ရွှေဒင်္ဂါးပြားကနေ ရွှေကိုနုတ်ပြီး ငွေကြေးတန်ဖိုးကိုပြောင်းလဲလိုက်တဲ့ ကမ္ဘာ့ပထမဆုံးပညာရှင်။ (သူ့၏ဗျူဟာမှာ လူချမ်းသာများကို အရှုံးပေါ်စေခဲ့။)
အခုစာဖတ်သူတို့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ငွေဘယ်လောက်ရှိလဲ?
ထိုငွေရဲ့ မူရင်းတန်ဖိုးကိုစဉ်းစားကြည့်ရင် သတ်မှတ်အမည်ခံတန်ဖိုးနဲ့ တန်ဖိုးချင်းအတူတူဖြစ်နေပါ့မလား?
ဖြစ်နိုင်တာကတော့ အလွန်ဈေးပေါတဲ့ စက္ကူနဲ့ပလတ်စတစ်တို့ကနေထုတ်လုပ်ထား ပိုက်ဆံဟာ လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ ငွေကြေးစနစ်ပဲဖြစ်ပါတယ်။
ရုပ်ရှင်ထဲမှာ စာဖတ်သူတို့တွေ့ဖူးကြမယ်ထင်တယ်။ ရှေးခေတ်ပိုက်ဆံဆိုရင် ဒီလိုပုံစံပေါ့…
တောက်ပြောင်နေတဲ့ ရွှေ၊ ငွေ၊ ကြေးနီ စတဲ့တန်ဖိုးရှိသတ္တုတွေနဲ့ပြုလုပ်ထားတဲ့ ပိုက်ဆံဖြစ်ပါတယ်။ ဒီပိုက်ဆံကို အရည်ဖျော်လိုက်မယ်ဆိုရင်တောင် သတ်မှတ်အမည်ခံတန်ဖိုးနဲ့ အတူတူလောက်ကိုကျပါတယ်။ အဲ့ဒီလောက်အထိ ရှေးခေတ်ပိုက်ဆံဟာ တန်ဖိုးရှိခဲ့ပါတယ်။
ယန်း ၁ သောင်းတန်တန်ဖိုးရှိ သတ္တုဒင်္ဂါးပြားကို ယန်း ၁ သောင်းဖိုးရှိ ကုန်ပစ္စည်းနဲ့လဲလှယ်ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ကုန်စည်လဲလှယ်ခြင်းပဲပေါ့။
ဒါကိုဒီနေ့ခေတ်လို ငွေကြေးသတ်မှတ်အမည်ခံတန်ဖိုးနဲ့ ၎င်းရဲ့မူရင်းတန်ဖိုးကို ခွဲထုတ်ပြီး ဂျပန်ကိုကယ်တင်လိုက်တဲ့ ပညာရှင်တစ်ဦးရှိခဲ့ပါတယ်။
သူကတော့ 荻原重秀(おぎわら しげひで) “ အိုဂိဝရ ရှိဂဲဟိဒဲ” ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး၊ သူဖန်တီးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကြိုးပမ်းမှုကို စာဖတ်ပရိသတ်တို့အား မျှဝေသွားမှာဖြစ်ပါတယ်။
rekishigaiden.com
ခေတ်ကာလမှာ ဆာမူရိုင်းနောက်ဆုံးခေတ်ဖြစ်တဲ့ အဲဒိုခေတ်ဖြစ်ပါတယ်။
ထိုခေတ်မှာ ဂျပန်ကိုအုပ်ချုပ်နေတာက Tokugawa မိသားစုဖြစ်ပြီး ခေတ်တိုးတက်လာတာနဲ့အညီ တိုင်းပြည်ကုန်စည်သိုလှောင်မှု လျော့နည်းလာပါတယ်။ Tokugawa မိသားစုဟာခေတ် ၃ ဆက်မြောက်အချိန်ထိ စည်းစိမ်တွေကိုသုံးဖြုန်းခဲ့ပေမဲ့၊ ခေတ် ၅ ဆက်မြောက်မှာ သိုလှောင်ထားတဲ့ပစ္စည်းတွေ ကုန်ဆုံးလုနီးပါးဖြစ်လာခဲ့တယ်။
အကြောင်းရင်းက Tokugawa မိသားစုရဲ့သုံးစွဲမှုထက်ကို ရွှေနဲ့ ငွေသတ္တုတို့ရဲ့ ထုတ်ယူနိုင်မှုပမာဏ လျော့နည်းသွားလို့ပဲဖြစ်ပါတယ်။ လက်နဲ့တောင်တူးဖော်နိုင်တဲ့ သတ္တုကြောကို အလွန်အကျွံတူးကြတဲ့အတွက် ရွှေရော၊ ငွေရော ထုတ်နိုင်တဲ့ပမာဏ နည်းသွားပါတော့တယ်။ ထိုအချိန်က ဂျပန်ဟာ အပေါ်ကဓါတ်ပုံထဲကအတိုင်း ရွှေနဲ့လုပ်ထားတဲ့ဒင်္ဂါးပြားကို အသုံးပြုခဲ့ကြပေမဲ့၊ ရွှေထုတ်နိုင်မှုနည်းလာတဲ့အတွက် ပိုက်ဆံအသစ်မထုတ်နိုင် ဖြစ်လာတော့တယ်။
မြန်မြန်ဆန်ဆန်ပဲ ဘဏ္ဍာရေးပြိုလဲပြီး၊ ဒါကိုဖြေရှင်းဖို့ ပညာရှင် ၃၂ ဦးကို ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီအထဲကတစ်ဦးကတော့ အခုပြောပြမယ့် “ အိုဂိဝရ” ဆိုသူပဲဖြစ်ပါတယ်။ မူဝါဒအမျိုးမျိုးကိုရေးဆွဲပေမဲ့၊ ပုံမှန်အခြေအနေကိုပြန်မရောက်ခဲ့ပါဘူး။ ဒါနဲ့ပဲ နောက်ဆုံးဗျူဟာအဖြစ် ဒင်္ဂါးပြားကိုပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။
ထိုအချိန်ထိအသုံးပြုနေတဲ့ဒင်္ဂါးပြားမှာ ရွှေပါဝင်မှုက ၈၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါကို ၅၇.၃၆ ရာခိုင်နှုန်းအထိ လျော့ချလိုက်ပြီး အဲ့ဒီအစား ငွေပါဝင်မှုရာခိုင်နှုန်းကို များစေကာ၊ ဒင်္ဂါးပြားရဲ့ထုတ်လုပ်မှု မူရင်းတန်ဖိုးကို များစွာလျော့ချပစ်လိုက်တော့တယ်။ ပိုက်ဆံအဖြစ် သတ်မှတ်အမည်ခံတန်ဖိုးကတော့ မပြောင်းလဲဘဲ အရင်တန်ဖိုးနဲ့အတူတူပါပဲ။
ဒီအပြင်ဒင်္ဂါးပြားအဟောင်းတွေကိုပြန်သိမ်းပြီး၊ ဒင်္ဂါးပြားအသစ်ကို အသုံးပြုဖို့တိုက်တွန်းပါတယ်။ ဒီနေရာမှာ အရင်ဒင်္ဂါးပြားအဟောင်း ၂ ခုကိုသိမ်းနိုင်ရင် ဒင်္ဂါးပြားအသစ် ၃ ခုပြန်ထုတ်နိုင်ပါတယ်။
ဒါဟာ “ အိုဂိဝရ” ကရေးဆွဲခဲ့တဲ့ အရေးပေါ်ဖြေရှင်းနည်းပဲဖြစ်ပါတယ်။
ယခုအားလုံးကလက်ခံနေကြတဲ့ ပိုက်ဆံရဲ့သတ်မှတ်အမည်ခံတန်ဖိုးနဲ့ မူရင်းတန်ဖိုးကို ခွဲခြားလိုက်တဲ့ ဒီမူဝါဒဟာ ကမ္ဘာ့ပထမဆုံးပဲလို့ ဆိုပါတယ်။
“ အိုဂိဝရ” ကိုယ်တိုင်ဒီလိုပြောခဲ့ပါတယ်။
ဥပမာ ပျက်စီးမယ်ဆိုရင်တောင် အစိုးရကထောက်ခံတံဆိပ်တုံးနှိပ်ပေးပြီး
ပြည်သူလူထုထံ စီးဆင်းစေမယ်ဆိုရင် ဒါလည်းပိုက်ဆံဖြစ်လာမှာပဲ။
ဟုတ်ပါတယ် လက်ရှိကမ္ဘာမှာအသုံးပြုနေတဲ့ ငွေကြေးစနစ်ကို ထိုအချိန်ကမ္ဘာ့ပထမဆုံးစဉ်းစားမိခဲ့တာ “ အိုဂိဝရ” ပဲဖြစ်ပါတယ်။
ဒါရဲ့နောက်ဆက်တွဲရလဒ်အဖြစ် အရှုံးပေါ်သွားသူတွေရှိပါတယ်။
သူတို့ကတော့ ပိုက်ဆံရှိလူချမ်းသာတွေပဲဖြစ်ပါတယ်။
သာမန်အရပ်သားအတွက်တော့ ဒင်္ဂါးပြားဒီဇိုင်း ပြောင်းသွားရုံသာထူးခြားပါတယ်။
နေ့စဉ်အသုံးပြုဖို့အကောင်းဆုံးဖြစ်သလို၊ စုဆောင်းတာမျိုးလည်း သိပ်မရှိခဲ့လို့ ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။
တစ်ဖက်က ပိုက်ဆံရှိလူချမ်းသာတွေကတော့ ပိုက်ဆံကိုသေသေချာချာ စုဆောင်းထားခဲ့ကြတယ်။ ဒီပိုက်ဆံဒင်္ဂါးပြားတွေကိုလည်း ဒင်္ဂါးပြားအသစ်နဲ့ မလဲလို့ကလည်းမဖြစ်၊ တစ်နည်းအားဖြင့် မိမိငွေသတ္တာထဲမှာ ငြိမ်နေခဲ့တဲ့ သတ္တုရဲ့တန်ဖိုးဟာ လုံးဝကျဆင်းသွားခြင်းပဲဖြစ်ပါတယ်။
ဒါပေမဲ့ ပိုက်ဆံအဖြစ် သတ်မှတ်အမည်ခံတန်ဖိုးတော့ အတူတူပဲမို့လို့ ပုံမှန်နေထိုင်မှုဘဝမှာ ပြဿနာတော့မရှိပေမဲ့ ၎င်းတန်ဖိုးကိုထောက်ခံပေးတဲ့အစိုးရပြိုလဲပြီး အစိုးရအသစ်တက်လာခဲ့ရင် ထိုငွေတန်ဖိုးဟာ အချည်းနှီးဖြစ်သွားနိုင်ပြီး သတ္တုတန်ဖိုးသာကျန်ရစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေနဲ့ လူချမ်းသာတွေ တော်တော်အရှုံးပေါ်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိကမ္ဘာမှာလည်း အတူတူပါပဲ။
ဂျပန်ယန်း ၁ သောင်းတန်တစ်ရွက်ရဲ့ထုတ်လုပ်မှုတန်ဖိုးက တကယ်တော့ ၂၂ ယန်း၊ ၂၄ ယန်းသာ ကုန်ကျပါတယ်။ ဒါကိုအစိုးရက ယန်း ၁ သောင်းတန်ပါလို့ သတ်မှတ်ထားလို့ ယန်း ၁ သောင်းတန် ငွေစက္ကူဖြစ်နေတာပေါ့ …
တိုင်းပြည်ချင်းကြည့်ရင်လည်း ယန်း ၁ သောင်းက ဒေါ်လာ ၁၀၀ နဲ့ညီမျှတယ်၊ ဒေါ်လာ ၁၁၀ နဲ့ညီမျှတယ်ဆိုပြီးဖြစ်နေတာက ၎င်းရဲ့ယုံကြည်ဆက်နွယ်မှု ညီမျှချက်ကြောင့်ဖြစ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ငွေကြေးစနစ်ဟာ “ အိုဂိဝရ” ရေးဆွဲခဲ့တဲ့ ငွေကြေးစနစ်အပေါ် အခြေခံကြောင်း နားလည်ရပါတယ်။ မျက်မှောက်အိုင်တီခေတ်မှာတော့ ငွေကြေးပြဿနာမရှိတော့ဘဲ၊ ဒစ်ဂျစ်တယ်ကိန်ဂဏန်းခေတ်ကို ရောက်လာပါတယ်။
အဆင်ပြေတယ်ဆိုတဲ့အခြားတစ်ဖက်မှာလည်း နည်းနည်းတော့ ကြောက်စရာကောင်းတယ်။
ဒါကြောင့် ရွှေကိုစုဆောင်းဖို့အတွက် ရောင်းချနေကြတာပဲမဟုတ်ပါသလား…..
Kengo Abe