ဆားနှင့်ဂျပန်၏ နက်ရှိုင်းတဲ့ပတ်သက်မှု။ ဘာကြောင့် ဆိုင်ရဲ့အဝင်ပေါက်မှာ ဆားကိုထားပေးထားကြသလဲ?
ဆားဆိုတာဟာ ဂျပန်လူမျိုး၊ ဂျပန်ယဉ်ကျေးမှုအတွက်တော့ ထူးခြားတဲ့တည်ရှိမှုပဲဆိုတာကို သိပါသလား?
ဆားဟာ သကြား၊ ပဲငံပြာရည်၊ မီဆို စတဲ့ဟင်းခတ်ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပေမဲ့၊ ဟင်းခတ်ပစ္စည်းအပြင်ကို တစ်ခြားပုံစံဖြင့်လည်း ဆားကိုအသုံးပြုကြပါသေးတယ်။
ဆူမိုနပန်းသမားတွေဟာ ပြိုင်ပွဲမစခင်လေးမှာ ကွင်းကိုဆားဖြန်းကြတယ်။
အသုဘကနေပြန်လာတဲ့အခါ အိမ်ထဲမဝင်ခင် ဆားကိုကိုယ်ပေါ်အနည်းငယ်ဖြန်းတယ်။
ဆိုင်တွေရဲ့အဝင်ပေါက်မျာ ဆားကိုချထားပေးကြတယ်။
ဒါတွေအားလုံးဟာ၊ ဆားဖြင့်သန့်စင်ခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ပြုလုပ်ကြတဲ့ ဂျပန်ယဉ်ကျေးမှုဖြစ်ပါတယ်။
ဆားကိုပင်လယ်ရေကနေရရှိပါတယ်။
ဒီယဉ်ကျေးမှုရဲ့အယူအဆမှာ ပင်လယ်ကိုမိခင်နဲ့ခိုင်းနှိုင်းထားပြီး မိခင်ဆိုတာ ဘဝတစ်ခုကိုမွေးထုတ်ပေးသလို ပင်လယ်ဟာလည်းထိုနည်းတူဖြစ်တယ်ဆိုပြီး ပင်လယ်ကိုမြင့်မြတ်တဲ့နေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဂျပန်ဒဏ္ဍာရီထဲမှာ 黄泉の国 လို့ခေါ်တဲ့ သေရွာကနေပြန်လာခဲ့တဲ့ 伊邪那岐命 Izanagi Mikoto ဟာ သေခြင်းရဲ့အညစ်အကြေးကို သန့်စင်ဖို့အတွက် ပင်လယ်ရေကိုအသုံးပြုခဲ့တယ်လို့ ရေးထားတဲ့အတွက် ဒီယဉ်ကျေးမှုဟာ အတော်လေးရှေးကျကြောင်းကို သိရပါတယ်။
ဒီဒဏ္ဍာရီကနေချိတ်ဆက်နေတဲ့ ဂျပန်ရဲ့သီးခြားယုံကြည်ကိုးကွယ်မှု “ ရှင်တို” ဘာသာမှာလည်း၊ 大祓 “ အိုးဟရအဲ” လို့ခေါ်တဲ့ ထုံးတမ်းစဉ်လာတစ်ခုရှိပါတယ်။
နှစ်ဝက်မှာတစ်ကြိမ်၊ ခန္ဓာကိုယ်မှာကပ်တွယ်နေတဲ့အညစ်အကြေးကို ပင်လယ်ရေနဲ့ဆေးကြောသန့်စင်လိုက်တယ်ဆိုတဲ့ အစဉ်အလာဖြစ်ပါတယ်။
ဂျပန်ဘာသာစကားနဲ့ သဘောမကျတဲ့အရာကိုမေ့ပစ်လိုက်တာကို “水に流す” လို့ပြောပါတယ်။ သို့သော် ဒီဝေါဟာရဇစ်မြစ်ဟာ 大祓 အစဉ်အလာကနေ ဆင်းသက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အသုဘကနေပြန်လာတဲ့အချိန်၊ အိမ်ထဲကို သေဆုံးခြင်းရဲ့ အညစ်အကြေး/အမင်္ဂလာတွေ မဝင်ရောက်ဖို့အတွက် ဆားကိုမိမိကိုယ်ခန္ဓာအပေါ် ပက်ဖြန်းခြင်းဟာ ဒီဒဏ္ဍာရီထဲကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ဆူမိုနပန်းသမားတွေဟာ ပြိုင်ပွဲမစခင်မှာ ဆားဖြန်းကြတာမျိုးကိုရော တွေ့ဖူးပါသလား?
https://www.memcode.jp
ဆူမိုဆိုတာ နတ်ဘုရားကိုပူဇော်တဲ့ အစဉ်အလာကနေ မွေးဖွားလာတဲ့အရာဖြစ်တဲ့အတွက် သန့်ရှင်းတဲ့မြေပြင်၊ တစ်နည်းအားဖြင့် တိုက်ပွဲမြေပြင်ကို သန့်စင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
မနှစ်မြို့စရာလူရောက်လာလို့ မောင်းထုတ်လိုက်တဲ့အချိန် “ ဆားဖြန်းလိုက်” လို့ပြောကြပါတယ်။
(မနှစ်မြို့တဲ့အရာ = အညစ်အကြေး)ကိုဆားနဲ့သန့်စင်လိုက်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
ဒါနဲ့ ဒီတစ်ခေါက်ဆောင်းပါးရဲ့ အဓိကအကြောင်းအရာကတော့ ဒါဟာပါ။
ဂျပန်စားသောက်ဆိုင်တွေရဲ့ အဝင်ဝမှာ ဆားကိုလှလှပပလေး ထားပေးထားတာကို မြင်ဖူးပါသလား?
အဲ့ဒါကို 盛り塩(もりじお) “ မိုရိဂျိအို” လို့ခေါ်ပါတယ်။
ပုံစံမှာသေသပ်တဲ့ တြိဂံပိရမစ်ဖြစ်ပါတယ်။
လှုပ်ရှားတဲ့အချိန်တောင် ပုံစံမပျက် တည်ငြိမ်ပေမဲ့၊ ဟောဒီ “ မိုရိဂျိအို” ကိုထားတဲ့နေရာဟာ နတ်ဘုရားဆင်းသက်ရာအရပ်ဆိုတဲ့ အဓိပ္ပါယ်လည်းသက်ရောက်ပါတယ်။
လူတွေကို ၁ ဦး၊ ၂ ဦး ဆိုပြီးရေတွက်ပေမဲ့၊ နတ်ဘုရားကိုတော့ တစ်ပါး၊ နှစ်ပါး ဆိုပြီးရေတွက်ပါတယ်။
Kanji အားဖြင့် 一柱(いっちゅう)、二柱(にちゅう)ပါ။
柱 ခန်းဂျိရဲ့နောက်အဓိပ္ပါယ်က “ တိုင်” ပါ။ ဥပမာ – သစ်တိုင်၊ အိမ်တိုင်
နတ်ဘုရားတွေဟာ လောကကိုအကျိုးပြုပေးကြတာမို့၊ “ တိုင်” ဆိုတဲ့ခန်းဂျိနဲ့ရေတွက်ပေမဲ့၊ အဲ့ဒီလိုနတ်ဘုရားဆင်းသက်တဲ့နေရာအဖြစ် မှတ်တိုင်၊ တစ်နည်းအားဖြင့် အညစ်အကြေးကိုသန့်စင်ပေးတဲ့ သန့်ရှင်းတဲ့နေရာဆိုပြီး သတ်မှတ်ဖို့ ဆားကိုထားလိုက်ခြင်းဖြစ်ပါတယ်။
magazine.aruhi-corp.co.jp
အဲ့ဒီဆားကို ဂျပန်လူမျိုးတွေဟာ တန်ဖိုးထားတဲ့အတွက် ထိုးဆွပြီးပုံပျက်အောင်လုပ်တာတို့၊ စားတာတို့ လုပ်လို့မရပါဘူး။
ဒီအပြင် တရုတ်ရိုးရာပုံပြင်တွေမှာ သိုးကြိုက်တဲ့ဝါးရွက်ပေါ် ဆားတင်ကာ သိုးကိုခေါ်ပြီး၊ ဧကရာဇ်မင်းကို သူ့အခန်းထဲလာခိုင်းတဲ့ မိန်းမလှလေးတစ်ဦးအကြောင်း ပုံပြင်တစ်ပုဒ်ရှိပါတယ်။
ဒီပုံပြင်ဟာဂျပန်ကိုရောက်လာပြီး၊ ဆိုင်ကိုဧည့်သည်ကျအောင် ဖိတ်ခေါ်ပေးတဲ့အရာ ဆိုတဲ့အဓိပ္ပါယ်နဲ့ ဆိုင်တွေမှာ 盛り塩 “ မိုရိဂျိအို” ကိုထားကြပါတော့တယ်။
ဝါးရွက်မပါဘဲ ဆားချည်းပဲဆိုရင် သိုးအတွက်တော့ စိတ်မကောင်းပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် 盛り塩 “ မိုရိဂျိအို” ဆားမှာ အရေးကြီးတဲ့အဓိပ္ပါယ်ရှိပါတယ်။
ဒါကြောင့် တွေ့ခဲ့ရင် လုံးဝသွားမထိပါနဲ့ …
shizuokamokko.com
အားလုံးလည်း ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ပင်လယ်ကနေယူလာတဲ့ သဘောဝဆားနဲ့လုပ်ကြည့်ပါ။
ဂျပန်မှာ အလွယ်တကူဝယ်နိုင်တဲ့ဆားတွေကတော့ သဘာဝဆားမဟုတ်လို့၊ မိခင်လိုတင်စားထားတဲ့ပင်လယ်နဲ့ ဘာမှဆက်စပ်မှုမရှိသလို သက်ရောက်မှုလည်းမရှိဘူးလို့ ထင်ပါတယ်။