ကပ္ပတိန်မပါတဲ့ မောင်းသူမဲ့သင်္ဘောတစ်စင်း ပြဿနာမရှိဘဲ လိုရာခရီးသို့ဆိုက်ရောက်သွားခဲ့။

လက်ရှိမော်တော်ကားလုပ်ငန်းမှာ အပြောင်းအလဲကြီး ၂ ခု လိုအပ်နေပါတယ်။
အဲ့ဒါကတော့ ရုပ်ကြွင်းလောင်စာအသုံးမပြုခြင်းနဲ့၊ နောက်တစ်ခုကတော့ အလိုအလျောက်မောင်းနှင်ခြင်းပါ။
ကမ္ဘာတစ်ဝှမ်းက မော်တော်ကားလုပ်ငန်းဟာ ဒီပြဿနာ ၂ ခုအတွက်စိန်ခေါ်မှုဖြစ်နေပြီး၊ ရုပ်ကြွင်းလောင်စာအသုံးမပြုဘူးဆိုတာက လျှပ်စစ်ကိုသုံးမှာလား၊ ဒါမှမဟုတ် ဟိုက်ဒရိုဂျင်နဲ့သွားမှာလား ဒီလိုရွေးချယ်မှု ၂ ခုရှိလာပါတယ်။
ဟုတ်ပါတယ်။ လောလောဆယ်တော့ နောက်တစ်ဆင့်တက်ဖို့ အလားအလာ မတွေ့ရသေးပါဘူး။

ပြဿနာနောက်တစ်ချက်ကတော့ အလိုအလျောက်မောင်းနှင်ခြင်းဖြစ်ပါတယ်။
ဒါဟာ ကားအတွက်ချည်းပဲမဟုတ်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအားလုံးအတွက် လိုအပ်တဲ့အချက်ဖြစ်ပြီး၊ သင်္ဘောလည်း ထိုနည်းတူဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာတော့ ကပ္ပတိန်လို့ပြောလိုက်ရင် မုတ်ဆိတ်မွေးဖြူဖြူနဲ့ စကားနည်းတဲ့ လူကြီးတွေပေါ့။
တိကျတဲ့ဆုံးဖြတ်ချက်နဲ့ သတ္တိရှိတဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။
ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်လို့ ထင်မိပေမဲ့လည်း၊ အဲ့ဒီလိုတောက်ပတဲ့ ကပ္ပတိန်တွေဟာ အနာဂတ်မှာအလုပ်အကိုင်ဆုံးရှုံးနိုင်ချေ ရှိလာပါတယ်။
အကြောင်းကတော့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုချင်းစီမှာ၊ ပင်လယ်ရေလမ်းကြောင်းက မောင်းသူမဲ့စနစ်ကို ပြောင်းရအလွယ်ကူဆုံးဖြစ်နေလို့ပါ။

၂၀၂၂ ခုနှစ် ၁ လပိုင်း ၁၁ ရက်နေ့၊ Kanagawa စီရင်စု၊ Yokosuka City ရှိ ဆိပ်ကမ်းတစ်ခုကို အပျော်စီးသင်္ဘောငယ်တစ်စင်း မောင်းနှင်လာရာ၊ ပြဿနာတစ်စုံတစ်ရာမရှိဘဲ လိုရာခရီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတယ်။
မော်တော်ကားတွေမှာ မောင်းသူမဲ့စနစ်ကို မကြာခဏစမ်းသပ်လေ့ရှိသလို၊ လေယာဉ်ရဲ့မောင်းသူမဲ့စနစ်ကလည်း လွန်ခဲ့တဲ့နှစ် ၅၀ ကျော်ကတည်းက ရှိနေခဲ့ပေမဲ့၊ သင်္ဘောမှာတော့ ဒါဟာ ကမ္ဘာ့ပထမဆုံးပဲလို့ ဆိုထားပါတယ်။

https://www.itmedia.co.jp/business/articles/2201/22/news015.html

လတ်တလော တိုင်းထွာနိုင်တဲ့ကိရိယာများလည်းရှိသလို၊ လည်ပတ်မှုစနစ်ကလည်း မပြောင်းလဲပေမဲ့၊ ထည့်သွင်းထားတဲ့ အချက်အလက်များနဲ့ sensors ကနေရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အားလုံးကိုအလိုအလျောက် လည်ပတ်နေခြင်းဖြစ်ပါတယ်။

အတားအဆီးအမျိုးမျိုးထားပြီး စမ်းသပ်မှုပါလုပ်ခဲ့ပါတယ်။
အခြားသင်္ဘောတစ်စီးက မိမိသင်္ဘောရဲ့လမ်းကြောင်းပေါ် ဝင်ရောက်လာခဲ့ရင်၊ သင်္ဘောရဲ့စည်းကမ်းချက်အနေနဲ့ တစ်ဖက်သင်္ဘောရဲ့ ဘယ်ဘက်အခြမ်းကနေ ဖြတ်သွားဖို့ဖြစ်ပါတယ်။ ဒါကိုလည်းသင်္ဘောဟာ ပရိုဂရမ်အတိုင်း လှုပ်ရှားခဲ့ပါတယ်။
ဒီအပြင် ထွက်ခွာခြင်းကနေ ဆိပ်ကမ်းကို ဆိုက်ကပ်သည်အထိ ပြဿနာမရှိဘဲ အကုန်လုံး အလိုအလျောက်စနစ်နဲ့ ပြီးစီးသွားခဲ့ပါတယ်။

တကယ်တော့ သင်္ဘောရဲ့မောင်းသူမဲ့စနစ်ဟာ အခြားသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ နှိုင်းယှဉ်ရင် အလွန်လွယ်ကူတယ်လို့ဆိုပါတယ်။ ဥပမာ မော်တော်ကားမှာဆို၊ မိမိယာဉ်က ဘယ်လောက်ပဲ တိကျမှန်ကန်စွာ မောင်းနှင်ပါစေအုံး ရုတ်တရက်ပြေးထွက်လာမယ့် လမ်းသွားလမ်းလာ၊ စည်းမဲ့ကမ်းမဲ့မောင်းနှင်တဲ့ ယာဉ်တွေရှိတတ်လို့ အနည်းငယ်ခက်ခဲပါတယ်။
နောက်ပြီး ဘယ်လောက်ပဲ မှန်မှန်ကန်ကန် မောင်းနှင်တယ်လို့ဆိုပါစေ လမ်းသွားလမ်းလာကို ဝင်တိုက်မိခဲ့တယ်ဆို၊ ယာဉ်ဘက်က တာဝန်ကြီးမယ်၊ မောင်းသူမဲ့ယာဉ်ကကျူးလွန်လိုက်တဲ့ မတော်တဆမှုကို ဘယ်သူကတာဝန်ယူပေးမလဲ? ဒီလိုပြဿနာတွေ ထွက်လာပြန်ပါတယ်။

အဲ့ဒါနဲ့ယှဉ်ရင် ရေလမ်းကြောင်းမှာ လမ်းသွားလမ်းလာဆိုတာမျိုး မရှိပါဘူး။
ဒါဟာ အလွန်အရေးပါတဲ့အချက်ပါ။

ကျွန်းလေးတွေအများကြီးစုဖွဲ့ထားတဲ့ဂျပန်မှာတော့၊ ဒီလိုသင်္ဘောငယ်နဲ့သာလျှင် ကျွန်းတွေဆီသွားနိုင်တာဖြစ်သော်လည်း၊ တကယ်က အတွင်းမှာလိုက်စားနေတဲ့ ပြဿနာရှိနေပါတယ်။ အဲ့ဒါကတော့

– သင်္ဘောဝန်ထမ်းလုပ်ချင်သူ နည်းပါးခြင်း။
– ကျန်ရစ်တဲ့ သင်္ဘောဝန်ထမ်းရဲ့ ဝန်ထုတ်ဝန်ပိုးမှာ များလာခြင်း။
– အလုပ်ထွက်မယ့်ဦးရေ များပြားခြင်း။
– ကျန်ကြွင်းတဲ့ဝန်ထမ်းတွေက တာဝန်ပိုယူရခြင်း။

စတဲ့ဆုတ်ယုတ်မှုဘက်ကို ဦးတည်နေပါတယ်။
ဒီလိုနဲ့ သင်္ဘောအစီးရေနည်းသွားရင် အဝေးကျွန်းမှာနေထိုင်သူတွေအတွက် သယ်ယူပို့ဆောင်ရေး ပြတ်တောက်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေကိုလည်း မဖြစ်စေချင်ဘူး။

အဲ့ဒီအထဲမှာမှ အလိုအလျောက်မောင်းနှင်မယ့်သင်္ဘော ပေါ်လာခဲ့ပါပြီ။

နောက်ဆုံး ရေနံတင်သင်္ဘောလို့ သင်္ဘောကြီးတွေလည်း မောင်းသူမဲ့စနစ်ဖြစ်သွားပြီး၊ ကုန်ပစ္စည်းတွေကိုလည်း စက်ရုပ်တွေနဲ့သာ အတင်အချလုပ်တော့မယ်ဆို၊ အင်း… တစ္ဆေသင်္ဘောလိုဖြစ်နေမှာပဲနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: