ပိုလန်နှင့်ဂျပန်ကြား နက်ရှိုင်းတဲ့ဆက်ဆံရေး။ (ဆိုက်ဘေးရီးယားက မိဘမဲ့ကလေး ၇၆၅ ဦးကို ကယ်တင်ခဲ့ရာကနေ အစပြုခဲ့…)

ဂျပန်ရဲ့ဟိုးအဝေး အရှေ့ဥရောပတစ်နေရာကနေ၊ ဂျပန်ကိုအစဉ်းလေးစားနေတဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။
အဲ့ဒီကတော့ ပိုလန်နိုင်ငံပဲဖြစ်ပါတယ်။

“ ပိုလန်နိုင်ငံသားတွေဟာ ဂျပန်အပေါ်၊ အနက်ရှိုင်းဆုံးလေးစားခြင်း၊ အနက်ရှိုင်းဆုံးကျေးဇူးတင်ခြင်း၊ အနွေးထွေးဆုံးခင်မင်မှုနဲ့မေတ္တာကို ပိုင်ဆိုင်ထားကြောင်းကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့တွေဟာ ဂျပန်ရဲ့ကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး”

ဆိုပြီးပိုလန်ရဲ့ ပထမဦးဆုံးနိုင်ငံ့ခေါင်းဆောင်ဖြစ်လာတဲ့ Józef Klemens Piłsudski ဟာ ဒီလိုပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ မတိုင်ခင်က၊ ၁၉၂၀ ခုနှစ်ရဲ့အဖြစ်အပျက်အကြောင်းကို ပိုလန်လူမျိုးတွေဟာ ယခုထိတိုင် လေးစားစွာနဲ့အမှတ်ရနေကြပါတယ်။
ဇွန်လ ၁၉၂၀ ခုနှစ်၊ ရုရှားရဲ့ Vladivostok မြို့မှာရှိနေခဲ့တဲ့ ပိုလန်အမျိုးသမီးတစ်ယောက်ကနေ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အယူခံဝင်ခဲ့ပါတယ်။

“ ဆိုက်ဘေးရီးယားမှာ မိဘတွေဆုံးရှုံးခဲ့ရတဲ့ကလေးတွေကို အနည်းဆုံး ဂျပန်ကကူညီပေးနိုင်မလား”

အဲ့ဒီအချိန်က၊ အလွန်ရက်စက်စွာအေးတဲ့ ဆိုက်ဘေးရီးယားမှာ ပိုလန်လူမျိုးတွေဟာ ငရဲတမျှပင်ပန်းဆင်းရဲစွာနေထိုင်ခဲ့ရပါတယ်။

အဲ့ဒီအချိန်၊ လူပေါင်း ၁ သိန်း ၅ သောင်းကနေ ၂ သိန်းခန့်ရှိ ပိုလန်လူမျိုးတွေဟာ ဆိုက်ဘေးရီးယားသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
ပိုလန်လူမျိုးတွေကို ရုရှား၊ သြစတြီးယား၊ ပရုရှား(နောက်ပိုင်း ဂျာမနီ) တွေက အမဲဖြတ်ဖို့ဝန်းရံစောင့်ကြည့်နေတာကြောင့်၊ အမြဲတမ်း ကြမ်းတမ်းတဲ့ သမိုင်းကြောင်းကို ဖြတ်ကျော်ရတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီအပြင် ဒီနိုင်ငံ ၃ နိုင်ငံကနေ ကျူးကျော်ခံရပြီး၊ ပိုလန်ဆိုတဲ့နိုင်ငံ ပျောက်ကွယ်သွားခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာတော့ လွတ်လပ်တဲ့နိုင်ငံဖြစ်လာပေမဲ့၊ ရုရှားဘုရင်ကိုထီးနန်းပေးအပ်တဲ့ပုံစံမျိုးဖြစ်ပြီး၊ အဓိကအားဖြင့် ရုရှားရဲ့လက်အောက်ခံတိုင်းပြည် တစ်ခုသာသာပါပဲ။
ပိုလန်လူမျိုးတွေဟာ ရုရှားကိုအကြိမ်ကြိမ်ပုန်ကန်ခဲ့ကြပေမဲ့၊ ပုန်ကန်မှုအားလုံးဟာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒီလိုပုန်ကန်တဲ့ပိုလန်လူမျိုးအားလုံးကို ဆိုက်ဘေးရီးယားသို့ခေါ်ဆောင်သွားပြီး အလုပ်ကြမ်းဖြင့်ခိုင်းစေကြပါတယ်။

ဆောင်းတွင်းမှာ အနုတ် ၇၀ ဒီဂရီလောက်ကိုကျသွားတဲ့ အရမ်းအေးတဲ့နေရာဖြစ်ပါတယ်။
သူတို့တွေကို စောင့်ကြိုနေတာကတော့ ငတ်မွတ်သေဆုံးခြင်း၊ သို့မဟုတ် အေးခဲသေဆုံးခြင်း ပဲဖြစ်ပါတယ်။။

သူတို့တွေဟာ အနွေးဓါတ်ရရှိဖို့ မီးရှို့လို့ရသမျှကို မီးရှို့ပြီးအသက်ဆက်ခဲ့ကြရပါတယ်။
လွတ်မြောက်ရာလမ်းအဖြစ်အသုံးပြုလို့ရတဲ့ ရထားလမ်းပေါ်က သစ်တုံးတွေကိုပါ မီးရှို့ရုံကလွဲပြီး ရွေးချယ်စရာမရှိဖြစ်ရကာ၊ ၎င်းသစ်တုံးတွေပါကုန်သွားရင်တော့ တစ်ဖြည်းဖြည်းအေးခဲသေဆုံးရမယ့် အခြေအနေဖြစ်ပါတယ်။

ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးနဲ့မိန်းကလေးပေါင်း ၆၀၀ ဦးကိုတင်ဆောင်လာတဲ့ ရထားကလည်း လောင်စာဆီပြတ်လက်ပြီး လမ်းခုလပ်မှာခရီးတင်ကာ၊ ထိုအတိုင်း အကုန်လုံးသေဆုံးသွားခဲ့ကြပါတယ်။

ထိုရထားအတွင်း အေးခဲပြီးတောင့်သွားတဲ့ မိခင်ရဲ့အလောင်းတစ်ခုမှာ ထွေးပွေ့ထားတဲ့ပုံစံဖြင့် သေဆုံးနေတဲ့ လူမမယ်ကလေးငယ်လေးရဲ့ အလောင်းကိုပါ တွေ့ရှိခဲ့ကြပါတယ်။
မိခင်ဟာ ကလေးအတွက် မိမိရဲ့အဝတ်နဲ့လွှမ်းခြုံပေးပြီး၊ ကျန်ကြွင်းတဲ့စားစရာကို ကလေးကိုသာကျွေးပြီးနောက် ဒီမိခင်ဟာ သေဆုံးသွားတဲ့ပုံမျိုးဖြစ်ပါတယ်။
အမေကိုတွယ်ကပ်နေတဲ့ပုံစံနဲ့ သေဆုံးနေတဲ့ကလေးငယ်ရဲ့ပါးပြင်ပေါ်မှာလည်း အေးခဲနေတဲ့မျက်ရည်စက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။

ဒီလိုဆိုးရွားလွန်းတဲ့ပတ်ဝန်းကျင်ကို မမြင်ရသော်လည်း သတင်းကြားနေရတဲ့ Vladivostok မြို့ရှိ ပိုလန်လူမျိုးတွေဟာ၊ ပိုလန်ကယ်ဆယ်ရေးကော်မရှင်ကို ထူထောင်ခဲ့ကြပါတယ်။

ဥက္ကဌမှာ Anna Bjerkevic ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။
ဒီအပြင် ဒုဥက္ကဌအဖြစ် အဖွင့်အမှာစကား ပြောကြားခဲ့တာကတော့ Joseph ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ထိုအချိန်က ဆိုက်ဘေးရီးယားသို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်ကို စေလွှတ်ခဲ့ပါတယ်။

Anna ဟာစေလွှတ်ခဲ့တဲ့အမေရိကန်အပါအဝင်၊ အနောက်နိုင်ငံများနဲ့ လက်တွဲလုပ်ဆောင်ပြီး ကလေးသူငယ်တွေကို ကူညီပေးဖို့ အသနားခံစာတင်ခဲ့ပေမဲ့၊ အကောင်အထည်မပေါ်လာခဲ့ပါဘူး။
ရုရှားရဲ့အခြေအနေကပြောင်းလဲသွားပြီး၊ နိုင်ငံအသီးသီးကလည်း ဆုတ်ခွာသွားခြင်းကြောင့်ဖြစ်ပါတယ်။

ဂျပန်တွေသာ ကျန်ခဲ့ပါတယ်။
အဲ့ဒီနေရာမှာ Anna ဟာ ဂျပန်ကို အသနားခံစာတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒိုခေတ်မှာ ဂျပန်ကိုရောက်လာပြီး သေဆုံးသွားခဲ့တဲ့ ပိုလန်လူမျိုးဘုန်းတော်ကြီးတစ်ဦးရဲ့မှတ်တမ်းအရ “ ဂျပန်ဟာ ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်တဲ့နိုင်ငံတစ်ခုပဲ” ဆိုတဲ့စကားကိုချန်ခဲ့တာကြောင့် ထိတ်လန့်တုန်လှုပ်မိသော်လည်း
မျှော်လင့်စရာ ကောက်ရိုးလေးတစ်မျှင်ဖြစ်တဲ့ ဂျပန်သို့သွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သွားတွေ့ခဲ့ပါတယ်။

“ ကလေးငယ်တွေကို၊ ဘာအပြစ်မှမရှိတဲ့ကလေးတွေကို ကျေးဇူးပြု၍ ကယ်တင်ပေးပါ”
အဲ့ဒီအချိန်က ဆိုဗီယက်စစ်တပ်မရောက်လာခင် မိခင်နိုင်ငံကိုပြန်ဖို့ကြိုးစားနေတဲ့ နိုင်ငံအသီးသီးကစစ်သားတွေဟာ ဆိုက်ဘေးရီးယားကနေထွက်ခွာမယ့်ရထားပေါ်မှာ ထိုင်ခုံတွေကိုလုယူထားပြီး၊ လိုက်ပါစီးနင်းလာတဲ့ ဒုက္ခသည်ပြည်သူတွေကို ရထားပြတင်းပေါက်ကနေ တွန်းချခဲ့ကြပါတယ်။ အဲ့ဒီလိုတွန်းချခံရသူတွေဟာ နှင်းတောထဲမယ် အေးခဲပြီး သေဆုံးကုန်ကြပါတယ်။

ထိုအယူခံဝင်မှုကိုကြားလိုက်ရတဲ့ ဂျပန်အစိုးရဟာ ချက်ချင်းပဲလှုပ်ရှားခဲ့ပါတယ်။
မိဘမဲ့ကလေးသူငယ်များကယ်ဆယ်ရေးလုပ်ငန်းကို ဂျပန်ကြက်ခြေနီအသင်းထံ တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုမှုကိုလက်ခံခဲ့တဲ့ ဂျပန်ကြက်ခြေနီအသင်းဟာလည်း ဘုတ်အဖွဲ့အစည်းအဝေးကို ချက်ချင်းကျင်းပပြီး ဆွေးနွေးမှုကိုစတင်ခဲ့ပါတယ်။
အဲ့ဒီအချိန်က ဆိုဗီယက်ယူနီယံဟာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အခြေအနေဖြစ်လို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကလည်း လိုအပ်နေပါတယ်။
ဒီအပြင် လူအင်အားနဲ့ ကြီးမားတဲ့ကုန်ကျစားရိတ်တို့အတွက်တောင် ဘတ်ဂျက်ကျလာခဲ့ပါတယ်။
သို့သော်၊ ဂျပန်ကြက်ခြေနီအသင်းဟာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တပ်မတော်နဲ့ရေတပ်ဝန်ကြီးများက ခန့်အပ်ထားတဲ့ ဂျပန်ကြက်ခြေနီအသင်း ဥက္ကဌ Ishiguro Tadanori ဟာ နိုင်ငံခြားရေးဝန်ကြီးထံသို့ ဒီလိုသတင်းစကားပါးလိုက်ပါတယ်။

“ ဒီကိစ္စဟာ သံတမန်ရေးရာနဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပြီး၊ ကယ်ဆယ်ရေးအတွက် လိုအပ်မှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်”

ရက်စက်တယ်လို့ နာမည်ကြီးခဲ့တဲ့ဂျပန်လူမျိုးဟာ သနားခံစာကို လက်ခံခဲ့တယ်။
ဒီအသိအမှတ်ပြုမှုကလည်း Anna ဂျပန်ကိုရောက်လာပြီး ၁၇ ရက်အကြာမှာပဲ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
Anna ဟာ မြန်မြန်ပဲ Vladivostok ကိုပြန်သွားပြီး၊ ဒီသတင်းကောင်းကို အဖွဲ့ဝင်တွေဆီပြောပြခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းကို ၁၉၂၀ ခုနှစ်၊ ဇူလိုင်လ ကနေစပြီး နောက်တစ်နှစ်အထိ ပထမအကြိမ်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့မှာ ပထမဆုံးအဖွဲ့အဖြစ် ကလေးသူငယ်ပေါင်း ၅၇ ယောက်ကိုတင်ဆောင်လာတဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေးသင်္ဘောဟာ ဂျပန်သို့ဆိုက်ရောက်လာခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပြီး၊ အကြိမ်ပေါင်းမှာ ၅ ကြိမ်မျှဖြင့် ကလေးငယ်ပေါင်း ၃၇၅ ဦးနဲ့ လိုက်ပါလာတဲ့ပိုလန်လူမျိုး ၆၅ ဦးကို ဂျပန်သို့ပို့ဆောင်နိုင်ခဲ့ပါတယ်။

သူတို့အားလုံးကို ယနေ့ခေတ်ကျွန်တော်တို့သိတဲ့ Shibuya သို့ရွှေ့ပြောင်းပေးပြီး၊ အားနည်းတဲ့လူတွေကို ကြက်ခြေနီအသင်းသို့ပို့ဆောင်ပေးခဲ့ပါတယ်။
ကျန်းမာတဲ့ကလေးတွေကိုတော့ ဗုဒ္ဓဘာသာ မိဘမဲ့ကျောင်းသို့ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။

ခြံဝန်းထဲမှာ ကစားကွင်းနဲ့ စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်တစ်ခုပါရှိတဲ့ မိဘမဲ့ဂေဟာတစ်ခုဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းဘက်က အခမဲ့လက်ခံပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော် ဆိုက်ဘေးရီးယားနေရာအနှံ့အပြားမှာ မိဘမဲ့ကလေးသူငယ်တွေ ကျန်ရစ်ဆဲပါ။
Anna ဟာ ဒီကိစ္စကို ဂျပန်ကြက်ခြေနီအသင်းထံ အယူခံဝင်ပြီးနောက်တစ်ကြိမ် အသနားခံစာတင်ခဲ့ပါတယ်။

ကြက်ခြေနီအသင်းလည်း ထိုတောင်းဆိုမှုကိုလက်ခံပြီး၊ ကယ်ဆယ်ရေးကိုဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သို့သော် တစ်ဖက်မှာလည်း ဂျပန်စစ်တပ်ဟာ ဆိုက်ဘေးရီးယားကနေဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီ။ ဒါ့ကြောင့် အမြန်ဆုံးစီစဉ်ဖို့လိုအပ်လာပါတယ်။
အရေးပေါ်လှုပ်ရှားမှုကြီးဖြင့် ကလေးငယ်ပေါင်း ၃၉၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါဟာ ၁၉၂၂ ခုနှစ်ရဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
ဒီကလေးတွေကိုတော့ အိုဆာကာသို့ပြောင်းရွှေ့ပေးပြီး၊ သူတို့တွေဟာ ဆေးကုသမှုနဲ့လူသားချင်းစားနာမှုကို ရရှိခဲ့ကြပါတယ်။

ကလေးတွေကိုလက်ခံပေးတဲ့ ဂေဟာဘက်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်မယ်ဆိုပြီး ပြင်ဆင်ပေးခဲ့ကြပါတယ်။
အဲ့ဒီအချိန်ရဲ့ ဂျပန်ဟာ ဥရောပနဲ့အမေရိကန်တို့ထက်သာလွန်တဲ့ စစ်အင်အားကိုရရှိဖို့ အသည်းအသန်ကြိုးစားနေတဲ့ အချိန်ကာလဖြစ်တာကြောင့်၊ သာမန်လူတန်းစားတွေဟာ အတော်လေးဆင်းရဲတဲ့ဘဝကိုရောက်ရှိနေကြပါတယ်။

သို့သော်လည်း ပြည်သူအားလုံးဟာ ကလေးတွေအတွက် မုန့်အချို၊ အရုပ်များ၊ အဝတ်အစားများကို ပြင်ဆင်ပြီးယူလာပေးကြပါတယ်။
Nihonbashi ရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ Geiko (ယခုအခေါ်အဝေါ် Hostess နဲ့နီးစပ်တဲ့အမျိုးသမီး) တွေဟာလည်း တတ်နိုင်တဲ့ဘက်ကနေ 手ぬぐい (ရှေးခေတ်ထုတ်ပိုးရာတွင်သုံးသော ဂျပန်လက်ကိုင်ပုဝါ) တွေကိုယူလာပေးကြပါတယ်။

ကလေးတွေထဲမှာ သိတတ်တဲ့ကလေးတွေက လူမမယ်ကလေးတွေကို ပြန်ပြီးထိန်းကျောင်းပေးကြတယ်။
ဒါကိုမြင်မိသူတိုင်းဟာ မမျှော်လင့်ဘဲ မျက်ရည်ကျမိတယ်လို့ ဆိုကြပါတယ်။

ဒီအပြင် မေးမြန်းဖို့ရောက်လာတဲ့ သတင်းထောက်တွေကို ဒီကလေးတွေအကြောင်း ကမ္ဘာတစ်ဝှမ်းကသိသွားအောင် ဆောင်းပါးကောင်းလေးတစ်ပုဒ်ရေးပေးပါ ဆိုပြီးတောင်းဆိုခဲ့တယ်တဲ့..
ထိုဆောင်းပါးကနေတစ်ဆင့်၊ ဂျပန်တစ်ခွင်ကနေ အလှူငွေတွေနဲ့အတူ ပစ္စည်းတွေ ရောက်လာခဲ့ပါတော့တယ်။

Kagoshima ဘက်မှာ ataxia ဖြစ်နေတဲ့ ကလေးအများစုဟာ ရောဂါအမျိုးမျိုးကူးစက်ခံခဲ့ရပါတယ်။
သူနာပြုတစ်ယောက်ဟာ ဒီစကားကိုပြောခဲ့တယ်။

“ လူမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် မိမိရင်သွေး၊ မောင်၊ ညီမဟာ ရောဂါကြောင့်လဲသွားတဲ့အခါ၊ မိမိကိုယ်တိုင်အနစ်နာခံပြီး အသက်ကယ်ချင်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကလေးတွေမှာတော့ မိဘရော၊ ညီအစ်ကိုမောင်နှမပါ မရှိကြတော့ပါဘူး။ တစ်ယောက်ယောက်က ကိုယ်စားအနစ်နာမခံပေးဘူးဆိုရင် အသက်ကယ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မ ဒီကလေးတွေရဲ့ အမနေရာကနေ ကိုယ်စားအနစ်နာခံမယ်”

ဒီသူနာပြုဆရာမလေးဟာ နေ့ညတောက်လျှောက်ပဲ ကြည့်ရှုရင်း၊
ဒီပြင်းပြတဲ့ မေတ္တာတရားကြောင့်ပဲ ကလေးတွေဟာ တစ်ဖြည်းဖြည်း ပြန်လည်ကျန်းမာလာခဲ့ကြပါတယ်။

သို့သော် ကံမကောင်းစွာဖြင့် Fumi Matsuzawa ဆိုတဲ့ ဒီသူနာပြုမိန်းကလေးဟာ ကလေးတွေရဲ့ရောဂါကို ပြန်လည်ကူးစက်ခံရပြီး သူမအသက် ၂၃ နှစ်မှာပဲ ဆုံးပါးသွားရှာပါတယ်။
ဒါကိုမသိတဲ့ကလေးတွေဟာ Fumi စံကိုလိုက်ရှာခဲ့ကြတယ်လို့ ဆိုပါတယ်။
သေဆုံးကြောင်း သိသွားတဲ့အခါမှာတော့ ကလေးများဟာ ချုံးပွဲချငိုကြပါတော့တယ်။

Fumi မှစ၊ ကျန်းမာရေးဝန်ထမ်းသူနာပြုများစွာရဲ့ကျေးဇူးကြောင့် ပြန်ကျန်းမာလာတဲ့ကလေးတွေကိုတော့ အရင်ဆုံး သာမန်ဘဝကိုပြန်လည်ရောက်ရှိဖို့ ကလေးတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝကို မှန်ကန်တဲ့နည်းလမ်းများဖြင့် ထိန်းသိမ်းပေးသွားကြပါတယ်။

ဒီအပြင် ဂျပန်ဧကရာဇ်ကလည်း ဒီဂေဟာကိုလာရောက်ကြည့်ရှုပြီး၊ ကလေးတွေရဲ့ အခြေအနေကို တိုက်ရိုက်မေးမြန်းခဲ့ပါတယ်။

ကလေးလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။
ဒီကလေးမလေးရဲ့အဖေဟာ ပိုလန်တော်ဝင်မျိုးနွယ်ဖြစ်ပေမဲ့၊ ဆိုက်ဘေးရီးယားမှာ ဆိုဗီယက်စစ်သားတွေ ဖမ်းမိသွားပါတယ်။
ဒါကိုမြင်ခဲ့တဲ့ အမေဖြစ်သူဟာ အဲ့ဒီနေရာမှာပဲ သေတမ်းစာရေးပြီး သတ်သေသွားပါတယ်။
ငယ်ရွယ်သေးတဲ့ ဒီကလေးမလေးဟာ ၄ ရက်ကြာ၊ အခွံမာသီးတွေစားပြီး လျှောက်သွားရင်းကနေ လမ်းမှာသူမကိုတွေ့ရှိကာ ကယ်တင်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီကလေးမလေးကို ဧကရာဇ်ဟာ မျက်ရည်တွေကျလုမတတ်ထိန်းထားရင်းနဲ့ ဒီလိုစကားအစချီခဲ့ပါတယ်။

“ မင်းဟာ တစ်ယောက်တည်းမဟုတ်ဘူးနော်။
မင်းဒီကိုရောက်လာတာဟာ မင်းရဲ့အဖေနဲ့အမေက ကိုယ့်ကိုယ်ကိုယ်အနစ်နာခံပြီး မင်းကိုစောင့်ရှောက်ပေးခဲ့လို့ပဲလေ။
ဒါကြောင့် အသက်ရှင်ဖို့အတွက် ရုန်းကန်သွားရမယ်။
အသက်ကိုတန်ဖိုးထားပြီး၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်လာပါ။
ဒါဟာ မင်းကိုစောင့်ရှောက်ပေးခဲ့တဲ့မိသားစုနဲ့ ဒီဆေးရုံ၊ ဒီဂေဟာမှာရှိတဲ့ လူတွေရဲ့အလိုချင်ဆုံးဆန္ဒပဲ”

နောက်ဆုံးမှာတော့ အမေရိကန်ကိုဖြတ်ပြီး ပိုလန်အထိရေကြောင်းပို့ဆောင်ရေးက လုံခြုံစိတ်ချလာတဲ့အခါ မိဘမဲ့ကလေးတွေဟာ တစ်ဖြည်းဖြည်း ဂျပန်ကနေ ပြန်လည်ထွက်ခွာသွားကြပါတယ်။
“ ဂျပန်မှာနေချင်တယ်၊ ဂျပန်ပဲနေသွားချင်တယ်”
ဆိုပြီး ငိုရင်းနဲ့တောင်းပန်နေတဲ့ ကလေးတွေတောင်အများကြီးရှိခဲ့တယ်လို့ပြောပါတယ်။
သို့သော် ပိုလန်နဲ့ပထမဆုံး ဂတိပြုထားချက်ရှိလို့၊ ဒါကိုခွင့်မပြုခဲ့ခြင်းဖြစ်ပါတယ်။

ကလေးတွေပြန်တဲ့အချိန်မှာ သင်္ဘောပေါ်ကနေ ကျယ်လောင်သောအသံများဖြင့် ကျေးဇူးတင်ကြောင်း တစ်ယောက်တစ်ပေါက်စီပြောနေခဲ့ကြပါတယ်။
ဒီအပြင်ဂျပန်နိုင်ငံတော်သီချင်းဖြစ်တဲ့ “ 君が代” နဲ့အတူ ပိုလန်နိုင်ငံတော်သီချင်းကိုလည်း ဆိုခဲ့ကြပါတယ်။

အိုဆာကာရှိ ကလေးတွေလည်း ဂျပန်ကိုသဘောကျခဲ့ကြပါတယ်။
အားလုံးတိရစ္ဆာန်ဥယျာဉ်ကိုသွားလည်ကြပြီး၊ အထူးခွင့်ပြုချက်ဖြင့် ဆင်လည်းစီးခဲ့ကြပါတယ်။

တစ်ခါတုန်းက ကလေးတွေကိုခေါ်သွားတဲ့ဝန်ထမ်းဟာ မြို့ထဲကိုလမ်းလျှောက်ရင်း စက်ရုံတစ်ရုံနားဖြတ်သွားတဲ့ခါ ထိုစက်ရုံပိုင်ရှင်ထွက်လာပြီး ကလေးတွေအတွက် Zori(ဂျပန်ခြေညှပ်ဖိနပ်) တွေဝယ်ပေးဖို့ဆိုပြီး ပိုက်ဆံထုတ်ပေးခဲ့ပါတယ်။

မိဘတွေနဲ့အတူ ကလေးတွေကိုအားပေးဖို့လာတဲ့ မိန်းကလေးတစ်ယောက်ဟာ ကလေးတွေမှာလဲဝတ်ဖို့ အဝတ်အစားမရှိတာကိုသိသွားပြီး၊ ထိုနေရာမှာတင် သူမဝတ်လာတဲ့အဝတ်ကိုချွတ်၊ ဆံပင်မှာချည်ထားတဲ့ဖဲကြိုးမှအစ ရင်ထိုး၊ ခါးပတ်၊ လက်စွပ်အထိချွတ်ပေးပြီး လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ဒီအပြင် ကလေးတွေရဲ့အဝတ်ကိုပါ လျှော်ပေးခဲ့ပါတယ်။

အသားအရောင်ကဖြူဖြူ၊ ဆံပင်မှာရွှေအိုရောင်၊ မျက်လုံးကအပြာရောင်
အဲ့ဒီလိုနိုင်ငံခြားသားတွေကို တစ်ခါမှတောင်မတွေ့ဖူးတဲ့ ဂျပန်လူမျိုးတွေဟာ၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး အုံအုံကြွကြွဖြင့် မိသားစုဝင်များသဖွယ် လက်ခံကြိုဆိုပေးခဲ့ကြပါတယ်။

၁၉၂၁ ခုနှစ်၊ မတ်လ။
ဆိုဗီယက်ယူနီယံနဲ့ တိုက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ပိုလန်ဟာ လွတ်လပ်ရေးရရှိသွားပါတယ်။
မိဘမဲ့ကလေးများဟာ လွတ်လပ်ရေးရမှ တိုင်းပြည်ပြန်သွားခဲ့တာဖြစ်ပါတယ်။
သို့သော် တိုင်းပြည်ပြန်ရောက်ရင်တောင် ဒီကလေးတွေမှာ ဆွေးမျိုးဆိုတာမရှိတော့ပါဘူး။
ဒီလိုကလေးတွေကို ကြိုဆိုပေးခဲ့တာကတော့ ဂျပန်သို့ကိုယ်တိုင်လာပြီး အသနားခံစာတင်ခဲ့တဲ့ Anna တို့အဖွဲ့ပဲဖြစ်ပါတယ်။
မိဘမဲ့ဂေဟာမှာ ကလေးတွေကိုစုစည်းပြီး၊ ပိုလန်စကားကိုသင်ကြားပေးရင်းနဲ့ “ ဂျပန်နိုင်ငံရဲ့ကျေးဇူးကို မမေ့ပါနဲ့” ဆိုပြီး ဂျပန်မှာသင်ခဲ့ရတဲ့သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။

အရွယ်ရောက်လာတဲ့ကလေးတွေဟာ အုပ်စုလေးတွေဖွဲ့ပြီး၊ ဂျပန်နဲ့ယဉ်ကျေးမှုဖလှယ်ခြင်းကိုနက်ရှိုင်းစေဖို့ ကြိုးစားလာပါတယ်။
လစာထဲကတစ်ချို့ကိုစုပြီး၊ တစ်နေ့ဂျပန်ကိုခရီးသွားမယ် ဆိုပြီးတွေးခဲ့ကြပါတယ်။

ဒါပေမဲ့၊ တိုင်းပြည်ပြန်ရောက်ပြီး ၁၇ နှစ်အကြာ၊ သူတို့တွေဆီမှာ စစ်ပွဲနောက်တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ပိုလန်ကို ဂျာမနီတို့ကျူးကျော်ပြီး၊ အဲ့ဒီတစ်ချိန်တည်းမှာပဲ ဆိုဗီယက်ယူနီယံကလည်း ကျူးကျော်လာခဲ့ပါတယ်။

ပိုလန်ကိုပြန်ရောက်ပြီး ကြီးပြင်းလာတဲ့ကလေးတွေ ပြန်ဦးဆောင်တဲ့မိဘမဲ့ဂေဟာကိုလည်း ဂျာမနီစစ်တပ်တို့ရောက်လာခဲ့ပါတယ်။
ဒါကို ဂျပန်သံရုံးဝန်ထမ်းတစ်ဦးဟာ သိသိချင်းအပြေးအလွှားသွားခဲ့ပြီး “ ဒီကလေးတွေကို ကျွန်တော်တို့ စောင့်ရှောက်ထားတာပါ။ ကဲ၊ကလေးတို့ ဂျာမနီလူမျိုးတွေကို ဂျပန်သီချင်းဆိုပြလိုက်ပါအုံး” ဆိုပြီး ကလေးတွေကိုကာကွယ်ခဲ့ပါတယ်။

ဂျပန်ဟာ ဂျာမနီရဲ့မဟာမိတ်နိုင်ငံပါ။
သံရုံးနဲ့ပတ်သက်ရင် ဂျာမနီစစ်တပ်တို့ မထိရဲပါဘူး။

ပိုလန်ဟာ နောက်ပိုင်းမှာတော့ အမေရိကန်နဲ့အင်္ဂလန်တို့ပါဝင်တဲ့ မဟာမိတ်နိုင်ငံအဖွဲ့ဝင်ဖြစ်သွားပြီး၊ ဂျာမနီနဲ့ ဂျပန်တို့ရဲ့ ရန်သူဖြစ်သွားပါတယ်။
သို့သော်လည်း ဂျပန်နဲ့ပိုလန်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးကတော့ ဆက်လက်ရှိနေပါတယ်။

ဂျပန်စစ်တပ်ရဲ့ ဆွီဒင်နိုင်ငံဆိုင်ရာ စစ်သံမှူးဖြစ်ခဲ့သူ Makoto Onodera ဟာ ပိုလန်ရဲ့ပြန်ကြားရေးအရာရှိကို ဂျာမနီလက်ကနေ ကာကွယ်ဖို့အတွက် ဂျပန်နိုင်ငံကူးလက်မှတ်ကိုပေးပြီး စစ်သံမှူးအခန်းထဲမှာ ဝှက်ထားပေးခဲ့ပါတယ်။

ဒီလိုကာကွယ်ပေးခံရတဲ့ ပြန်ကြားရေးအရာရှိဟာ အဝေးရောက်ပိုလန်အစိုးရအလုပ်ကို လုပ်ကိုင်ပေးရသော်လည်း၊ မဟာမိတ်တပ်များရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို Onodera အားပြောပြခဲ့ပါတယ်။

“ ဂျပန်လည်းပိုလန်လိုပဲ၊ တိုင်းပြည်လုယူခံရမယ့် အန္တရာယ်နဲ့နီးနေပြီ” ဆိုပြီး …

ထို့နောက် စစ်ပွဲပြီးသွားပြီး၊ ခုနှစ်တွေတစ်ဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။
၁၉၉၅ ခုနှစ်၊ Kansai ဒေသကို ပြင်းထန်တဲ့ငလျင်လှုပ်ခပ်သွားပြီး၊ ငလျင်ဘေးသင့် မိဘမဲ့ကလေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပိုလန်ဟာ ထိုငလျင်ဘေးသင့်တဲ့မိဘမဲ့ကလေးတွေကို ပိုလန်သို့ဖိတ်ခေါ်ပြီး၊ နွေးထွေးတဲ့စကားများနဲ့အတူ ကြင်နာစွာကြိုဆိုပေးခဲ့ပါတယ်။

“ ကျွန်တော်တို့ဟာ တစ်ကြိမ်တစ်ခါက ဂျပန်လူမျိုးတွေဆီကရရှိခဲ့တဲ့ နွေးထွေးတဲ့နှလုံးသားကို၊ ယခု၊ ငလျင်ဘေးသင့်ပြီး ကြေကွဲဝမ်းနည်း‌နေတဲ့ ဂျပန်ကလေးတွေသို့ ပြန်ပြောပြချင်တယ်”

ဒီအပြင် ယခင်ကမိဘမဲ့ဖြစ်ခဲ့တဲ့လူ ၈ ဦးဟာ ပိုလန်နိုင်ငံရဲ့မြို့တော် Warsaw ရှိ ဂျပန်သံအမတ်နေအိမ်သို့ ဖိတ်ခေါ်ခံရပါတယ်။

အားလုံးဟာ အသက် ၈၀ ကျော်နေတဲ့ သက်ကြီးပိုင်းတွေဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေအရ သံရုံးနဲ့သံအမတ်နေအိမ်ဟာ ဂျပန်ပိုင်မြေဖြစ်တယ်လို့ သံအမတ်ကရှင်းပြတဲ့အခါ၊ ဒီပုဂ္ဂိုလ်များဟာ မျက်ရည်ကျခဲ့ကြပါတယ်။

“ ကျွန်တော် အသက်ရှင်နေတဲ့အတောအတွင်း ဂျပန်ကိုနောက်တစ်ကြိမ်သွားဖို့ဆိုတာ ခက်ခဲတဲ့အိပ်မက်ပါ။
နောက်ပြီး ဂျပန်လူမျိုးတွေကို တိုက်ရိုက်ကျေးဇူးတင်ချင်ပါတယ်။
ဒီအိမ်မက်ဟာ အကောင်အထည်မပေါ်လာတော့ပါဘူး။
ဒါပေမဲ့ သံအမတ်ကြီးရဲ့နေအိမ်ကို ဖိတ်ခေါ်ပြီး၊ ဒီနေရာက ဂျပန်ပိုင်နယ်လေးတစ်ခုလို့ ကြားတယ်။
ဒီနေရာမှာ ဂျပန်လူမျိုးတွေကို နှစ်ပေါင်းများစွာ ကျေးဇူးတင်ကြောင်းကို ပြောပြခွင့်ရမယ်ဆိုရင်၊ သေဆုံးရင်တောင် စွဲလန်းစရာမကျန်တော့ပါဘူး။”

ဆိုပြီး ပြောခဲ့ပါတယ်။

ဂျပန်နဲ့ပိုလန်ရဲ့ဆက်ဆံရေးဟာ ဆိုက်ဘေးရီးယားက ကလေးတွေကိုကယ်ထုတ်ခဲ့ရာကနေ အစပြုခဲ့ပါတယ်။
ဒီသမိုင်းကို ဂျပန်လူမျိုးအများစုတောင် မသိကြပါဘူး။
သို့သော် ပိုလန်မှာတော့ လက်ရှိချိန်ထိတိုင် အရေးကြီးတဲ့သမိုင်းအဖြစ် လက်ဆင့်ကမ်းပြောပြကြပါတယ်။
တိုင်းပြည်နယ်နိမိတ်နှင့် လူမျိုးရေးရာကိုပါ ကျော်လွန်တဲ့ တန်ဖိုးရှိလှတဲ့ ချစ်ကြည်ရင်းနှီးမှု…
အနာဂတ်မှာလည်း ကမ္ဘာတစ်ဝှမ်းရှိလူတွေနဲ့ ဒီဝမ်းနည်းစရာ၊ဝမ်းသာစရာတွေ ပြည့်နက်နေတဲ့ဆက်ဆံရေးကို နိုင်ငံအားလုံးနဲ့ တည်ဆောက်သွားနိုင်ဖို့ ဆန္ဒပြုပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: