မာနထောင်လွှားမှုကြောင့် သေဆုံးပြီးနောက်ရုပ်အလောင်းကိုတောင် အဖက်လုပ်မခံရတဲ့ အချောဆုံးမိန်းကလေး Ono no Komachi

ရုပ်ရည်ချောမောတဲ့လူဆိုရင် ဘာကိုပဲလုပ်လုပ် မျက်နှာသာပေးခံရပါတယ်။
လူတွေဟာမှန်ကိုကြည့်ရင်း “ ငါလည်း ရုပ်ချောတဲ့လူအဖြစ်မွေးဖွားလာခဲ့ရင်ကောင်းမှာပဲ” .. ဆိုပြီး မကျေနပ်ချက်တွေ ရေရွတ်ပြောဆိုတတ်ကြပါတယ်။
တကယ်တော့ရုပ်ရည်လှပဖို့ထက် စိတ်နှလုံးလှဖို့သာအရေးကြီးပါတယ်။
ရုပ်ရည်လှပတာကြောင့် လူ့ဘဝကြီးဟာ အမြဲပျော်ရွှင်နေရမယ်လို့ မထင်လိုက်ပါနဲ့…။
သာဓကလေးတစ်ခုနဲ့ အားပေးလိုက်ပါတယ်။

小野小町(おのの こまち) Ono no Komachi  ဆိုတဲ့အမျိုးသမီးကို စာဖတ်သူတို့ကြားဖူးပါသလား?

mag.japaaan.com

Ono no Komachi ဟာ အီဂျစ်နိုင်ငံရဲ့ Cleopatra ၊ တရုတ်နိုင်ငံရဲ့ မိန်းကလေး Yang Guifei တို့နဲ့တစ်တန်းတည်းတင်စားခံရပြီး၊ ကမ္ဘာကသတ်မှတ်ထားတဲ့ အချောဆုံးမိန်းကလေး ၃ ယောက်ထဲမှာ သူဟာတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
ထိုအချိန်က ဓာတ်ပုံရော၊ အင်တာနက်ပါ မပေါ်သေးသလို၊ အလှမယ်ပြိုင်ပွဲကနေ ရွေးချယ်ခံရတာမဟုတ်တဲ့အတွက် သူမဘယ်လောက်လှတယ်ဆိုတာတော့ မသိပါဘူး။
ဒါပေမဲ့ ဒီအကြောင်းပြောရလောက်အောင် သူမဟာရက်ရက်စက်စက်လှပတဲ့မိန်းကလေးဆိုတာတော့ သေချာပါတယ်။

Ono no Komachi ဆိုတဲ့နာမည်က နာမည်အရင်းမဟုတ်ပုံရပါတယ်။
ဒါပေမဲ့ သူမနာမည်အရင်းကိုလည်း ဘယ်သူမှမသိ ဘယ်အချိန်ကမွေးဖွားခဲ့သလဲဆိုတာလည်း တိတိကျကျမသိရပါဘူး။

အေဒီ ၉ ရာစုလောက်ကမိန်းကလေးလို့သာ အများကသိကြပါတယ်။
မွေးဖွားရာဇာတိမှာ ယနေ့ခေတ်ရဲ့ Akita စီရင်စုဖြစ်နိုင်တယ်ဆိုပြီး သီအိုရီတစ်ခုရှိပါတယ်။
Akita စီရင်စုဟာ ရုပ်ရည်ချောမောသူများတဲ့စီရင်စုလို့ပြောကြတာကြောင့် အနည်းငယ်ယုံနိုင်စရာရှိပါတယ်။

နောက်ပြီး အဲ့ဒီအချိန်က ရုပ်ချောသူတစ်ယောက်ဆိုတာ အပြင်ရုပ်ရည်ပိုင်းမှာသာမက ဉာဏ်လည်းကောင်းရပါတယ်။
ဂျပန်သီချင်း 和歌(わか) “ ဝခ” ဆိုတာ၊ သတ်မှတ်ထားတဲ့စကားလုံးအရေအတွက်နဲ့ သီချင်းလိုလုပ်ဆိုရတဲ့ကဗျာဖြစ်ပါတယ်။
ဒီလိုတင်းကြပ်တဲ့စည်းကမ်းအတွင်းမှာ ရာသီများနဲ့ခံစားချက်များကို ကျွမ်းကျင်စွာမြှုပ်နှံနိုင်ခြင်းက နည်းပညာတစ်ခုဖြစ်ပေမဲ့ Ono no Komachi ဟာ ဒီဂျပန်သီချင်းမှာ ဆရာမကြီးပါပဲ။
和歌 ရဲ့နတ်ဘုရားမလို့တောင် တင်စားကြပါတယ်။

ရုပ်ချောတဲ့အပြင် ဉာဏ်လည်းကောင်းတယ်….
ဒီလိုလူမျိုးသာရှိရင် အရမ်းကံကောင်းတဲ့ဘဝကိုပိုင်ဆိုင်ထားမှာပဲလို့ထင်ရပေမဲ့ တကယ်တမ်းတော့ အဲ့ဒီလိုဟုတ်မနေခဲ့ပါဘူး။

သူမရဲ့ ရက်စက်တဲ့အလှတရားနဲ့ ထူးချွန်လွန်းတဲ့ 和歌 မှာ အမျိုးသားတွေ ကျရှုံးကုန်ပါတယ်။
တော်ရုံတန်ရုံ ရုပ်ချောတဲ့အမျိုးသားတွေတောင် Ono no Komachi ကိုလက်ထပ်ခွင့်တောင်းပေမဲ့၊ မာနထောင်လွှားလွန်းတဲ့သူမဟာ ဘယ်အမျိုးသားကိုမှ မရွေးချယ်ခဲ့ပါဘူး။

သူမစရိုက် ဘယ်လောက်ဆိုးလဲဆိုတာကို ပြောပြထားတဲ့ အခန်းတစ်ခန်းရှိပါတယ်။

သူမကိုချစ်ခွင့်ပန်တဲ့အမျိုးသားတစ်ယောက်ကို ရက် ၁၀၀ တိတိ ညတိုင်းချစ်ရေးဆိုမယ်ဆို အဖြေပေးမယ်လို့ ပြောခဲ့တယ်။
သူမစကားကိုယုံသွားတဲ့ထိုအမျိုးသားက ညတိုင်းလမ်းလျှောက်ပြီး သူမအိမ်ကိုလာခဲ့တယ်။ အဖြေရဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်လို့ ထင်ပါတယ်။ ဆောင်းတွင်းရဲ့အအေးဒဏ်ကြားမှာလည်းရောက်လာခဲ့တယ်။
ဒီလိုနဲ့ပဲ ရက်ပေါင်း ၉၉ ရက်ပြည့်တဲ့ညမှာတော့ လာရင်းနဲ့လမ်းမှာအေးခဲပြီး သေဆုံးသွားရရှာပါတော့တယ်။


Ono no Komachi နှလုံးသားမရှိတဲ့ မိန်းကလေးပါပဲ…။
ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ရုပ်ရည်ကျလာတာနဲ့အတူ အကျင့်စရိုက်ကြောင့်လည်း ဘယ်သူမှအဖက်မလုပ်ကြတော့ပါဘူး။

ယခင်ကသူမဟာ ဧကရာဇ်ထံမှာအမှုထမ်းပြီး ချမ်းသာကြွယ်ဝတဲ့ဘဝနဲ့နေထိုင်ခဲ့ရပေမဲ့၊ သူမခံစားနေတဲ့ဧကရာဇ်က နတ်ရွာစံသွားတဲ့အခါ နှင်ထုတ်ခံရပြီး အသိုက်ပျက်သွားခဲ့ပါတယ်။

ဒီလိုနဲ့ဂျပန်တစ်ခွင်ကို လျှောက်သွားခဲ့တယ်။
အသက် ၈၀ ပြည့်တဲ့အချိန်မှာ ကျိုတိုမြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုကိုရောက်သွားပြီး ထိုဘုရားကျောင်းမှာပဲ သေဆုံးသွားရှာပါတော့တယ်။
သေတာတောင် သူမရဲ့ရုပ်အလောင်းကို ဘယ်သူမှအဖက်မလုပ်ကြဘဲ ပစ်ထားခံရတဲ့အတိုင်း ပုပ်သိုးဆွေးမြေ့သွားပါတယ်။
ဒါပေမဲ့ဒီလောကမှာ သေဆုံးပြီးသူတွေရဲ့လိပ်ပြာဟာ ခန္ဓာကိုမခွဲနိုင်မခွာနိုင်ဖြစ်တတ်ကြတဲ့အတွက်၊ ခန္ဓာကိုယ်ကနေ ဝိညာဥ်ဟာထွက်မသွားဘဲ၊ ပုပ်အပ်ပြီးအရိုးစုသာကျန်တော့တဲ့ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို သူမပွေ့ပိုက်ထားခဲ့တယ်။

ဒီဘုရားကျောင်းကိုကြွလာတဲ့ဘုန်းကြီးတစ်ပါးရဲ့ အမျှဝေပေးခြင်းအားဖြင့်၊ နောက်ဆုံးမှာ အကျွတ်တရားရရှိသွားခဲ့ပါတယ်။

မိန်းကလေး Ono no Komachi ဟာလူတိုင်းအားကျရတဲ့အလှတရားကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
သို့သော် အေးချမ်းသာယာတဲ့ဘဝကို မပိုင်ဆိုင်ခဲ့တာကတော့ သေချာပါတယ်။

အရာအားလုံးထက် စိတ်နှလုံးလှပခြင်းသည်သာ အမွန်မြတ်ဆုံးဖြစ်ပါတယ်။
အကယ်၍သာ Ono no Komachi တစ်ယောက် သူ့ရဲ့ပင်ကိုယ်စာရိတ္တလေးကလည်း ကောင်းနေခဲ့မယ်ဆိုရင်‌ရော?
ဒါဆိုရင်တော့ ကျက်သရေမင်္ဂလာအရှိဆုံးမိန်းကလေးတစ်ယောက် ဖြစ်နေမှာသေချာပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: