ဂျပန်လူမျိုးတွေ ဘာကြောင့် သွေးအေးရသလဲ?

ဂျပန်လူမျိုးတွေက အရမ်းသဘောကောင်းပြီး ကြင်နာတတ်တယ်။
ဒီလိုပြောသံတွေကိုကြားရသလိုပဲ “ ဂျပန်လူမျိုးတွေကလေ သွေးအေးတယ်” ဆိုတဲ့အသံမျိုးလည်း ကောင်းကောင်းကြားရပါတယ်။
လက်တွေ့မှာတော့ ဘယ်ဟာကမှန်ကန်သလဲ?
အကယ်၍သင်ဟာ ဂျပန်မှာနေဖူးမယ်၊ ဂျပန်အသိမိတ်ဆွေရှိတယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ?

ရှေးခေတ်ဂျပန်ဟာ နေထိုင်ရခက်တဲ့ပတ်ဝန်းကျင်ဖြစ်ခဲ့ပါတယ်။
ဆောင်းရာသီဆို ရာသီဥတုပြင်းထန်ပြီး၊ နွေရာသီမှာဆို ပူအိုက်စပ်စပ်နဲ့ နေရထိုင်ရခက်ခဲပါတယ်။
ဒီအပြင် မြေငလျင်၊ ဆူနာမီနဲ့ မီးတောင်ပေါက်ကွဲမှုတွေ ရှိပါသေးတယ်။
အမဲလိုက်တာတစ်ခုပဲလုပ်ရင် မိသားစုဘဝ‌နေရေးအတွက် ရေရှည်အဆင်မပြေပါဘူး။ ဒါကြောင့် လယ်ယာလုပ်ငန်းကိုပါ တွဲလုပ်ကိုင်လာခဲ့ပါတယ်။
ငြိမ်းချမ်းတဲ့နယ်မြေဆိုလို့ အနည်းငယ်သာရှိခဲ့တယ်။ ဒီအပြင် နှင်းနဲ့ရေကြီးခြင်းကြောင့် မကြာခဏကြုံတွေ့ရတဲ့ဒုက္ခတွေကို ဖြေရှင်းဖို့အတွက်ကတော့၊ လူမှုအသိုင်းအဝိုင်းနဲ့နေတတ်ဖို့ လိုအပ်လာပါတယ်။

လူ့အသိုင်းအဝိုင်းနဲ့နေထိုင်ခြင်းက ဂျပန်လူမျိုးရဲ့အခြေခံပင်ကိုယ်စရိုက်ကို ဖန်တီးပေးလိုက်ပါတယ်။
လူ့အသိုင်းအဝိုင်းနဲ့နေထိုင်ခြင်းမှာ အရေအကြီးဆုံးအချက်က မိတ်ဆွေကြား ဖြစ်တတ်တဲ့ပြဿနာကို ရှောင်ရှားခြင်းပါပဲ။
ပြောချင်တာကို ဒုတ်ထိုးအိုးပေါက်မပြောခြင်း၊ မထင်မရှားနေထိုင်ခြင်းတို့ဟာ လိုအပ်လာပါတယ်။

ဒါနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် ကူညီကြရင်းနေထိုင်ကြရလို့ ကြင်နာတတ်သွားတယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ မျက်မှောက်ခေတ်ရောက်လာတဲ့အခါ ကြီးကြီးမားမားပြောင်းလဲသွားခဲ့ပါတော့တယ်။
အကြောင်းက မြို့ပေါ်တက်လာသူတွေ များလာခြင်းကြောင့်ပဲဖြစ်ပါတယ်။
မွေးဖွားကြီးပြင်းလာတဲ့မြို့မှာတော့ ကလေးဘဝကတည်းက ကိုယ့်ကိုသိနေတဲ့လူတွေ၊ ကိုယ့်ကိုကူညီပေးဖူးသူတွေ အများကြီးရှိတဲ့အတွက် စိတ်ကြိုက်လုပ်ချင်ရာလုပ်ဖို့ ခက်ခဲပေမဲ့၊ မြို့ပေါ်ရောက်သွားတဲ့အခါ ထိတွေ့ရသူတွေအားလုံးက တစ်စိမ်းတွေချည်းပါပဲ။ တစ်ယောက်တည်း ကိုယ့်အားကိုကိုးရတော့မယ်၊ အနိုင်ကျင့်မခံရအောင် တစ်ယောက်တည်း ရဲရဲရင့်ရင့်နေရတော့မယ်၊ ဒီလိုလူတွေများလာပါတယ်။ အဲ့ဒီကနေစပြီး တစ်ခြားလူကိုစိတ်မဝင်စားတော့တဲ့လူမျိုးတွေလည်း ထွက်လာခဲ့ပါတယ်။

ဒီအပြင် တစ်ခြားလူကိစ္စကို ဝင်မစွက်ဖက်ချင်သူတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ကလေးတွေ မကောင်းတာတစ်ခုခုလုပ်ရင် ပတ်ဝန်းကျင်က ဆူဆုံးမတဲ့အလေ့အထက ဂျပန်မှာလည်းရှိပေမဲ့၊ တစ်ခြားလူတစ်ယောက်ဟာ ကိုယ့်သားသမီးကိုလာဆူတာမျိုးမကြိုက်တဲ့မိဘကတော့ ကလေးတွေကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းကြပြီးတော့၊ ပတ်ဝန်းကျင်ကို ရန်ပြန်ဖြစ်တာမျိုးတွေရှိပါတယ်။ ဒီအတွက်ကလေးတွေဟာ တုံ့တုံ့တောင်မလှုပ်ရဲကြပါတယ်။

ဒါဆိုဘာမှမပြောဘဲ နေရအောင်။

ဒီလိုပုံစံနဲ့ပြုစုပျိုးထောင်ခံလာရတဲ့ကလေးတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်သူတွေ ဖြစ်မလာကြတော့ဘဲ၊ မိဘမျက်စိအောက်က လွတ်သွားတဲ့အခါ စိတ်ကြိုက်လုပ်ချင်တာလုပ်သူတွေ ဖြစ်လာပါတော့တယ်။
ဒီလိုအားနည်းချက်က ဂျပန်ရဲ့လက်ရှိပြဿနာဖြစ်ပါတယ်။

ဂျပန်လူမျိုးအများစုကတော့ ဒုက္ခရောက်နေရင် ကူညီချင်ကြတာသေချာပါတယ်။
ဒါပေမဲ့ အကူအညီမဖြစ်ဘဲ အနှောက်အယှက်ဖြစ်သွားရင် ဒုက္ခ… ဆိုပြီးချီတုံချတုံဖြစ်နေတဲ့လူတွေလည်း အများကြီးရှိပါတယ်။
တကယ်က လုံးဝသွေးအေးတာမျိုး မဟုတ်ပါဘူး။

ဒါကြောင့် အကယ်၍ဂျပန်မှာဒုက္ခရောက်ခဲ့ရင် မတွေဝေဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကြည့်ပါ။
သေချာပေါက် သဘောကောင်းတဲ့ဂျပန်လူမျိုး ရှိပါတယ်။

ဒီလိုဂျပန်ရဲ့မကောင်းတဲ့အချက်ကို အထူးသဖြင့် တိုကျိုမြို့နဲ့အနီးတစ်ဝှက်မှာ တွေ့ရမှာပါ။
ကိုရိုနာကပ်ရောဂါကြောင့် အားလုံးဒုက္ခရောက်နေတဲ့ ဒီကမ္ဘာကြီးမှာ၊ စိတ်ကောင်းနှလုံးကောင်းရှိသူတွေနည်းသွားမယ်ဆို ဂျပန်အနာဂတ်ဟာ ပိုပြီးဆုတ်ယုတ်မှာပါ။
ဒါဟာဂျပန်တစ်နိုင်ငံတည်းမှမဟုတ် ကမ္ဘာတစ်ဝှမ်းက မြို့တွေမှာလည်း ဒီလိုဖြစ်လေ့ရှိတယ်လို့ ထင်ပါတယ်။

ကဲ၊ စာဖတ်သူတို့လက်ရှိနေထိုင်နေတဲ့ မြို့ပေါ်မှာရော ဒီလိုပဲလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: