုဘဝ ဘယ်လိုပုံစံမျိုးရှိခဲ့သလဲ? တစ်ရွာလုံးကို ရုပ်လုံးပြန်ဖော်ခဲ့တဲ့ Shikoku Mura ပြတိုက်။

ရှေးတုန်းကဂျပန်လူမျိုးတွေဟာ ဘယ်လိုနေထိုင်ခဲ့ကြသလဲ?
အထူးသဖြင့် နယ်ဘက်ကျေးလက်ဒေသလို နေထိုင်ပုံမျိုးဟာ ရုပ်ရှင်တွေထဲမှတော့ သိပ်ပြီးတွေ့ရလေ့မရှိတဲ့အတွက် ဘယ်လိုနေထိုင်ကြသလဲဆိုတာကို အများအားဖြင့်မသိကြပါဘူး။
ကျေးလက်ဒေသမှာနေထိုင်တဲ့ လယ်သမားတွေရဲ့ ဖြတ်သန်းခဲ့ကြတဲ့ဘဝပုံစံကို ပြုပြင်ခြင်းမရှိဘဲ မူလအတိုင်းပြန်လည်ဖော်ဆောင်ပေးထားတဲ့ ပြတိုက်ဟာ Shikoku ဒေသရှိ Kagawa စီရင်စုမှာ တည်ရှိပါတယ်။

ဒီနေရာလေးကို 四国村 Shikoku ရွာလို့နာမည်ပေးထားပြီး၊ ဒီနေရာမှာတည်ရှိတဲ့အဆောက်အဦးအများစုက နေရာပြောင်းရွှေ့ထားတဲ့ အိမ်တွေဖြစ်ကြပါတယ်။ ဟုတ်ပါတယ် နေရာပြောင်းသွားပေမဲ့ အများစုက အမှန်တကယ်အသုံးပြုခဲ့ကြတဲ့ အိမ်တွေဖြစ်ပါတယ်။ ဂျပန်ရဲ့ ကျေးလက်ဒေသနေထိုင်မှုဘဝကို လည်ပတ်ကြည့်ရအောင်…

ဝင်ပေါက်ကိုဝင်လိုက်တာနဲ့ ပထမဆုံးတွေ့ရမှာကတော့ ကြိုးတံတားဖြစ်ပါတယ်။

နွယ်ပင်နဲ့ဖန်တီးထားတဲ့ကြိုးတံတားဖြစ်ပေမဲ့၊ ဘေးကင်းလုံခြုံစေဖို့အတွက် နွယ်ပင်အလယ်မှာ သတ္တုဝါယာကြိုးကိုထည့်သွင်းထားပါတယ်။ ဒီကြိုးတံတားက ထင်တာထက်ကို တော်တော်လေးလှုပ်ပါတယ်။
ကြောက်ကြောက်လန့်လန့်နဲ့တံတားကူးသွားတဲ့အခါ တစ်ဖက်ကမ်းမှာ ရှေးခေတ်ဂျပန်ရဲ့သဘာဝရှုမျှော်ခင်းက စောင့်လို့ကြိုနေပါတယ်။

ဂျပန်ကျေးလက်ဒေသရှိ အိမ်ကလေးတွေဟာ အခြေခံအားဖြင့် မြေသားနံရံပေါ်မှာ သက်ကယ်အမိုးကို မိုးထားကြပါတယ်။

မြေသားနံရံဟာ အစိုဓာတ်ကိုစုပ်ယူပေးပြီး၊ သက်ကယ်အမိုးကတော့ မိုးကိုဖောက်ထွင်းစေခြင်းမရှိဘဲ အစိုဓါတ်ကိုဖယ်ရှားပေးပါတယ်။ ဒီအပြင်အိမ်ထဲမှာ ထမင်း၊ဟင်းချက်ပြုတ်တဲ့အချိန် ထွက်လာတဲ့မီးခိုးငွေ့ဟာလည်း အလိုက်သင့်လေးအပြင်ကို ပြန်ထွက်သွားပါတယ်။

အတွင်းတည်ဆောက်ပုံကတော့ ဒီလိုပုံစံမျိုးရှိပါတယ်။

အတွင်းပိုင်းမှာ Tatami ဖျာတွေနဲ့ထိုင်ကြပါတယ်။
အရှေ့ပိုင်းမျက်နှာစာကတော့ သစ်သားကြမ်းခင်းဖြစ်တယ်။ မျက်နှာကြက်အမြင့်ကိုမှ သက်ကယ်နဲ့မိုးထားခြင်းဖြင့် လေဖြတ်သန်းဝင်ရောက်နိုင်ပေမဲ့၊ ရေတော့မစိမ့်နိုင်တဲ့ တည်ဆောက်ပုံမျိုးဖြစ်ပါတယ်။

ဒီအပြင် အပူလျှပ်ကာဂုဏ်သတ္တိမြင့်သလို၊ အပူကာနိုင်စွမ်းမြင့်မားတဲ့အတွက်၊ နွေရာသီမှာအေးမြပြီး၊ ဆောင်းရာသီမှာ ထင်တာထက်ကို အနွေးဓါတ်ပေးတဲ့ ထူးခြားချက်မျိုးရှိပါတယ်။
လေအေးပေးစက်မရှိသေးတဲ့ခေတ်မှာ ဒါဟာအကောင်းဆုံး အကျိုးပြုပေးတဲ့အရာပါပဲ။

ဒါကတော့ အိမ်ရဲ့အရှေ့မျက်နှာစာမှာ ကျောက်တုံးတွေနဲ့ လှေကားထစ်လုပ်ထားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။
ဒီနေရာမှာ Kabuki ပြဇာတ် ကခဲ့ကြပုံရပါတယ်။

ကျေးလက်ဒေသရဲ့ ဖျော်ဖြေရေးတစ်ခုဖြစ်တဲ့ Kabuki ကို ကပြဖျော်ဖြေတင်ဆက်နိုင်တဲ့ ကဇာတ်ခုံဟာ ရွာတွေမှာရှိခဲ့ကြပါတယ်။
ဘယ်လိုဇာတ်လမ်းလေးနဲ့ ကပြဖျော်ဖြေခဲ့ကြသလဲနော်…

အိမ်ပုံစံအနည်းငယ်ပြောင်းလဲသွားတဲ့နေရာရှိပါတယ်။

အိမ်ကိုကျောက်တုံးတွေဆင့်ရင်းဆောက်လုပ်ထားပြီး ဂျပန်ဆိုတာထက် ဥရောပစတိုင်ဘက်ကိုသွားတဲ့ အိမ်ပုံစံမျိုးဖြစ်ပါတယ်။
ဒါကတော့ ဆာမူရိုင်းခေတ်ကူးပြောင်းပြီး၊ အနောက်နိုင်ငံကနေ ယဥ်ကျေးမှုအသစ်တွေဝင်ရောက်လာခဲ့တဲ့ Meiji ခေတ်အိမ်ဖြစ်ပါတယ်။ မီးပြတိုက်စောင့်တဲ့လူတွေ နေခဲ့ကြတဲ့အိမ်လို့ ဆိုပါတယ်။

ဒီအပြင် နေရာတိုင်းလိုလိုမှာ ဂျပန်ရဲ့လှပတဲ့ရှုခင်းကို ခံစားနိုင်ပြန်ပါတယ်။
ဒါကတော့ သဘာဝစမ်းရေကိုအသုံးပြုထားတဲ့ ရေပန်းလိုနေရာလေးဖြစ်ပါတယ်။

လူနေအိမ်အရှေ့မှာ ဖန်တီးထားပြီး၊ မပြတ်စီးဆင်းနေတဲ့ ရေသံနဲ့သာယာငြိမ့်‌ညောင်းမှုပေးပါတယ်။

ဒီလိုဂျပန်ရဲ့လှပတဲ့ရှုခင်း၊ ကျေးလက်ဒေသရဲ့သဘာဝတရားနဲ့အတူ နေထိုင်ခဲ့ကြတဲ့ပုံစံမျိုးကို Shikoku ရွာလေးမှာတွေ့ရမှာဖြစ်ပါတယ်။ Kagawa စီရင်စုကိုရောက်ဖြစ်တဲ့အချိန် သေချာပေါက် သွားလည်ကြည့်သင့်တဲ့နေရာလေးဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: