နှစ်ပေါင်း ၄၀ သမိုင်းရှိတဲ့ ကန်နွန်ဗုဒ္ဓရုပ်တုတော်ကြီးကို စတင်ဖြိုဖျက်ပြီ။

Hyogo စီရင်စုမှာတည်ရှိတဲ့ Awaji ကျွန်း။
Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပျံသန်းတဲ့လေယာဉ်တွေထဲမှာ ဟောဒီကောင်းကင်ယံကိုဖြတ်သန်းတဲ့ လေယာဉ်တွေ များစွာရှိပါတယ်။ ၎င်းလေယာဉ်ထဲကနေတောင် အပြည့်အဝဖူးမြော်နိုင်လောက်တဲ့အထိ ဒီဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ကြီးမားလှပါတယ်။

http://kobe.travel.coocan.jp/awaji_city/

ဉာဏ်တော်အမြင့် မီတာ ၁၀၀ ကျော်တဲ့ ဟောဒီ ကန်နွန်ရုပ်တုတော်ဟာ နယူးယော့က လစ်ဘာတီရုပ်တုကိုကျော်ပြီး၊ ဆောက်လုပ်စဉ်အချိန်က မတ်တပ်ရပ်နေဟန်ရုပ်တုတွေထဲမှာ ကမ္ဘာ့အကြီးဆုံးအဖြစ် နာမည်ကြီးခဲ့ပါတယ်။
ဟောဒီရုပ်တုတော်ကို ဆောက်လုပ်ခဲ့တာကတော့ သာမန်ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။
Awaji ကျွန်းဇာတိဖွားဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် အမျိုးသားဟာ ကိုယ်တိုင်အကုန်အကျခံကာ ၁၉၈၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနဲ့ အိုဆာကာပင်လယ်အော်မှာ ရွက်လွှင့်မယ့် သင်္ဘောတွေဘေးကင်းမှုကို ရည်စူးပြီးဆောက်လုပ်ခဲ့တယ် လို့ဆိုပါတယ်။

ရုပ်တုတော်ရဲ့ အတွင်းပိုင်းဟာ ရှုခင်းကြည့်မျှော်စင်သဘောမျိုးဖြစ်ပြီး၊ လည်ပင်းနားထိ ဓါတ်လှေကားဖြင့် တက်နိုင်ပါတယ်။ ဒီအပြင် အောက်ခြေမှာတော့ စားသောက်ဆိုင်နှင့် အနုပညာပြခန်းလည်းရှိပြီး၊ အားလပ်ရက်မှာ လာရောက်လည်ပတ်သူပေါင်း ၄၀၀၀ ကျော်နဲ့ စည်ကားတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပိုင်ရှင်ရော၊ အမွေဆက်ခံသူပါသေဆုံးပြီး၊ ဒီရုပ်တုတော်ကြီးဟာ စွန့်ပစ်ခံလိုက်ရပါတယ်။

ဟောင်းနွမ်းအိုမင်းလာတဲ့ ဒီကန်နွန်ရုပ်တုကြီးဟာ ရှုခင်းကြည့်မျှော်စင်ကနေ ခုန်ဆင်းပြီးသတ်သေကြတဲ့အမှုတောင် ဖြစ်သွားခဲ့ပါတယ်။ ဒီအပြင် ယိုယွင်းမှုကြောင့် အပြင်ဘက်နံရံများလည်းကွာကျပြီး၊ ပြုတ်ကျလာတဲ့အပိုင်းအစတွေဟာ လေထဲမှာ လွှင့်စင်လာတာကြောင့်၊ ဒေသခံပြည်သူများ စိုးရိမ်မှုမြင့်တက်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ တိုင်းပြည်အခွန်ယန်းသန်း ၈၀၀ အကုန်အကျခံကာ ဖြိုဖျက်ခြင်းကို စတင်လိုက်ရပါတယ်။
၎င်းရဲ့ပုံသဏ္ဍာန်မှာတော့ ဒီလိုပါ။

အိပ်နေတဲ့ပုံစံပါပဲ။

ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကိုဆန္ဒပြုပြီးဆောက်လုပ်ထားတဲ့ ကန်နွန်ရုပ်တုတော်ကြီးရဲ့၊ နှစ်ပေါင်း ၄၀ သမိုင်းဟာ ဒီနေရာမှာတင် တစ်ခန်းရပ်သွားခဲ့ပါပြီ။ ဖြိုချခံလိုက်ရပေမဲ့၊ ကမ္ဘာကြီးကို ဆက်ပြီးစောင့်ရှောက်ပေးဖို့ ဆန္ဒပြုမိပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: