သေမိန့်ချခံရသူမိသားစုရဲ့ ငိုကြွေးသံ။ အမေဟာ တရားခံအစစ်လား? တရားခံရဲ့သားသမီးကရော ပြစ်မှုကျူးလွန်သူမို့လို့လား?

ပြစ်မှုကျူးလွန်တဲ့အခါ ပြစ်ဒဏ်ပေးခံရပါတယ်။ ဒါဟာ နိုင်ငံတိုင်းမှာအတူတူပါပဲ။
ကျူးလွန်လိုက်တဲ့အပြစ်အလျောက် ပြစ်ဒဏ်ကြီးသည်၊ ပေါ့သည် စသဖြင့် ဆုံးဖြတ်ပေမဲ့၊ ပြစ်မှုကျူးလွန်သူမှန်ရင် ပြစ်ဒဏ်ခံရမယ်ဆိုတာတော့ ကန့်ကွက်မယ့်လူမရှိဘူးလို့ထင်ပါတယ်။

သို့သော် တရားခံဟာ မှားယွင်းစွပ်စွဲခံရသူဆိုရင်ရော?
ရာဇဝတ်မှုကျူးလွန်သူဆိုပြီး ၎င်းမိသားစုဝင်တွေကိုပါ လူတောမတိုးတော့အောင် social punishment လုပ်လိုက်တာနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုထင်ပါသလဲ?

အဲ့ဒီလိုအတွေးဝင်စေတဲ့ မှုခင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

ဇွန်လ ၂၀၂၁ ခုနှစ်။
အိုဆာကာမှာရှိတဲ့ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုသွားတဲ့တံတား Sky Gate Bridge R ပေါ်ကနေ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးဟာ သူမရဲ့ ၄ နှစ်သမီးလေးကို ပွေ့ချီပြီး ပင်လယ်ထဲသို့ခုန်ဆင်းကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ သတ်သေသွားတဲ့သူမတို့နှစ်ဦးဟာ သေဒဏ်ချမှတ်ခံထားရတဲ့ Masumi Hayashi ရဲ့ သမီးနဲ့ မြေးမလေးတို့ပဲဖြစ်ပါတယ်။

ဒီမှုခင်းမဖြစ်ခင်လေးမှာ သူမဟာ မီးသတ်ဌာနဆီ (ဂျပန်မှာတော့ လူနာတင်ယာဉ်ဟာ မီးသတ်ဌာနရဲ့ လက်အောက်ခံဖြစ်သည်။) အကြောင်းကြားခဲ့ပုံရပါတယ်။
“ သမီးကြီးသတိလစ်သွားပြီ!” ဆိုပြီး…
အမြန်ပြေးလာကြတဲ့ မီးသတ်တပ်ဖွဲ့ဟာ ၁၆ နှစ်အရွယ်သမီးကြီး သေဆုံးကြောင်းကို အတည်ပြုခဲ့ပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းက ပြင်ပဆိုင်ရာဒဏ်ရာကြောင့်ပါ။
နေ့တိုင်းအိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရပုံပဲလို့ဆိုပါတယ်။
မိဘကအကြမ်းဖက်တာလား၊ ကျောင်းကနေပဲ အကြမ်းဖက်ခံရတာလားဆိုတာတော့ မသိပါဘူး။

သေဒဏ်ချမှတ်ခံထားရတဲ့ Masumi Hayashi ဘက်ကိုပြန်သွားပါမယ်။
သူမဟာ 1998 ခုနှစ်၊ မြို့နယ်အသင်းရဲ့ပွဲတစ်ခုမှာ အားလုံးစားကြမယ့် カレーကာရေးဟင်းထဲကို အဆိပ်ခတ်ခဲ့တဲ့အတွက် မူလတန်း၊ အထက်တန်းကျောင်းသားအပါအဝင် ၄ ဦး သေဆုံးခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ နိုင်ငံတော်တရားရုံးကနေ သေဒဏ်ချမှတ်ဖို့ စီရင်ချက်ထွက်လာခဲ့ပါတယ်။ လက်ရှိတော့ အိုဆာကာအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

Masumi Hayashi မှာ ကလေး ၄ ယောက်ရှိပါတယ်။
စောစောကပြောပြခဲ့တဲ့ ပင်လယ်ထဲကိုခုန်ဆင်းပြီး သတ်သေသွားတဲ့ သမီးကြီးဟာ မှုခင်းဖြစ်တုန်းက အလယ်တန်း တတိယနှစ်ကျောင်းသူအရွယ်သာဖြစ်ပါတယ်။

ဒီမှုခင်းကနေ ဒီမိသားစုရဲ့ ငရဲကစတင်ပါတော့တယ်။

အကျဉ်းထောင်မှာထိန်းသိမ်းခံရတဲ့ Masumi Hayashi ကို သမီးကြီးဖြစ်သူကမေးခဲ့ပါတယ်။
“ တကယ် အဆိပ်ခတ်ခဲ့တာလား? အမှန်တရားကို ပြောပြပါ”
အဲ့ဒီလိုမေးတဲ့သမီးကြီးကို “ မလုပ်ခဲ့ဘူး” လို့ Masumi Hayashi ဟာ ငြင်းလိုက်ပါတယ်။

ဒီလိုနဲ့ သမီးကြီးဟာ အထက်တန်းကိုဆက်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ၁ နှစ်လောက်ပဲတက်ပြီး ကျောင်းထွက်ကာ အိုဆာကာမှာ အလုပ်စဝင်ခဲ့ပါတယ်။ အားကိုးရမယ့်ဆွေမျိုးတွေလည်းမရှိတဲ့အတွက်၊ တစ်ပတ်လောက် အိမ်ခြေယာမဲ့ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနဲ့ ဆိုင်တွေကလည်း သူမအမေရဲ့ မှုခင်းကိုသိသွားတဲ့အခါ ချက်ချင်းသူမကိုအလုပ်ဖြုတ်လိုက်ကြပါတယ်။ တစ်ကြိမ်မကခဲ့ပါဘူး။ “ ကျွန်မတို့မောင်နှမ ၄ ယောက်လုံး အမေဒီအမှုကို မကျူးလွန်ခဲ့ဘူးလို့ယုံကြည့်ပေမဲ့၊ ဂျပန်တစ်နိုင်ငံလုံးက အမေ့ကိုသေဒဏ်ပေးသင့်တယ်လို့ ထင်နေကြတယ်။ မင်းလို ဆိုးရွားတဲ့ရာဇဝတ်မှုတရားခံရဲ့သမီးကို ငါတို့အလုပ်မခန့်နိုင်ဘူး” တဲ့…

သူမဟာ ဒီလိုထိုးနက်မှုတွေကို သည်းခံရင်း အသက်ဆက်ရှင်ခဲ့ပါတယ်။
ခါးသီးမှုတွေထဲမှာ သူမကိုနားလည်ပြီးလက်ခံပေးတဲ့ချစ်သူကြောင့် အိမ်ထောင်ကျသွားခဲ့ပါတယ်။ ဒါနဲ့ပဲ သမီးလေးရလာတဲ့အခါ သမီးလေးကိုပါခေါ်ပြီး အမေ့ဆီ ထောင်ဝင်စာသွားတွေ့ခဲ့ပါတယ်။

ဒီအပြင် အမေဖြစ်တဲ့ Masumi Hayashi မှာ အပြစ်မရှိဘူးလို့ယုံကြည်နေပြီး၊ အဆုံးထိတိုက်ပွဲဝင်မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။

သို့သော် ၂၀၀၉ ခုနှစ်မှာ နိုင်ငံတော်တရားရုံးက သေဒဏ်လို့ချမှတ်လိုက်ပါတယ်။
ထူးခြားတဲ့အခြေအနေမရှိသရွေ့ စီရင်ချက်ကိုပြောင်းလဲမည်မဟုတ် ဆိုပြီးဖြစ်လာခဲ့ပါတယ်။
ဒီတရားစီရင်ချက်ထွက်လာပြီးတဲ့နောက်ကနေစပြီး သူမဟာ ထောက်ပံ့ပေးသူတို့ရဲ့ အစည်းအဝေးပွဲတွေကိုတောင် မတက်တော့ပါဘူး။
ဒီအပြင်ဒီလိုနဲ့ မိမိကိုယ်ကိုအဆုံးစီရင်သွားရှာပါတယ်။

Masumi Hayashi ကိုယ်တိုင်ဟာ မှုခင်းနဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။
သို့သော် သက်သေအထောက်အထားခိုင်လုံတဲ့အတွက် သေဒဏ်ချမှတ်ဖို့ စီရင်ချက်ထွက်လာခဲ့ပါတယ်။

တကယ်ပဲ အဆိပ်မခတ်ခဲ့ဘူးလား? သမီးဖြစ်သူကိုပဲ လိမ်ပြောနေတာလား?
အကယ်၍ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုရင်တောင် တရားခံရဲ့ကျန်မိသားစုဝင်တွေက ဒီလောက်အထိ ထိုးနက်ခံရဖို့သင့်ရဲ့လား? ထောင်ထဲမှာ သေဒဏ်ပေးခံရမှာကို ကြောက်လန့်နေရင်း သမီးဖြစ်သူရဲ့သတ်သေသွားတဲ့သတင်းကိုကြားပြီး၊ ဘယ်လိုခံစားနေမလဲ? သံဝေဂ ရနေမလား? တရားစီရင်ရေးက မှန်ကန်ရဲ့လား၊ သတင်းမီဒီယာမှာဖော်ပြဖို့ရော သင့်ရဲ့လား?
ဖြေဖို့ခက်ခဲပေမဲ့ အားလုံးရော ဘယ်လိုထင်ကြပါသလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: