Okayama စီရင်စုရှိဘုရားကျောင်းမှာ ရှေးလူတွေရဲ့လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ရေသူမမံမီရုပ်အလောင်းတစ်ခုကို DNA စစ်ဆေးခွင့်ရ !!!

ဂျပန်နိုင်ငံရှိဘုရားကျောင်းတစ်ကျောင်းမှာ ထူးဆန်းတဲ့အရာတစ်ခုကို သိမ်းဆည်းထားပါတယ်။
မြစ်ထဲမှာနေပြီး၊ ကလေးတွေကို မျှားခေါ်တဲ့မကောင်းဆိုးဝါးဝိညာဉ် 河童(かっぱ)ရဲ့ မံမီရုပ်အလောင်းလို့ဆိုပါတယ်။
ပြတ်သွားတဲ့မိစ္ဆာရဲ့လက်နဲ့ ရေသူမမံမီ လို့လည်းခေါ်ကြပါတယ်။

အမျိုးမျိုးထူးဆန်းနေပေမဲ့ ဘုရားကျောင်းရဲ့တန်ဖိုးကြီးရတနာဖြစ်တာကြောင့် သိပ္ပံနည်းနဲ့စစ်ဆေးကြည့်ဖို့လက်မခံခဲ့ကြပါဘူး။ ဒါကြောင့် အစစ်လား အတုလားဆိုတာကို မခွဲခြားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သတင်းထွက်နေပါတယ်။
Okayama စီရင်စုမှာရှိတဲ့ 円珠院(えんじゅいん)ဘုရားကျောင်းမှာ ရှေးကတည်းကလက်ဆင့်ကမ်းလာကြတဲ့ အရှည် ၃၀ စင်တီမီတာခန့်ရှိ မံမီရုပ်အလောင်းတစ်ခုရှိပါတယ်။ အပေါ်တစ်ပိုင်းမှာ လက်များပါရှိပြီး၊ မျက်နှာမှာလည်းလူမျက်နှာအတိုင်းမြင်ရသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းကတော့ ငါးဖြစ်နေပါတယ်။

၁၇၃၆ – ၁၇၄၁ ခုနှစ်အတွင်းမှာ ငါးဖမ်းသင်္ဘောရဲ့ပိုက်ကွန်မှာချိတ်မိလာတဲ့ ထူးဆန်းတဲ့သတ္တဝါဖြစ်ပြီး၊ အိုဆာကာကိုရောင်းလိုက်ကာ၊ ဟီရိုရှီးမားစီရင်စုရှိမိသားစုတစ်စုက အမြတ်တနိုးသိမ်းဆည်းထားရာကနေ ဘုရားကျောင်းသို့ လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။

မျောက်နဲ့ငါးကိုပေါင်းစပ်ထားတဲ့ မံမီလို့ခေါ်တဲ့လူလည်းရှိပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းရဲ့ အဖိုးတန်ရတနာကို သိပ္ပံနည်းကျစစ်ဆေးခွင့်မရဘဲ ကြောက်စရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်လိုသာဖြစ်နေခဲ့ပါတယ်။

ဒီဆန်းကြယ်မှုနဲ့ပတ်သက်ပြီး တစ်ချိန်ချိန်မှာ သိလာနိုင်တော့မှာပါ။

မကောင်းဆိုးဝါးနဲ့ ရိုးရာပုံပြင်တွေကိုလေ့လာနေတဲ့ Okayama Folklore Society ရဲ့ဒါရိုက်တာဟာ ဒါကိုစိတ်ဝင်စားတဲ့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ နိခါတကဗေဒ(ကျောက်ဖြစ်ရုပ်ကြွင်းပညာလေ့လာခြင်း) အထူးပြုပါမောက္ခ၊ Fish morphology ဘာသာရပ်တွဲဖက်ပါမောက္ခ၊ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းဖွဲ့စည်းကာ သုတေသနပြုလုပ်ဖို့ ဘုရားကျောင်းဘက်ကလည်း ခွင့်ပြုပေးလိုက်ပါတယ်။

အကယ်၍မျောက်နဲ့ငါးတို့ပေါင်းစပ်မှုဆိုရင် DNA စစ်ဆေးတဲ့အခါ ၎င်းရဲ့သရုပ်မှန်ချက်ချင်းပေါ်ပေါက်လာမှာပါ။ ၎င်းရဲ့ DNA ကိုကထူးဆန်းနေမယ်ဆိုရင်တော့ ပြဿနာဖြစ်နေမှာပါ။

အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရှေးလူတွေကဘာကိုစဉ်းစားပြီး ဘာကိုမျှော်လင့်လို့ နောင်လာနောက်သားတွေအထိ လက်ဆင့်ကမ်းခဲ့ကြတာလဲ?
ဉာဏ်ကြီးရှင်တစ်ယောက်က နှစ်ရာနဲ့ချီ လူတွေကိုလှည့်စားခဲ့တာလည်းဖြစ်နိုင်ပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ DNA ရလဒ်ကိုတော့ စောင့်ကြည့်ရမှာပါပဲ။

လျာထားချက်ကတော့ ၃ လပိုင်းမှာ အခြေအနေတိုးတက်မှုကိုအစီရင်ခံပြီး၊ ၉ လပိုင်းမှာ သုတေသနရလဒ်ကိုပူးတွဲကြေညာမယ်လို့ သိရပါတယ်။

ကဲ စာဖတ်သူတို့အိမ်က ဂိုဒေါင်ဟောင်းထဲမှာလည်း ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေများရှိနေမလားလို့ ရှာကြည့်လိုက်ပါအုံး …

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: