ယာကူဇာတွေ အသက်ရှင်နေထိုင်ဖို့အခွင့်အရေးတွေ ဆုံးရှုံးနေရပြီလား? နေထိုင်ဖို့အဆောက်အအုံတွေ ပိတ်သိမ်းတဲ့အထိလုပ်တာက မလွန်လွန်းဘူးလားနော်?

ဂျပန်နိုင်ငံ လူ့အဖွဲ့အစည်းရဲ့ အမှောင်ဘက်အခြမ်းမှာ အချိန်အတော်ကြာကြာ တည်ရှိနေလာခဲ့တာကတော့ ယာကူဇာတွေ ဖြစ်ပါတယ်။
ယာကူဇာအဖွဲ့အချင်းချင်းဖြစ်တဲ့ ရန်ပွဲမှာ အခြားမသက်ဆိုင်တဲ့အရပ်သားက ကြားညှပ်ပြီး သေဆုံးတာတို့၊ သေနတ်တွေ၊ တရားမဝင်မူးယစ်ဆေးဝါးတွေ ရောင်းဝယ်မှုကြောင့် ဂျပန်နိုင်ငံပြည်သူတွေအကြား စိုးရိမ်မှုဖြစ်ရတာကလည်း ယာကူဇာကြောင့်ပါပဲ။

https://www.pen-online.jp/article/007232.html

သာမန်လူအနေနဲ့ကြည့်မယ်ဆိုရင် ယာကူဇာဆိုတာ ကြောက်စရာလူသားတွေပါ။
အဲ့လူတွေနဲ့ မပတ်သတ်ချင်ဘူး။
ဒါကြောင့် ဂျပန်နိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ပေးပါဆိုတဲ့ ပြောဆိုမှုလည်း ရှိနေပါတယ်။

ယာကူဇာတွေကို လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်တဲ့အဖွဲ့အနေနဲ့ သတ်မှတ်ကြပြီး ကုမ္ပဏီအများစုရဲ့ စာချုပ်မှာ “လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်သောအဖွဲ့များနှင့် သက်ဆိုင်မှုမရှိကြောင်း” ကို ကတိပြုရတဲ့စာလုံးပါဝင်တဲ့အတွက် ယာကူဇာတွေဟာ အလုပ်ရဖို့လည်း ခက်ခဲလာပါတယ်။
လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်တဲ့အဖွဲ့လို့ သတ်မှတ်ခံရရင် အိမ်ငှားတာရော ဘဏ်ကနေ ချေးငွေယူတာတွေပါ မလုပ်နိုင်တော့ပါဘူး။

ပြီးတော့ တိုကျိုဆင်ခြေဖုံးရပ်ကွက်ကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ တိုကျိုဓာတ်ငွေ့ကုမ္ပဏီကလည်း စာချုပ်ချုပ်သူဟာ လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်တဲ့အဖွဲ့လို့ သတ်မှတ်ခံရရင် ဓာတ်ငွေ့ပို့လွှတ်မှုကို ရပ်ဆိုင်းမယ်ဆိုပြီး စာချုပ်အကြောင်းအရာကို ပြင်ဆင်ခဲ့ပါတယ်။
ယာကူဇာတစ်ယောက်ဖြစ်ရင် နေထိုင်မှုဘဝအတွက် လိုအပ်တဲ့ ဓာတ်ငွေ့ကိုတောင် ဖြတ်တောက်ခံရနိုင်ပါတယ်။

ဟုတ်ပါတယ် ယာကူဇာတွေဟာ အသက်ရှင်နေထိုင်ဖို့အခွင့်အရေးတွေကိုတောင် စတင်ဆုံးရှုံးနေရပြီဖြစ်ပါတယ်။

ဒါဆို ယာကူဇာအလုပ်ကို မလုပ်တော့ရင် ရပြီမဟုတ်လား

လို့ တွေးကြမှာဖြစ်ပေမယ့် ယာကူဇာဟောင်းတစ်ယောက်ကို အလုပ်ခန့်အပ်တဲ့ကုမ္ပဏီ ဘယ်နှစ်ခုလောက်ရှိမှာလဲ?
အမျိုးထဲမှာ လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်တဲ့အဖွဲ့ဝင်ရှိရုံနဲ့ အလုပ်မလုပ်နိုင်တာတို့၊ အလုပ်ထုတ်ခံရတာတို့လည်း ရှိနေပါတယ်

ဥပဒေအရဆိုရင် မိသားစုကြောင့် အလုပ်ဖြုတ်လို့မရဘူးဆိုပေမယ့် လက်တွေ့မှာတော့ မတူပါဘူး။
ဒီလိုအခြေအနေမှာ ကာယကံရှင်တောင် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ယာကူဇာဖြစ်ရတာက မကောင်းဘူး

ကျိုးကြောင်းဆီလျော်တဲ့ဆင်ခြေဖြစ်ပေမယ့် ဒါဆို ယာကူဇာဖြစ်လာရင် လုံးဝ ဇာတ်သိမ်းပြီဆိုရင်ရော ဘယ်လိုလဲ?

အတိုင်းထက်ပိုတဲ့ယာကူဇာနှိမ်နင်းမှုက အောင်မြင်မှုရလာပြီး ယာကူဇာ အရေအတွက်ကလည်း လျော့နည်းလာပါတယ်။
အဲ့လိုဆို ဂျပန်နိုင်ငံကြီးက ငြိမ်းချမ်းလာပြီလားလို့မေးရင်တော့ အဖြေက မထူးခြားနားပါဘဲ။

အခုက နိုင်ငံခြားသားမာဖီးယားတွေနဲ့ ဆိုးသွမ်းတဲ့လူငယ်အဖွဲ့တွေ သောင်းကျန်းတဲ့ခေတ်ကို ရောက်နေပါတယ်။
ပြီးတော့ မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရတဲ့သူတွေ လျော့လာပြီလားဆိုရင် အဲ့ဒါတွေလည်း မလျော့လာပါဘူး။
ယာကူဇာတွေလိုမျိုး အဖွဲ့အစည်းမဟုတ်တဲ့အတွက် ဘာမှန်းမသိတဲ့ကြောက်စိတ်က ကြီးထွားလာတယ်လို့ ခံစားရတာက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။

ကျွန်တော် ကလေးအရွယ် လွန်ခဲ့တဲ့ နှစ် ၄၀ က ကျွန်တော်မြို့မှာ ယာကူဇာတွေဟာ ပုံမှန်အတိုင်း နေထိုင်ကြပါတယ်။
အများသုံးရေချိုးခန်းမှာ တတ်ထူးထိုးထားသူလာရင် ကြောက်ခဲ့ပေမယ့် သာမန်လူတွေကို အနှောက်အယှက်မပေးဘဲ ဒီလိုကြောက်စရာလူတွေရှိတဲ့အတွက်ကြောင့်ပဲ ကျွန်တော်တို့ကလေးတွေဟာ အပျော်မလွန်၊ လမ်းမှားမရောက်ခဲ့ပါဘူး။

ယာကူဇာတွေဘက်ကနေ ကာကွယ်ပေးတာတော့ မဟုတ်ပေမယ့် ယာကူဇာတွေမရှိရင်ကောင်းမယ်ဆိုတဲ့ အခုလိုဖြေရှင်းနည်းနဲ့ဆိုရင် ဂျပန်နိုင်ငံက အေးချမ်းသွားမှာလို့ မထင်မိဘဲ သံသယပဲဝင်လာမိပါတယ်။

ယာကူဇာဖြစ်ခဲ့သူတွေရဲ့ ပြန်လည်ထူထောင်ရေးလမ်းစဥ်ကို ဘယ်လိုလုပ်မှာလဲ?
ယာကူဇာတွေကို ရှင်းထုတ်ပြီးတဲ့နောက် ဘယ်လိုကမ္ဘာကြီးဖြစ်လာမလဲ? အဲ့အတွက် အစီအမံကရော ဘယ်လိုလဲ?

ဒီလိုမျိုး မစဥ်းစားဘဲ ယာကူဇာတွေကို အလွယ်လေး ရှင်းထုတ်ပစ်တာက ဂျပန်နိုင်ငံ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များတယ်လို့ထင်ပါတယ်။
စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: