တိုကျိုမြို့တော်အစိုးရဟာ LGBTQ အတွက် အပြည့်အဝပံ့ပိုးပေးလာ။ နောက်ဆုံးအတူတူနေထိုင်ခွင့်ရတော့မည်။

လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ပင်ကိုယ်စရိုက်ကိုပိုင်ဆိုင်ထားကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာထူးခြားချက်၊ စိတ်ပိုင်းဆိုင်ရာထူးခြားချက်နဲ့ အရည်အချင်းကိုယ်စီရှိကြပါတယ်။
ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် Minority လို့ခေါ်တဲ့လူနည်းစုဟာ ပတ်ဝန်းကျင်ရဲ့နားလည်ပေးမှုကိုမခံရဘဲ၊ တရားမျှတမှုကင်းမဲ့စွာဆက်ဆံခံရသလို၊ နိုင်ငံသားအဖြစ် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို မရရှိတာများခဲ့ပါတယ်။

အဲ့ဒီလိုအထဲမှာ ဒီနှစ်အနည်းငယ်အတွင်း၊ LGBTQ နဲ့ပတ်သက်တဲ့အကြောင်းတွေကို လူပြောများလာပါတယ်။
Gender နဲ့ပတ်သက်ပြီး လူနည်းစုဖြစ်နေတဲ့သူတို့တွေဟာ၊ နိုင်ငံအများစုနဲ့နှိုင်းယှဉ်ကြည့်ရင် အခြားနိုင်ငံများက အစောပိုင်းကတည်းက စတင်အသိအမှတ်ပြုနေကြပြီးဖြစ်ပေမဲ့၊ ဂျပန်မှာတော့ တော်တော်လေးကို လက်ခံမပေးခဲ့ကြပါဘူး။

ယောက်ျားကယောက်ျားလိုနေ
မိန်းကလေးက မိန်းကလေးလိုနေ

女々しい(めめしい) ဆိုတဲ့ ဂျပန်စကားလုံးကို စာဖတ်သူတို့သိကြပါသလား?
ယောက်ျားဖြစ်လျှက်နဲ့ မိန်းကလေးလို ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ပြုမှုဆောင်ရွက်နိုင်စွမ်းတောင် မရှိတဲ့လူ ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုံးဝလိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခြင်းကို အားပေးတဲ့စကားလုံးဖြစ်နေတယ်နော်?
အခုဆိုရင် မိန်းကလေးတွေဟာ ဆုံးဖြတ်ချက်ချနိုင်စွမ်းရော၊ လှုပ်ရှားသွားလာနိုင်မှုမှာပါ အမျိုးသားတွေနည်းတူဖြစ်လာတာကို တွေ့မြင်ရပါတယ်။

ဂျပန်မှာယောကျ်ားတွေက အပြင်မှာအလုပ်လုပ်၊ မိန်းမတွေက အိမ်မှာပဲအိမ်မှုကိစ္စနဲ့ ကလေးဝေယျဝိစ္စတွေကိုလုပ်ရင်း ခင်ပွန်းသည်ကိုပံ့ပိုးပေးရတာဟာ ထုံးစံပဲလိုလက်ခံခဲ့ကြပြီး၊ ခင်ပွန်းသည်ဟာ အရှင်သခင် ဆိုပြီးတောင် ပြောကြတာမျိုးရှိပါတယ်။ လက်ထပ်တယ်ဆိုတာ သခင်နဲ့ကျွန်ဆက်ဆံရေးကို ချည်နှောင်လိုက်တာမဟုတ်ဘဲ၊ ဘဝလက်တွဲဖော်ဖြစ်သွားကြတာပါ။ ဒါကို ယောက်ျားလေးဘက်ကလည်း ပြန်စဉ်းစားဖို့လိုအပ်ပေမဲ့၊ တစ်ချို့မိန်းကလေးကျပြန်တော့လည်း “ အိမ်ရှင်မအဖြစ်နဲ့ပဲ အရိုးထုတ်သွားချင်တယ်” ဆိုသူတွေရှိနေပြန်ပါတယ်။

အဲ့ဒီလိုဂျပန်နိုင်ငံဟာ LGBTQ ကိုထောက်ခံပေးဖို့ နောက်ကျနေတဲ့ စံပြနိုင်ငံတစ်ခုလိုဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ တိုကျိုမြို့ဟာ စတင်လှုပ်ရှားလာခဲ့ပါပြီ။

စုံတွဲကျမ်းသစ္စာဆိုခြင်း/ ဂျပန်လို パートナーシップ宣誓制度
ဆိုတဲ့စနစ်ကို ၂၀၂၂ ခုနှစ်ရဲ့ဆောင်းဦးမှာ အတည်ပြုတော့မှာဖြစ်ပါတယ်။

လက်ထပ်တယ်ဆိုတာကတော့ ဂျပန်အစိုးရဥပဒေမှာ ယောက်ျားမိန်းမလက်ထပ်ခြင်းကိုသာခွင့်ပြုထားပါတယ်။
ဒါဟာတိုကျိုမြို့တော်အစိုးရဟာ လင်မယားတွေမှာသာလုပ်လို့ရတဲ့ လက်ထပ်ထိမ်းမြားခြင်းကို LGBTQ စုံတွဲတွေအတွက် ခွင့်ပြုပေးလိုက်တဲ့သဘောဖြစ်ပါတယ်။

၎င်းအချက် ၁ ချက်က မြို့ပြအိမ်ရာအသုံးပြုမှုဖြစ်ပါတယ်။

တိုကျိုမြို့ကစီမံခန့်ခွဲနေတဲ့ မြို့ပြအိမ်ရာတွေဟာ တန်ဖိုးနည်းအိမ်ရာတွေဖြစ်တဲ့အတွက် ဝင်ငွေနိမ့်တဲ့အိမ်ထောင်စုတွေကတော့ အသုံးပြုကြပေမဲ့၊ မိသားစုသုံးအတွက်သာဖြစ်ရမယ်လို့ ကန့်သတ်ထားချက်ရှိခဲ့ပါတယ်။
အဲ့ဒါကလည်း ဒုက္ခရောက်နေတဲ့ မိသားစုတွေကို ကူညီဖို့အတွက်ဆောက်လုပ်ထားတဲ့ အိမ်ရာတွေဖြစ်ပါတယ်။

LGBTQ စုံတွဲဆိုတာကလည်း တကယ်တော့မိသားစုပါပဲ။
ဥပဒေအရလက်ထပ်ပေးလို့မရပေမဲ့၊ partner အဖြစ်ကျမ်းသစ္စာဆိုမယ်ဆို မိသားစုအဖြစ်အသိအမှတ်ပြုခံရပြီး၊ အတူနေထိုင်နိုင်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီအပြင် ဆေးကုသမှုအချက်အလက်
ဆေးကုသမှုအချက်အလက်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့အချက်အလက်ဖြစ်တဲ့အတွက်၊ ကာယကံရှင်နဲ့မိသားစုကလွဲပြီး ဖွင့်ပြောလို့မရတဲ့ စည်းကမ်းရှိပါတယ်။ ဟုတ်ပါတယ် LGBTQ ရဲ့စုံတွဲမှာ partner ကဘာရောဂါနဲ့ ဘယ်လိုကုသမှုတွေကိုလုပ်နေရသလဲဆိုတာ ပြောပြလို့မရတာဟာ လက်တွေ့အခြေအနေမို့လို့၊ တရားဝင်ကျမ်းသစ္စာဆိုပြီး မိသားစုဝင်ဖြစ်လာခဲ့ရင်တော့ ဒါတွေကိုပြောပြလို့ရနိုင်လာမှာဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့မိမိရဲ့ partner ကို စိတ်ပူကြမှာပဲနော်။

တိုကျိုမြိုတော်အစိုးရရဲ့ စစ်တမ်းတစ်ခုအရ လူပေါင်း ၆၆၀၀၀ ကိုမေးမြန်းခဲ့ရာ ၇၀ ရာခိုင်နှုန်းဟာ Partnership စနစ်လိုအပ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ်တိုင် LGBTQ ဖြစ်မနေတဲ့လူတွေတောင် လိုအပ်တယ်လို့ စဉ်းစားကြသူတွေရှိပါတယ်။

ဒီ Partnership ကျမ်းသစ္စာဆိုတဲ့စနစ်ဟာ ဥပဒေအရတော့ ထိရောက်မှုမရှိပါဘူး။
ဒါပေမဲ့ ဒီစနစ်ဟာ တိုကျိုမြို့မှာအကောင်အထည်ပေါ်လာရင်တော့ LGBTQ တို့ရဲ့ဘဝနေထိုင်ရေးပိုပြီးလွယ်ကူလာသလို၊ ဒီစနစ်ကိုလက်ခံတဲ့ အခြားသောဒေသဆိုင်ရာအစိုးရတွေလည်း များလာမှာဖြစ်ပါတယ်။
အဲ့ဒီလိုသာဆို ဥပဒေလည်းပြောင်းလဲသွားမှာဖြစ်သလို၊ လိင်တူချင်းလက်ထပ်ထိမ်းမြားနိုင်လာမယ်လို့ ထင်ပါတယ်။

ဒီလူနည်းစုဟာ လူတွေအတွက်အနှောင့်အယှက်တစ်ခု မဟုတ်ပါဘူး။ ရိုးရိုးလေးပဲ လိင်တူစုံတွဲချင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှုသာရှိရင် သူတို့ဘဝနဲ့သူတို့ အဆင်ပြေနေပါပြီး။ ဒါကြောင့် မြန်မြန်အသိအမှတ်ပြုစေချင်ပါတယ်။ တိုတောင်းလှတဲ့လူ့ဘဝမှာ အားလုံးဟာကိုယ်ချစ်ရတဲ့လူနဲ့အတူ ကျန်းမာပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနိုင်ဖို့ကပဲ အရေးအကြီးဆုံးလို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: