Miss Universe 2021 ခုနှစ်၊ ဂျပန်ကိုယ်စားပြုဝတ်စုံမှာ လူသေဝတ်စုံကီမိုနိုဖြစ်နေ၍ အပြင်းအထန်ဝေဖန်ခံရ။

Miss Universe 2021 ခုနှစ်အတွက် ဂျပန်နိုင်ငံရဲ့ကိုယ်စားပြုဝတ်စုံဟာ လူသေတွေမှာသာဝတ်ဆင်ပေးတဲ့ ဝတ်စုံဖြစ်တာကြောင့် ဂျပန့်ယဉ်ကျေးမှုကိုစော်ကားခြင်းသာဖြစ်ကြောင်း အပြင်းအထန်ဝေဖန်ခံနေရပါတယ်။

https://soranews24.com/2021/12/15/

ယခု ၂၀၂၁ ခုနှစ်အတွက် အကြိမ် ၇၀ မြောက် Miss Universe အခမ်းအနားကို အစ္စရေးနိုင်ငံရဲ့ Eilat မြို့ရှိ၊ Universe Dome မှာကျင်းပသွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းကနေ နိုင်ငံကိုယ်စားပြုတဲ့ ပြိုင်ပွဲဝင်ပေါင်း ၈၀ ဦးဟာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်များထဲမှာ ဂျပန်နိုင်ငံအတွက် ကိုယ်စားပြုတဲ့အလှမယ်ကတော့ ကိုရီးယား-ဂျပန် ကပြားလေးဖြစ်တဲ့ Juri Watanabe ဆိုတဲ့အလှမယ်ပဲဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ဒီဇင်ဘာ ၁၀ ရက်နေ့ကကျင်းပခဲ့တဲ့ National Costume ပြိုင်ပွဲအတွင်း Watanabe ဟာ အပန်းရောင်ကီမိုနိုဒီဇိုင်းဆန်းဖြင့် လူများစွာရဲ့ရှေ့ကို ပွဲထွက်လာခဲ့ပါတယ်။ သူမဟာ မိမိကိုယ်ကိုယုံကြည်မှုရှိစွာ ထွက်လာခဲ့ပေမဲ့၊ သူမရဲ့ဝတ်စုံဟာ ဂျပန်လူမျိုးများကို ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

ဒီဝတ်စုံကိုကြည့်လိုက်တာနဲ့ Harajuku fashion ကိုတန်းမြင်မိမှာပါ။ အမျိုးသားဝတ်စုံကီမိုနိုကို ခေတ်မီဒီဇိုင်းဆန်းအဖြစ်တီထွင်ခဲ့ပေမဲ့လည်း မှားယွင်းတဲ့နည်းလမ်းဖြင့် ဂျပန်လူမျိုးတွေကို စော်ကားသလိုဖြစ်သွားခဲ့ပါတယ်။


လက်နှစ်ဖက်မှာ လက်ယက်ခေါ်နေတဲ့ကြောင်ရုပ် ၂ ရုပ်ကိုကိုင်ထားပြီး၊ ဆံပင်ပုံစံမှာ Sailor Moon ဆန်တဲ့ cosplay ကြောင့် ဒီပွဲမှာ “ Cool Japan” ရဲ့ပုံရိပ်ပါဝင်နေတယ်လို့ တစ်ချို့က မှတ်ချက်ပေးကြပါတယ်။ ဒီအပြင် ရင်ဘက်ပေါ်မှာ ဂျပန်ရဲ့ခန်းဂျိစကားလုံး “日本” ကိုရေးထားခြင်းကလည်း တက်တူးမကြိုက်တဲ့ဂျပန်လူမျိုးများကို အံ့ဩစေခဲ့ပါတယ်။
ဝတ်စုံရဲ့ကီမိုနိုလက်မှာ ဂျပန်အလံကိုထည့်သွင်းခြင်းနှင့် ခါးပတ်ပေါ်က တော်ဝင်မိသားစုရဲ့ ဂန္ဓမာအမှတ်အသားအကြောင့် ဝေဖန်ကြသူများလည်း ရှိပါတယ်။

ဒီထက်အဆိုးဆုံးဂျပန်လူမျိုးတွေကို စိတ်ဆိုးစေခဲ့တဲ့အရာကတော့ ကီမိုနိုရင်ဘက်ကိုခေါက်တဲ့ပုံစံပဲဖြစ်ပါတယ်။ ညာကနေ ဘယ်ကိုခေါက်ထားတာတွေ့ရပါတယ်။ ဒါဟာ ဂျပန်ယဉ်ကျေးမှုမှာ လူသေအလောင်းကိုသာဝတ်ဆင်ပေးတဲ့ ပုံစံဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတကာစင်မြင့်ထက်မှာ မိမိနိုင်ငံကိုကိုယ်စားပြုဖို့ မသင့်တော်ဆုံးအချက်ပဲဖြစ်ပါတယ်။

ဒီဝတ်စုံရဲ့ဒီဇိုင်နာကတော့ ဂျပန်လူမျိုးမဟုတ်ဘဲ အစ္စရေးလူမျိုးဒီဇိုင်နာ မစ္စတာ Aviad Arik Herman ပဲဖြစ်ပါတယ်။ သူဟာ ဂျပန်နဲ့အစ္စရေးကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည်အထိမ်းအမှတ်အတွက် ဝတ်စုံဒီဇိုင်းကိုဖန်တီးခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့တော့ ယဉ်ကျေးမှုကို တကယ်မသိလို့ပဲလား၊ ဒါမှမဟုတ် တမင်ဆန်းသစ်ထားတာလားတော့ မပြောတတ်ပါဘူး။

သို့သော် ဒီဇိုင်းနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဂျပန်နိုင်ငံရှိ အစ္စရေးသံရုံးဟာ ဒီဇင်ဘာ ၂ ရက်နေ့က ဒီဇိုင်နာနဲ့အတူဝတ်စုံဓါတ်ပုံတွေကို အင်တာနက်စာမျက်နှာပေါ်တင်ခဲ့ပါတယ်။

ဒီလိုဝေဖန်မှုအပေါ် သံရုံးနဲ့အခြားသောပါဝင်ပတ်သက်သူများက တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ ပွဲရဲ့ရလဒ်ကတော့ ဂျပန်ဟာ Top 16 ကိုချိတ်ခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ရလဒ်ကောင်းထက် နိုင်ငံ့ယဉ်ကျေးမှု ညှိုးနွမ်းသွားမှာကိုသာ စိုးရိမ်ခဲ့ကြပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: