ကားမှတ်တိုင်က အိမ်ခြေရာမဲ့တစ်ယောက်ကိုသတ်သွားတဲ့အမှု ၁ နှစ်ပြည့်ခဲ့ပြီး။ ဂျပန်အမှောင်လောကကို တစ်ကြော့ပြန်ခြင်း
၂၀၂၀ ခုနှစ် ၁၁ လပိုင်း။
ညသန်းခေါင် တိုကျိုရှင်းဂျုခုရပ်ကွက်ရှိ ဘတ်စ်ကားမှတ်တိုင်မှာ အိမ်ခြေရာမဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။
Misako Obayashi ဆိုတဲ့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ထိုအမျိုးသမီးဟာ၊ ဦးခေါင်းရိုက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။
ထိုမှုခင်းကိုညွှန်ပြနေတဲ့အရာက လူသတ်မှုတစ်ခုတည်းတင်မကဘဲ၊ ဂျပန်အမှောင်ထုကိုပါ ကိုယ်စားပြုနေပါတယ်။
Obayashi စံဟာ ၂၀၂၀ ခုနှစ်ရဲ့ နွေဦးအထိ နမူနာအစားအစာတွေကို ရောင်းချတဲ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
စူပါမားကတ် စတဲ့အစားအသောက်ကုန်ပစ္စည်းတွေရောင်းချတဲ့နေရာမှာ ဈေးလာဝယ်တဲ့ဧည့်သည်ကို နမူနာပစ္စည်းကိုစမ်းစားခိုင်းတဲ့အလုပ်ဖြစ်ပါတယ်။ သို့သော် ကိုရိုနာကပ်ဆိုးကြောင့် ကူးစက်မှုကိုကာကွယ်ဖို့အတွက် နမူနာအစားအစာရောင်းချခြင်းဟာ နေရာတော်တော်များများမှာ ရပ်ဆိုင်းလိုက်ရပါတယ်။ ဟုတ်ပါတယ်။ သူမဟာ ကိုရိုနာကပ်ရောဂါကြောင့် အလုပ်ဆုံးရှုံးသွားခဲ့ပါတယ်။
အခြားသူတွေကိုလည်း ဒုက္ခမပေးချင်ဘူးလို့တွေးပြီး ဆွေးမျိုးတွေကိုတောင်အကူအညီမတောင်းဘဲ၊ လမ်းပေါ်နေဘဝ တစ်နည်းအားဖြင့် အိမ်ခြေရာမဲ့တစ်ယောက်အဖြစ် နေထိုင်လာခဲ့ပါတော့တယ်။
ဂျပန်ဟာ မြို့တော်စည်ပင်သာယာလှပရေးဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်ခြေရာမဲ့တွေကို ရှင်းလင်းနေပါတယ်။
ကျွန်တော်ငယ်ဘဝတုန်းက ပန်းခြံတွေနဲ့ ရေကာတာဘောင်အပေါ်တို့မှာ အိမ်ခြေရာမဲ့များစွာနေထိုင်ခဲ့ကြပါတယ်။ သို့သော် တစ်ဖြည်းဖြည်းရှင်းလင်းခံရရင်း သူတို့တွေအတွက် နေစရာနေရာပျောက်ဆုံးလာခဲ့ပါတယ်။
စားဖို့လည်းဘာမှမရှိ…
convenience စတိုးမှာရောင်းချနေတဲ့ အစားအစာတွေဟာ စားသုံးနိုင်တဲ့ရက်သတ်မှတ်ထားပြီး၊ သတ်မှတ်ရက်ကျော်လွန်သွားတာနဲ့ စွန့်ပစ်လိုက်ကြပါတယ်။ အရင်ကတော့ အဲ့ဒီလိုစွန့်ပစ်လိုက်တဲ့ ထမင်းဗူးတွေကို အိမ်ခြေရာမဲ့တွေကိုပေးပြီး၊ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အိမ်ခြေရာမဲ့တွေကလည်း ဆိုင်အရှေ့ကိုသန့်ရှင်းရေးလုပ်ပေးကြတယ်။ ဒီလိုအပြန်အလှန်ကျေးဇူးပြုမှုတွေရှိခဲ့ပေမဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပြဿနာကြောင့် အိမ်ခြေရာမဲ့တွေကို ရှင်းလင်းဖယ်ရှားလာကြပါတယ်။ စွန့်ပစ်ထားတဲ့ထမင်းဗူးတွေကို စားလို့မရတော့အောင်ဆိုပြီး ရေနဲ့ပက်တာမျိုးတွေအထိလုပ်ပါတယ်။ တကယ်တော့ဂျပန်မှာ စွန့်ပစ်ထားတဲ့ စားသောက်ကုန်ပစ္စည်းက တစ်နှစ်ပတ်လုံးအတိုင်းအတာနဲ့ ၆၁၂ တန်အထိထွက်နေတာပါ။
တစ်ဖြည်းဖြည်းပတ်ဝန်းကျင်ဟာ ဆိုးလာတဲ့အိမ်ခြေရာမဲ့တွေအတွက် အေးဆေးစွာနေနိုင်မယ့်နေရာတောင် ပျောက်ဆုံးလာပါတယ်။
ဒီဆောင်းပါးမှာ အဓိကပြောပြချင်တဲ့ပုဂ္ဂိုလ်ကတော့ Obayashi စံအကြောင်းဖြစ်ပါတယ်။ ညနက်သန်းခေါင် ကားတွေမပြေးဆွဲတော့တဲ့နောက် ဘတ်စ်ကားမှတ်တိုင်ရဲ့ခုံတန်းမှာ မနက်မိုးလင်းတဲ့အထိ အိပ်လေ့ရှိခဲ့ပါတယ်။
ဘတ်စ်ကားမပြေးဆွဲတော့တာကြောင့် သူမဟာအများအတွက်အနှောက်အယှက်မဖြစ်ပါဘူး။
သို့သော် တစ်နေ့မှာတော့ Kazuto Yoshida (၄၇ ခုနှစ်) ဆိုသူဟာ သူမရဲ့ဦးခေါင်းကို ကျောက်ခဲထည့်ထားတဲ့အိတ်နဲ့ရိုက်ခွဲခဲ့တာကြောင့်၊ သူမဟာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတော့တယ်။
အဖမ်းခံလိုက်ရတဲ့တရားခံဟာ “ ဘတ်စ်ကားမှတ်တိုင်မှာ လာနေတဲ့အိမ်ခြေရာမဲ့ကို ဖယ်ရှားခြင်းလို့” ဆိုပြီးပြောခဲ့ပါတယ်။ ဘတ်စ်ကားမှတ်တိုင်မှာ မထိုင်ရဆိုတဲ့ဥပဒေလည်းမရှိပါဘူး။ Obayashi ဟာ အားလုံးကိုအနှောက်အယှက်မဖြစ်ရအောင် ညသန်းခေါင်မှပဲ လာအိပ်လေ့ရှိတာဖြစ်ပါတယ်။
ဒီမှုခင်းမှာ၊ အမျိုးသမီးတစ်ယောက်အသတ်ခံလိုက်ရတယ်ဆိုတဲ့ ဝမ်းနည်းစရာသတင်းနဲ့တင် အဆုံးမသတ်သင့်ပါဘူး။ ဒီနေရာမှာတော့ ဂျပန်ရဲ့အမှောင်ထုဟာထင်ရှားနေပါတယ်။
စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်တွေကြပ်တည်းတဲ့လူတွေလည်း များလာတဲ့အထဲမှာ၊ ကိုရိုနာကပ်ရောဂါကြောင့် အခြေအနေပိုပြီးဆိုးလာကြပါတယ်။ ဂျပန်ပြည်တွင်းမှာပိုမိုပိတ်ဆို့လာပြီး၊ အချို့လူတွေဟာ နေစရာနေရာမရှိတဲ့အတွက် ဒေါသအပူမီးတွေထွက်လာကြတယ်။ အဲ့ဒါရဲ့အကျိုးဆက်ကတော့ မိမိထက်အားနည်းတဲ့သူအပေါ် စိတ်လိုက်မာန်ပါလုပ်ပြီး စိတ်ဖြေဖျောက်ခြင်းပဲဖြစ်ပါတယ်။
Obayashi ဟာဘာအပြစ်များလုပ်မိခဲ့လို့လဲ?
ဘာအပြစ်မှမရှိပါဘူး။
သို့သော် ညနက်သန်းခေါင် ကားမှတ်တိုင်မှာအိပ်မိခဲ့တာလေးပဲရှိပါတယ်။
Yoshida ဟာ မိမိထက်အားနည်းသူကို ထိုးနက်ပြီးစိတ်ကိုဖြေဖျောက်ချင်ခဲ့တာ လို့ထင်ပါတယ်။ ကျားမတန်းတူညီမျှပဲမို့လို့ ဒီလိုစကားမျိုးတော့မပြောချင်ပေမဲ့၊ “ ဒါဟာယောကျ်ားတစ်ယောက်လုပ်သင့်တဲ့ လုပ်ရပ်လား” လို့မေးခွန်းထုတ်ချင်ပါတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ခွန်အားသာပေမဲ့၊ အဲ့ဒီခွန်အားဟာ အမျိုးသမီးအပါအဝင်၊ အားနည်းသူကိုစောင့်ရှောက်ဖို့ အသုံးပြုသင့်တဲ့အရာသာဖြစ်ပါတယ်။ ဘာမဆိုင်တဲ့ အားနည်းတဲ့တစ်ဖက်သားကို ခွန်အားသုံးပြီး စိတ်ဖြေဖျောက်ခြင်းဟာ အယုတ်မာဆုံးလုပ်ရပ်တစ်ခုပါပဲ..
ဒီလိုကိစ္စမျိုးက ကျောင်းမှာရော လုပ်ငန်းခွင်မှာပါ ကြုံတွေ့ရတတ်တယ်။
အားနည်းတဲ့လူ၊ လူ့အသိုင်းအဝိုင်းမှာ လူဝင်မဆံ့တဲ့သူတွေကို ပစ်မှတ်ထားပြီး အပြစ်လွှဲချခြင်းဟာ အဆိုးဆုံးလူသားတွေပါပဲ။ အဲ့ဒါထက် ဒီအခြေအနေထိတောင်ရောက်နေပြီဆို လူလို့တောင်ခေါ်ဖို့မထိုက်တန်တော့ဘူးနော်
ဂျပန်ကိုစာနာတရားရှိတဲ့နိုင်ငံလို့ အများကပြောကြပါတယ်။
ဘာကြောင့် ဒီလိုမှုခင်းတွေဖြစ်ရသလဲလို့ဆိုရရင်၊ ဂျပန်ဟာ အသက်ရှင်နေထိုင်ဖို့ခက်ခဲတဲ့ ပတ်ဝန်းကျင်တစ်ခုပဲလို့ ပြောဖူးတဲ့ပညာရှင်တစ်ယောက်ရှိပါတယ်။
ငလျင်၊ ဆူနာမီ၊ မီးတောင်ပေါက်ကွဲခြင်း။ ဒီအပြင် ဆောင်းရာသီရဲ့အေးလွန်းတဲ့ဒဏ်၊ နွေရာသီရဲ့ပူလွန်းတဲ့ဒဏ်
ဂျပန်ရဲ့ သဘာဝတောတောင်ရေမြေဟာလှပပေမဲ့၊ တကယ်တော့ အသက်ရှင်ဖို့အတွက်ခက်ခဲတဲ့ အဝန်းကျင်တစ်ခုဖြစ်နေပါတယ်။ အဲ့ဒီထဲမှာ အာလုံးအတူတကွ လက်တွဲပူးပေါင်းရမယ့်အခြေအနေဖြစ်ပါတယ်။
ဒါကြောင့်ပဲ..ဂျပန်ဘာသာစကားရော၊ ဂျပန်ယဉ်ကျေးမှုမှာပါ မိမိကိုယ်ကိုနှိမ့်ချစွာပြောဆိုပြီး၊ တစ်ဖက်လူကိုတော့ လေးစားစွာပြောဆိုတတ်တဲ့ ယဉ်ကျေးမှုထွန်းကားလာခဲ့ပါတယ်။
ကိုရိုနာကြောင့်ခက်ခဲကြတာ အားလုံးအတူတူပါပဲ..
ဒါဖြင့်အားလုံးရဲ့ အင်အားတွေပေါင်းစည်းပြီး အတူကြိုးစားဖို့လိုအပ်နေတာတောင် လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံတော်အသုံးစရိတ်ကိုဖြုန်းတီးပြီး ကိုယ်ရေးကိုယ်တာအကျိုးစီးပွားကို ရှာဖွေနေကြတယ်။ သူတို့တွေအသုံးချတဲ့လူတွေကလည်း အားနည်းသူက တစ်ဖန်အားနည်းသူကို ပြန်အမြတ်ထုတ်ကြတယ်။
ဒီမှုခင်းဟာ ဂျပန်အမှောင်ထုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဒါကိုမြင်ဖို့အတွက်၊ မကောင်းမှုတွေပေါ်ပေါက်လာခြင်းရဲ့ အကြောင်းရင်းကိုလည်း ရှင်းပြပေးဖို့လိုအပ်ပါတယ်။
Kengo Abe